အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တော မိုင်တိုင် ၄၀ စခန်း ပြန်ရရေး ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မိုင်တိုင် ၄၀ အနီးရှိ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က စီးနင်းခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာ ၃) နံနက် ၉ နာရီခန့်မှ စတင်၍ ထိုနေရာအနီးတစ်ဝိုက်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

AA က ထိုစခန်းကို ဩဂုတ် ၃၁ တွင် သိမ်းစဉ် စစ်ကောင်စီတပ်မှ ၁၉ ဦး သေဆုံး၊ ဒဏ်ရာရ တပ်ကြပ်တစ်ဦး အရှင်ဖမ်းခံရပြီး လက်နက်ခဲယမ်း အမြောက်အမြား ဆုံးရှုံးသည်ဟု သိရသည်။ 

မြောက်ဦးမြို့နယ်အတွင်း အရပ်သားထိခိုက်သေဆုံးမှုကို လက်တုံ့ပြန်သည့်အနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက် ရယူနိုင်ခဲ့သည်ဟု AA က ဆိုသည်။  

စစ်ကောင်စီတပ်က လေကြောင်းမှ ပြန်တိုက်နေခြင်းဖြစ်သည်ဟု မောင်တော ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ပိုင်းကနေ လေယာဉ်နဲ့ လာပစ်နေတာပါ။ လေယာဉ်က လေးစီး၊ နှစ်စီး ပစ်ပြီးပြန်သွားရင် နောက်နှစ်စီးက လာပြီးပစ်တယ်။ အဲဒီနှစ်စီးပြန်သွားရင် နောက်နှစ်စီးက ပြန်လာပစ်တယ်။ မနားတမ်း ပစ်နေတာပါ” ဟု သူက ယနေ့ နေ့လယ်တွင် Myanmar Now ကို ပြောသည်။

မီးတိုက်၊ သင်္ဘောလှကျေးရွာအနီးရှိ နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၃၇ နှင့် ဝေလာတောင် အနီးဝန်းကျင်မှ မိုင်တိုင် ၄၀ ကြားတစ်လျှောက်ကို တိုက်ခိုက်ရေး ရဟတ်ယာဉ်အသုံးပြု ပစ်ခတ်နေသည်ဟု ၎င်းက ပြောသည်။

“တိုက်ပွဲက ပြင်းပြင်းထန်ထန် ဖြစ်နေကြတာပါ။ လက်နက်ကြီးပစ်ခတ်သံကိုလည်း တစ်ရက်လုံး ကြားနေရတာ”

မိုင်တိုင် ၄၀ စခန်း သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများကို စက်တင်ဘာ ၁ တွင် ထုတ်ပြန်ခဲ့စဉ်။ (ဓာတ်ပုံ- AA Info Desk) 

ဘူးသီးတောင်မြို့နယ်အခြေချ စစ်ဗျူဟာဌာနချုပ် (စကခ) အမှတ် ၁၅ ဘက်မှ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးမှာ ယနေ့ ညနေ ၅ နာရီခန့်က စခန်းသိမ်းခံရသည့် မောင်တောမြောက်ပိုင်းဘက် ဦးတည်ပျံသန်းသွားသည်ကို တွေ့ရကြောင်း ဘူးသီးတောင်  ဒေသခံတစ်ဦးက  ပြောသည်။

“စကခ ၁၅ ကနေ လေယာဉ်တစ်စီး မောင်တောမြို့နယ်ဘက်ကို သွားတာ တွေ့လိုက်ရတယ်။ မောင်တောမြောက်ပိုင်း နယ်စပ်ဘက်မှာ တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်လို့ ကြားပါတယ်။ လက်နက်ကြီးတွေ နေ့ပါ ညပါ ပစ်ခတ်နေတယ်လို့ အဲဒီဘက်က လူတွေက ပြောလို့သိရတယ်”ဟု ထိုဒေသခံက ဆိုသည်။

စစ်ကောင်စီတပ်ကလည်း ထိုစခန်း ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း ၎င်းတို့၏ စက်တင်ဘာ ၂ ရက်ထုတ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox News သတင်းဌာနက စက်တင်ဘာ ၁ ၌ ဖော်ပြထားသည်။

ယင်းရုပ်သံသတင်းတွင် တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်မှုကို မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်ဒေသခံများက မြင်တွေ့လိုက်ရကြောင်း ပါရှိသည်။

ထိုအကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်ခြားစောင့်ရဲတပ်သို့ အသိပေးခဲ့ကြပြီး ဒုဗိုလ်မှူးကြီး ဖိုင်ဂျူရာမန်းက တိုက်ပွဲဖြစ်ပွားရာဒေသ နယ်စပ်ခြံစည်းရိုး BP -22 အနီး တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ထားကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် နယ်စပ်စည်းမျဉ်းကို ကျော်လွန်ပြီး ပစ်ခတ်သဖြင့် နတ်ကျောက်ဆရီ၊ ဂေါင်းဒုံးဒေသတွင် မော်တာကျည်နှစ်လုံး ကျရောက်ခဲ့မှုကြောင့် သြဂုတ် ၂၉ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာဝန်ကြီးဌာနမှ ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ 

ဩဂုတ်နောက်ဆုံးပတ်မှစတင်ကာ တိုက်ပွဲများ ပိုပြင်းထန်လာပြီး စစ်တပ်က ဩဂုတ် ၂၇ မှ စတင်၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ 

ဩဂုတ် ၂၈ က စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ရွာမှ ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး သေဆုံးကာ  အနည်းဆုံး ၉ ဦးခန့် ဒဏ်ရာရခဲ့သည်။

Related Articles

Back to top button