သတင်း

မြောက်ဦးမြို့ကို စစ်တပ်က မီးရှို့မည်ဟု သတင်းထွက်နေ၍ ဒေသခံများ ထိတ်လန့်

ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့အတွင်း ယနေ့ (စက်တင်ဘာ ၅) နံနက်တွင် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်လာပြီး နေရာယူတပ်စွဲလိုက်ပြီးနောက် မြို့ကို မီးရှို့မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ထိတ်လန့်နေကြကြောင်း မြို့ခံများက ပြောသည်။ 

နံနက် ၆ နာရီခန့်က စစ်သားများ မြို့အတွင်း ဝင်ရောက်လာပြီး နန်းရာကုန်း၌ တပ်စွဲထားလိုက်ခြင်း ဖြစ်သည်။

“ကားနဲ့ဝင်လာတဲ့အချိန်မှာ ဆီဗူးတွေလို ကားပေါ်ပါလာတယ်လို့ မြင်လိုက်ကြတဲ့လူတွေက ပြောနေကြတယ်။ စျေးကိုလည်း ရေသန့်ဘူးနဲ့ထည့်တဲ့ ဓာတ်ဆီဘူးတွေနဲ့ မီးရှို့မယ်လို့ သတင်းထွက်နေတော့ အားလုံး ကြောက်နေကြတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ 

ထို့နောက် နံနက် ၁၁ နာရီခန့်တွင် မြောက်ဦးမြို့မစျေး ပိတ်လိုက်ပြီး ဆိုင်ခန်းအတွင်းမှ ပစ္စည်းများ ပြောင်းရွှေ့နေကြသည်ဟု ထိုအမျိုးသားက ဆက်ပြောသည်။

“သူတို့ အခု မြို့ထဲမှာရှိနေတယ်။ စျေးအနီးအနားတွေမှာ သွားလာနေကြတယ်လို့ သိရတယ်။ အခု မြို့ထဲမှာ လူသွားလူလာမရှိသလောက် တိတ်ဆိတ်ငြိမ်သက်နေတယ်” ဟု သူက ပြောသည်။ 

မြို့အတွင်း မိုင်းရှိသည်ဟုဆိုကာ မိုင်းရှင်းလင်းရေးလုပ်ဆောင်မည်ဟု စစ်ကောင်စီတပ်က ပြောဆိုမှုများလည်းရှိကြောင်း မြို့ခံအမျိုးသားနောက်တစ်ဦးက ပြောသည်။ 

“မြို့ထဲ မိုင်းရှိတယ်ဆိုပြီး မိုင်းရှင်းလင်းရေးလုပ်မယ်လို့ စစ်သားတွေက ပြောတယ်လို့ သိရတယ်။ ဈေးကိုလည်း ပိတ်ခိုင်းတယ်။ အခု သူတို့က နန်းရာကုန်းမှာ ရှိနေကြတယ်။ ထမင်းချက်စားနေကြတယ်လို့ မြင်တဲ့သူတွေက ပြောတယ်” ဟု သူက ဆိုသည်။

မြောက်ဦးမြို့တောင်ရပ် ရပ်ကွက်၊ ကံလှရပ်ကွက်တို့တွင် ယနေ့ ဝင်ရောက်ရှာဖွေနေပြီး မြို့လယ် နန်းရာကုန်း၌ ထိုစစ်သားများက နေရာယူထားကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ယနေ့ စက်တင်ဘာ ၅ ရက် အခြေအနေကို ပြောပြသည်။ 

“ဒီနေ့က စျေးဆိုင်က စျေးဝန်တွေကို ကိုယ့်အိမ်ကို ကိုယ်ပြောင်းရွှေ့နေကြတယ်။ စျေးကြီးကိုလည်း ပိတ်ထားတယ်။ မြောက်ဦးမြို့အခြေအနေက ဘာဆက်ဖြစ်မလဲ မသိဘူး” ဟု သူက ဆိုသည်။

စစ်ကောင်စီတပ်က မြို့ပေါ်၌ နေရာယူလှုပ်ရှားနေမှုကြောင့် နယ်ဘက်မှ ပုံမှန်အတိုင်း ဈေးလာရောင်းသည့် ဈေးသည်များမှာလည်း ယနေ့ ဈေးရောင်းမလာကြကြောင်း၊ မြို့ခံစျေးသည်အချို့မှာလည်း နံနက်ပိုင်း တစ်ခဏသာ ဆိုင်ဖွင့်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန့်ဖြင့် ပြန်လည်ပိတ်ခိုင်းခဲ့ကြောင်း စျေးသည်များက ဆိုကြသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက် ညအချိန် စစ်ကောင်စီ စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီး မြို့အတွင်း နေရာအချို့ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

“အဲဒီညက ပစ်တာ စည်ပင်ရုံးကို လက်နက်ကြီးကျည်ကျတယ်။ မြို့ကို ပတ်ပြီးတော့ ဖြိုပစ်ပစ်သွားတာ။ ည ၁၁ နာရီလောက်ကနေ ၁ နာရီအထိ မြို့ထဲပတ်ပြီး ပစ်တာပါ။ သူတို့ (စစ်တပ်) က လုပ်ချင်သလို လုပ်နေကြတာ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

မြောက်ဦးမြို့အဝင် ဆိုင်းဘုတ်အား တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

ထို့နောက် စက်တင်ဘာ ၃ နှင့် ၄ တို့တွင် စစ်ကောင်စီတပ်က ညအချိန် မြို့အတွင်း သွားလာမှုများ ပြုလုပ်နေကြောင်း သိရသည်။

စက်တင်ဘာလ ၄ ရက်တွင် မြောက်ဦးမြို့ခံ ကိုကျော်ဇံဝေ (ခေါ်) ကိုရင်ဆို့အပါအဝင် သူ၏ဇနီးနှင့် အစ်မဖြစ်သူတို့ကို စစ်ကောင်စီတပ်က နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။ 

ဇနီးနှင့် အစ်မဖြစ်သူတို့ကို စစ်ကောင်စီတပ်က ခံဝန်ထိုးခိုင်းကာ ညပိုင်း၌ ပြန်လွှတ်ပေးခဲ့သော်လည်း ကိုကျော်ဇံ ဝေ (ခ) ကိုရင်ဆို့ကိုမူ လက်ရှိအချိန်ထိ မလွှတ်ပေးသေးပေ။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်များ နန်းစိုက်ခဲ့ရာမြို့ဖြစ်ပြီး ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရန် ကြိုးပမ်းနေသည်။

စစ်ကောင်စီတပ်သည် မြောက်ဦးကို ဓားစာခံလုပ်နေကြသည်ဟု ရက္ခိုင့်တပ်တော် (AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ Twitter လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ရေးသားထားသည်။

စစ်ကောင်စီက လုပ်နေကျပုံစံအတိုင်း မြောက်ဦးမြို့ကို ဓားစာခံလုပ်ကာ ဆောင်ရွက်နေသည့် လုပ်ရပ်သည် သူရဲဘောကြောင်ကြောင်း၊ တပ်မ ၅၅ တပ်မမှူး၏ တိုက်ရိုက်အမိန့်နှင့် ကွပ်ကဲဆောင်ရွက်သည့် စစ်ဆင်ရေးဖြစ်ကြောင်း ရေးသားထားသည်။

ခြေမြန်တပ်မဌာနချုပ် တမခ ၅၅ သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ်တစ်ခု ဖြစ်သည်။ 

ခြေမြန်တပ်မဌာနချုပ် တမခ များနှင့် စစ်ဒေသကွပ်ကဲမှုဌာနချုပ် စကခ များသည် ကက (ကြည်း) စစ်ဆင်ရေး၏တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး နယ်မြေ ပုံသေမရှိဘဲ ရန်သူ၏အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ 

လက်ရှိ အမှတ် (၅၅) ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း ၁၇၁၄၈၊ ဗိုလ်မှူးချုပ် အေးခိုင် ဖြစ်သည်။

ထိုတပ်မ ၅၅ သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ နိုဝင်ဘာအထိ ရခိုင်မြောက်ပိုင်းတွင် အပြင်းအထန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျောက်တော်မြို့နယ် တင်းမကျေးရွာ၊ တောင်ပေါက် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည့် တပ်မဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် သြဂုတ် ၂၈ ကလည်း မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကို အကြောင်းပြပြီး မြို့အနီးဝန်းကျင်တွင် နေရာယူတပ်စွဲထားသည့် တပ်စခန်း ၆ ခုမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်။ 

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကျည်များမှာ တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် အလှမ်းဝေးပြီး မြို့အနောက်ဘက် ၃ မိုင်ခန့်အကွာ ကင်းဆိပ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။ 

ထို့ကြောင့် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ရွာသား ၃ ဦးသေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် ပညာရောင်ခြည်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာ၊ ကိုရင်တစ်ပါးနှင့် လက်သမားတစ်ဦးကို မစိုးရိမ်ရဒဏ်ရာအနည်းငယ်ရရှိခဲ့ကြသည်။ 

လက်ရှိတွင် အဆိုပါကင်းဆိပ်ကျေးရွာမှ ဒေသခံအားလုံးမှာ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရဆဲဖြစ်သည်။

အာဏာသိမ်းမှုကို လက်မခံသော တစ်နိုင်ငံလုံးအနှံ့မှ လက်နက်ကိုင်ခုခံသူတို့၏ ဒေသရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သလို ယခင် ရခိုင်ဒေသ ၂ နှစ်တာတိုက်ပွဲများအတွင်း ကျေးရွာများ၊ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button