ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာ ၄ နံနက်က ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသည့် ရိုဟင်ဂျာလူငယ် နှစ်ဦးကို ရဲတပ်ရင်းစစ်ဆေးရေးဂိတ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦး အဖမ်းခံရသည်ဟု မြို့ခံများထံမှ သိရသည်။
အသက် ၂၀ ဝန်းကျင်ရှိ ဇော်မိရ်ဟူးဆောင်းနှင့် အခြားလူငယ်တစ်ဦး ဒါးပိုင်ရွာဘက်မှ ပြန်လာစဉ် နံနက် ၇ နာရီခန့်က ဘုမေရပ်ကွက်ရှိ ၃၆ ရဲတပ်ရင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးခံနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရပြီး အသေးစိတ်အခြေအနေ မသိရပေ။
“ဘယ်လိုပစ်သတ်ခံရတယ်ဆိုတာကို အတိအကျမသိရသေးဘူး။ သေနတ်ပစ်ခံရလို့ လူငယ်တစ်ယောက် သေသွားတယ်ဆိုတာလောက်ပဲ သိထားပါတယ်။ သူက ဘယ်သူ့သားသမီးလဲဆိုတာကို မသိရသေးဘူး။ သဲချောင်းဒါးပိုင်ကလို့လည်း ပြောကြတယ်” ဟု ဘုမေရပ်ကွက်မှ ရိုဟင်ဂျာအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါစစ်ဆေးရေးဂိတ်၌ ဆိုင်ကယ်ကို ရပ်တန့်စေကာ ကိုဗစ်အပြင်ထွက်ကတ်ကို စစ်ဆေးပြီးနောက် ဆိုင်ကယ်မောင်းသည့် ဇော်မိရ်ဟူးဆောင်ကို တာဝန်ကျရဲတပ်သားက ပစ်သတ်ခဲ့ပြီး ကျန်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း မျက်မြင်များကို ကိုးကား၍ ၎င်းက ဆက်ပြောသည်။
သေဆုံးသွားသည့်လူငယ်မှာ လိုအပ်သည့် စာရွက်စာတမ်းများကို ထုတ်ပြကာ စစ်ဆေးခံခဲ့ကြောင်း၊ ဗမာစကားနှင့် ရခိုင်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်ကြောင်း ဘုမေကျေးရွာမှ ရိုဟင်ဂျာနောက်တစ်ဦးက ပြောသည်။
“အဲဒီ ၃၆ တပ်ရင်းမှာ တာဝန်ကျနေတဲ့ရဲက ကိုဗစ်စစ်ဆေးထားတဲ့ကတ်၊ အပြင်ထွက်ရင် ယူသွားရတဲ့ကတ်လေ။ အဲဒီကတ်တွေကို စစ်ဆေးဖို့အတွက် ခေါ်တယ်လို့ သိရတယ်။ ခေါ်လို့ သူက အဲဒီကို အစစ်အဆေးခံဖို့ သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောကြတယ်” ဟု ထိုလူက ဆိုသည်။
“အဲဒီသေသွားတဲ့ကောင်လေးက ရခိုင်စကား၊ ဗမာစကား ကောင်းကောင်းမပြောတတ်ဘူး။ မပြောတတ်တော့ ဟို (ရဲ) က မေးတာကို မဖြေနိုင်တာပေါ့။ ဆိုတော့ ပါးစပ်ဝကို သေနတ်ထည့်ပြီးတော့ ခြိမ်းခြောက်တယ်။ အဲဒီလို ဖြစ်တဲ့အချိန်မှာ သူက ဒီမှာ ကျွန်တော့်ကို ဖမ်းထားပြီလို့ အိမ်ကို ဖုန်းဆက်တယ်လို့ သိရတယ်။ ဖုန်းဆက်တဲ့အချိန်မှာ သေနတ်နဲ့ ပစ်လို့ လည်ပင်းနားမှာ ထိသွားတာ” ဟု ဆက်ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် လူငယ်၏ အခြေအနေ မသိရသေးသလို သေဆုံးသွားသည့် ထိုလူငယ်၏ မိသားစုဝင်များကိုလည်း စုံစမ်း၍ မရနိုင်သေးကြောင်း၊ အလောင်းကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
စစ်တွေတက္ကသိုလ်အနီးရှိ အဆိုပါ ရဲတပ်ရင်းစစ်ဆေးရေးဂိတ်၌ တာဝန်ကျရဲဝန်ထမ်းက ခြိမ်းခြောက်၍ ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့သော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်သေးပါ။
သို့ရာတွင် ဒေသအခြေစိုက် DMG သတင်းဌာနတွင် အသက် ၂၀ ဝန်းကျင် ရဲတပ်သားတစ်ဦးက BA- 94 အမျိုးအစား သေနတ်ဖြင့် ထိုလူငယ်ကို ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကို ကိုးကား၍ ဖော်ပြထားသည်။
အထောက်အထားများစစ်ဆေးရာတွင် စကား အချေအတင် ဖြစ်ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးမှတစ်ဆင့် ဖော်ပြထားသည်။
Myanmar Now က ရရှိထားသည့် ဓာတ်ပုံအရ သေဆုံးသွားသည့် ထိုရိုဟင်ဂျာလူငယ်တွင် ဘယ်ဘက်လည်ပင်းအနီး ကျည်ဆန်ဖောက်ဝင်ဒဏ်ရာရရှိကာ မြေကြီးပေါ်တွင် လဲကျသေဆုံးနေသည်ကို တွေ့ရသည်။
“အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့အတွက် လုံခြုံရေးအာမခံချက်မရှိဘူး။ ပစ်ချင်တဲ့အချိန်မှာ ပစ်တယ်။ သတ်ချင်တဲ့အချိန်မှာ သတ်ပစ်လိုက်တယ်။ အဲဒီလိုအခြေအနေပါလေ။ ကျွန်တော်တို့အတွက် အကာအကွယ်ပေးဖို့ လူမရှိဘူးလို့ ခံစားရတယ်” ဟု ရိုဟင်ဂျာလူငယ်တစ်ဦးကလည်း ပြောသည်။
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေအပါအဝင် ဒေသအနှံအပြား၌ ပစ်ခတ်သတ်ဖြတ်မှုများပေါ်ပေါက်နေသလို ဒေသအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေ၍ ဒေသခံအများအပြား ထွက်ပြေးနေရသည်။