သတင်း

စစ်လေယာဉ်နှစ်စီး ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကို ပစ်ခတ်

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ နယ်စပ်ခြံစည်းရိုးအနီးကို စစ်ကောင်စီတပ် တိုက်လေယာဉ် ၂ စီးက ယမန်နေ့ (သြဂုတ် ၃၀) မွန်းတည့်ချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) က ပိတ်ဆို့ထားသဖြင့် မိုင်တိုင်အမှတ် ၃၈ နှင့် ၄၁ ကြား၌ စစ်ကောင်စီစစ်ကြောင်း တစ်ခု ပိတ်မိနေသည့်အတွက် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က စစ်ကြောင်းတစ်ခု အဲဒီဘက်မှာ ပိတ်မိနေတယ်လို့ ကြားတယ်။ အဲဒါကြောင့် တိုက်လေယာဉ်နှစ်စီးနဲ့ လာတိုက်တာ ဖြစ်မှာပေါ့” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

“လေယာဉ်နဲ့ ပစ်နေတာကို မြင်နေရတယ်။ နာရီဝက်နီးပါလောက် ပစ်ပြီးတော့ ကျည်ကုန်သွားလို့လား မသိဘူး။ အခု ပြန်သွားပါပြီ“ 

သြဂုတ် ၂၆ မှ အစပြုပြီး  AA က ခမောင်းဆိပ်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းကို ဝင်ရောက် တိုက်ခိုက်နေကြောင်း၊ တိုက်ပြီးနောက်တစ်နေ့မှ အစပြုကာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ နေ့စဉ်သုံးနေကြောင်း သိရသည်။

ရခိုင်မြောက်ပိုင်း စစ်ကောင်စီအခြေစိုက်စခန်းများမှလည်း ထိုတိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

“လက်နက်ကြီးအသံတွေက တောက်လျှောက်ပစ်နေတာကို ကြားနေရတယ်။ စက်သေနတ်တွေနဲ့ အော်တိုပစ်နေတာကို ဆက်တိုက်ကြားနေရတယ်။ လေယာဉ်က နေ့တိုင်းလာနေတာ တွေ့ရတယ်။ ဒီနေ့တော့ လက်ပံတောင်ကြောတစ်လျှောက်ကို ပစ်နေတယ်” ဟု သူက ဆိုသည်။ 

မောင်တောမြောက်ပိုင်း ဒေသခံများမှာလည်း ထိတ်လန့်ဖွယ် လက်နက်ကြီးပစ်သံများ၊ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ရင်ဆိုင်နေရသည်။

မောင်တောမြို့ပေါ်နှင့် မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် အဓိကလမ်းမကြီးတစ်ခုသာရှိပြီး ထိုလမ်းမကြီးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသောကြောင့် ဒေသခံများ အခက်တွေ့နေရသည်။

“လမ်းက တစ်လမ်းတည်းရှိတာဆိုတော့ စားရေးသောက်ရေး၊ နေရေးထိုင်‌ရေးကြောင့် ယာယီသဘောမျိုး တစ်နေရာကို ရှောင်မယ်ဆိုပြန်တော့လည်း ကြိမ်ချောင်းဂိတ်က ပိတ်ထားတော့ သွားလို့မရဘူးလေ။ တိုက်ပွဲက တစ်ရက်ထက် တစ်ရက် ပြင်းထန်နေတာဆိုတော့ ဒီကလူတွေက အကုန်လုံးကြောက်နေကြရတယ်” ဟု ကြိမ်ချောင်းအထက်ပိုင်းမှ ကျေးရွာသားတစ်ဦးက ပြောသည်။

ဖုန်းလိုင်းပြတ်တောက်မှု

တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းတွင် သြဂုတ် ၂၉ မှစ၍ ဆက်သွယ်ရေးဖုန်းလိုင်းများ မကြာခဏ ပြတ်တောက်နေကြောင်း ကြိမ်ချောင်းဒေသခံ အမျိုးသားက ဆိုသည်။

“မနေ့ (ဩဂုတ် ၃၀) ကလည်း ဖုန်းလိုင်းတွေ ရတစ်ချက်၊ မရတစ်ချက် အဲဒီလိုဖြစ်နေတာ။ ဒီနေ့လည်း အဲဒီလိုပဲ ခဏနေရင် လိုင်းမမိတော့ဘူး၊ ခဏနေရင် ပြန်ရတယ်လို ဖြစ်နေတယ်။ လိုင်းက မငြိမ်ဘူး။ စစ်တပ်က အင်အားတိုးတယ်လို့လည်း ကြားတယ်” ဟု သူက ပြောသည်။

“သူတို့က အင်အားတိုးချပြီး လေယာဉ်တွေနဲ့ တိုက်ခိုက်နေတာဆိုတော့ ဆက်သွယ်ရေးလိုင်းတွေကို တမင် မတည်မငြိမ်ဖြစ်အောင် လုပ်နေတာလားလို့ သံသယဝင်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက အဲဒီလိုမဖြစ်ပါဘူး။ အခုက ခဏနေရင် လိုင်းက ပျောက်ပျောက်သွားတယ်”

ဖုန်းခေါ်ဆိုရာတွင် အသံ ရှင်းရှင်းလင်းလင်းမကြားရဘဲ ပြတ်တောက်ပြတ်တောက် ဖြစ်နေကြောင်း မောင်တောမြို့ခံနောက်တစ်ဦးက ပြောသည်။

စစ်တပ်က ဖုန်းလိုင်းများကို စောင့်ကြည့်နားထောင်နေခြင်းများကြောင့် ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်သည်။

“စစ်တပ်က အရင်တုန်းကလည်း ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေဖြတ်ပြီး အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တာ ရှိတယ်။ ဒီနေ့လည်း ဖုန်းလိုင်းတွေကို စောင့်ကြည့်ဖြတ်ထားတယ်လို့ ထင်ပါတယ်။ ဖုန်းခေါ်ရင် ဝင်တယ်။ ဒါပေမဲ့ ဖုန်းပြောလို့ လုံးဝမရဘူး။ ဒါလည်း လူ့အခွင့်အ‌‌ရေးချိုးဖောက်မှုပါပဲ”ဟု ထိုမြို့ခံက ဩဂုတ် ၃၀ က ပြောသည်။

ဗျူဟာကုန်းအနီး ပရဟိတစာသင်ကျောင်းမီးလောင်  

တိုက်ခိုက်ခံခဲ့ရသည့် ခမောင်းဆိပ်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာအနီးရှိ ဗောဓိအလင်းပရဟိတစာသင်ကျောင်းဆောင်နှင့် အဆောက်အအုံတချို့ သြဂုတ် ၃၀ နံနက်တွင် မီးလောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

ဗောဓိအလင်းပညာ‌‌ရေးဖောင်ဒေးရှင်းသည် ခမောင်းဆိပ်ဘုန်းတော်ကြီးကျောင်းအတွင်း ဖွင့်ထားသည့် ကျောင်း ဖြစ်သည်။ 

“မီးလောင်သွားတာ ဟုတ်ပါတယ်။ အဲဒီဘုန်းတော်ကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ပရဟိတ စာသင်ကျောင်းမှာရှိတဲ့ ကျောင်းသားတွေနေတဲ့အ‌ဆောင်ကို အဲဒီဗျူဟာကုန်းက စစ်သားတွေက မီးရှို့လိုက်တာ ပြောနေကြတယ်” ဟု စစ်ရှောင်နေရသော ခမောင်းဆိပ်မှ ဒေသခံတစ်ဦးက ပြောသည်။

“ဒီကျောင်းနဲ့ ဗျူဟာနဲ့က သိပ်မဝေးပါဘူး။ နီးနီးလေး သူတို့က လက်နက်ကြီးပစ်လို့ လောင်သွားတဲ့သဘော ရှိတယ်”

အဆိုပါနေရာမှသူများအားလုံး တိမ်းရှောင်နေကြသဖြင့် Myanmar Now က ဆက်သွယ်မေးမြန်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ နံနက်က ထိုနေရာဘက်မှ မီးတောက်များနှင့် မီးခိုးလိပ်များထွက်နေသည်ကို တစ်မိုင်ခန့်အကွာမှ မြင်တွေ့ခဲ့ရကြောင်း မျက်မြင်တစ်ဦးကို ကိုးကား၍ ဒေသအခြေစိုက် DMG သတင်းဌာနက ရေးသား ဖော်ပြထားသည်။

စာသင်ကျောင်းမှ အဆောင်တချို့ မီးလောင်သွားသည်မှာ ဟုတ်မှန်ကြောင်း ထိုနေရာမှ တစ်မိုင်ခန့် အကွာတွင်ရှိသော မင်းခမောင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

“မီးလောင်သွားတာတော့ ဟုတ်ပါတယ်။ ဘာကြောင့်လောင်သွားတယ်ဆိုတာကို အတိအကျ မပြောနိုင်ဘူး။ တိုက်ပွဲဖြစ်လို့ လက်နက်ကြီးကျလို့ လောင်တာလား။ လေယာဉ်နဲ့ ပစ်တဲ့အချိန်မှာ ကျပြီး လောင်တာလားဆိုတာ အတိအကျပြောဖို့ခက်ပါတယ်”ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button