သတင်း

ဆရာမတစ်ဦး အသတ်ခံရသည့် မတ္တရာတွင် စစ်တပ်က နေအိမ် ၅ လုံး မီးရှို့

ကျောင်းဆရာမတစ်ဦး စစ်တပ်သတင်းပေးဟု စွပ်စွဲ သတ်ဖြတ်ခံရသည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း၊ ကင်းရွာကို စစ်သားများ ထရပ်ကား ၂ စီးဖြင့် သွားရောက်ကာ ယနေ့ (စက်တင်ဘာ ၇) တွင် နေအိမ် ၅ လုံးကို မီးရှို့သွားကြောင်း သိရသည်။ 

ယမန်နေ့ညနေပိုင်းတွင်  လူတစ်စုက ကျောင်းဆရာမတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ပစ်သတ်ပြီး နာရီအနည်းငယ်အကြာတွင် စစ်သားများ ရောက်သွားခြင်း ဖြစ်သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“မနေ့ညနေ နေဝင်ရီတရောမှာပဲ ဖောကားနှစ်စီးနဲ့ ရောက်လာတယ်။ မြောက်ကျောင်း (ဘုန်းကြီးကျောင်း) မှာ ညအိပ်ပြီး မနက်ကျတော့ အိမ်တွေ ရိုက်နှက်ဖျက်ဆီးပြီး ၅ လုံး ရှို့သွားတယ်” ဟု သူက ပြောသည်။

စစ်တပ်က ရွာအတွင်း ဝင်ရောက်လာသဖြင့် ရွာခံအများစုက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ ရွာတွင် ကျန်နေသည့် ဒေသခံအချို့ ဖမ်းဆီးနှိပ်စက်ခံနေရကြောင်း သိရသည်။

ဆရာမကို ပစ်ခတ်သွားသည့် သေနတ်သမားများ မည်သည့်ဒေသမှ ဖြစ်ကြောင်း မသိရသေးပေ။ 

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခြင်းမရှိသည့် ထိုဆရာမမှာ စစ်တပ်အလိုတော်ရိ ဖြစ်ကြောင်း သတင်းရသဖြင့် စောင့်ကြည့်နေချိန် ထိုအမှုဖြစ်ပွားခဲ့သည်ဟု မတ္တရာ ပကဖအဖွဲ့ဝင်က ဆိုသည်။

“ဒီဆရာမက တခြားဒလန်တွေလို ဟိုလိုက်ပြ ဒီလိုက်ပြတော့ မဟုတ်ဘူး။ အိမ်ထဲကနေ ဖုန်းထိုင်ဆက်ပေးနေတာမျိုး၊ လုပ်နေတာကတော့ သေချာတယ်။ အခုက ဘယ်အဖွဲ့က လာပစ်သွားမှန်းလဲ မသိရဘူး” ဟု သူက ပြောသည်။

“တစ်ခုရှိတာက စစ်တပ်က သူတို့အတွက် အရေးကြီးတဲ့ဒလန် ရှင်းခံရရင် ချက်ချင်း အလုံးအရင်းရောက်လာတတ်တာ၊ သူတို့ ချက်ချင်းရောက်လာပြီး ရင်ခွဲရုံကနေကို (ဆရာမအလောင်းကို) ကားကြီးကားသေး အစုံနဲ့ ရွာအထိ လိုက်ပို့ပေးသွားတာ”

ပစ်ခတ်မှုအပြီး အဖမ်းခံရသည့် ကင်းကျေးရွာမှ ဒေသခံများ ပြန်လည်လွတ်မြောက်လာခြင်း ရှိမရှိ မသိရသေးဘဲ၊ ရွာသားများမှာလည်း ဆက်လက် တိမ်းရှောင်နေကြရဆဲဖြစ်သည်။

စစ်တပ်က အိမ်မီးရှို့ရသည့် အကြောင်းရင်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ဧပြီ ၇ ကလည်း ထိုရွာသို့  စစ်ကား ၁၃ စီးဖြင့် စစ်သားများ ရောက်ရှိလာပြီး နောက်တစ်နေ့ ရွာမှ အထွက်တွင် နေအိမ် ၅ လုံးကို မီးရှို့သွားသည်ဟု ဒေသခံတို့က ပြောသည်။ 

သြဂုတ်လအတွင်း သတ်ဖြတ်မှု

ဩဂုတ် ၂၉ ကလည်း ကင်းရွာ၌ ဒလန်ဟု စွပ်စွဲခံရသည့် တောင်ဂေါင်းရွာသူ အသက် ၃၅ နှစ် ဝန်းကျင် မနှင်းစုလှိုင် ဆိုသူ သတ်ဖြတ်ခံရသည်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Mahar Revolution Force (MRF) က ထိုသတ်ဖြတ်မှုမှာ ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။

ဩဂုတ်ဒုတိယပတ်က မတ္တရာမြို့နယ်တွင် အခြေစိုက်ကာ မန္တလေးမြို့တွင် စစ်ဆင်ရေးများ လုပ်ဆောင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) ၁ ဦးတို့ ဖမ်းဆီးခံရသည်။

ထိုအဖမ်းခံရသည့် ကိစ္စနှင့် ဆက်စပ်ကာ ဩဂုတ် ၁၈ မှ စတင်၍ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်နှင့် နယ်မြေဆက်စပ်နေသော မတ္တရာအရှေ့ခြမ်းတွင်ရှိသည့် ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ ဒေသခံ ကာကွယ်ရေးအဖွဲ့စခန်းများကို တောနင်းရှာဖွေနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

မန္တလေး-မိုးကုတ် ကားလမ်းပေါ်တွင် တည်ရှိသော မတ္တရာမြို့နယ် ကျေးရွာများတွင် ရွှေတူးဖော်ရေးလုပ်ငန်းများ ရှိသဖြင့် စစ်ကိုင်းတိုင်းကဲ့သို့သော ဒေသမှ ဒေသခံအများအပြား ရွှေ့ပြောင်း အခြေချနေကြသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button