အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကူတွင် တပ်မ ၈၈ လက်အောက်ခံတပ်ရင်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာ ၆) က စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက် ခံ အမှတ် ၇၇ ခြေမြန်တပ်ရင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံရသည်။ 

ခမရ ၇၇ မှ အင်အား ၇၀ ကျော် စစ်ကြောင်းကို ရွှေကူမြို့နယ် သာယာကုန်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကာ၊ ၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် မြို့လှ-KPDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ မိုင်းဆွဲအတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် သာယာကုန်းရွာမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ပေါင်တွင် ဒဏ်ရာရသည်ဟုလည်း ဆိုသော်လည်း အသေးစိတ်မသိရပေ။

“(နှစ်ဖက်) ပစ်တာခတ်တာ သိပ်မရှိလိုက်ဘူး။ မိုင်းဆွဲတာနဲ့တင် သူတို့က အကျနာသွားတာ။ ပြီးတော့ ပြန်ပစ်တယ်၊ (လက်နက်) အကြီးရော အသေးရော၊ တိုက်ပွဲပြီးတာနဲ့ သာယာကုန်းရွာထဲ ဝင်တာပဲ” ဟု မြို့လှ-KPDF အဖွဲ့ဝင်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုစစ်ကြောင်းက ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ သာယာကုန်းရွာမှ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ယနေ့ (စက်တင်ဘာ ၇) နံနက်ပိုင်းအထိ ရွာတွင် တပ်စွဲထားကြောင်း၊ သာယာကုန်းအပြင် မြစ်အလယ်ရှိ မြိုင်ယာကျွန်း (ဒေသအခေါ်) ပေါ်တွင် နေထိုင်သည့် ဒေသခံများပါ ထွက်ပြေးနေရကြောင်း ၎င်းက ဆက်ပြောသည်။

“ဒေသခံတွေကတော့ ကုန်းပေါ်က တောကြီးထဲမှ သွားရှောင်နေကြရတယ်။ တစ်ရွာလုံးနီးပါးပါပဲ ရှောင်ကြတာက၊ သူတို့ (စစ်ကောင်စီ) ဝင်လာပြီဆိုတာနဲ့ အကုန်ရှောင်ကြရတာပဲ” ဟု မြို့လှ-KPDF အဖွဲ့ဝင်က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်က သာယာကုန်းရွာအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးလိုက်သလို ယနေ့နံနက်အထိ ရွာတွင် တပ်စွဲထားသည့်အတွက် ဒေသခံများ ရွာမပြန်ရဲသေးဟု သိရသည်။

မြို့လှ၊ ရွေကူ စသည့်မြို့များမှာ စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုများ အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း ကသာမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည်။ 

မြို့လှ-KPDF မှာ ဝါရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်မှုအောက်တွင် စစ်ရေးလှုပ်ရှားနေကာ စစ်ကိုင်း-ကချင် နယ်စပ်နှင့် ထိုဒေသအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို သီးခြားအတည်မပြုနိုင်သေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button