မေးမြန်းခန်း

စစ်အစိုးရ စီးပွားရေးချည့်နဲ့သွားရေး အမေရိကန် ဦးဆောင်သင့်

မြန်မာစစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ဆိုးရွားသောအကျပ်အတည်းထဲ ကျရောက်ခဲ့သည်မှာ တစ်နှစ်ခွဲရောက်ရှိလာချိန်တွင် နိုင်ငံတကာ၏ တုံ့ပြန်မှုမှာလည်း သိသိသာသာ အသံတိတ်သွားခဲ့သည်။ ကုလသမဂ္ဂ၊ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များနှင့် တရုတ်တို့သည် လက်ရှိ ဖြစ်ပေါ်နေသော အကျပ်အတည်းကပ်ဆိုးကြီးကို ဖြေရှင်းရာတွင် တိုက်ရိုက် ဦးဆောင်ပါဝင်လာရမည့်အစား အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ကိုသာ ဖြေရှင်းရန် ဦးဆောင်စေခဲ့သည်။ 

သို့ရာတွင် အနီးကပ်စောင့်ကြည့်လေ့လာသူအများစုက အာဆီယံ၏ တစ်ခုတည်းသော ပဏာမခြေလှမ်းဖြစ်သည့် “တူညီဆန္ဒ ၅ ရပ်” သည် ပြီးခဲ့သောနှစ် ဧပြီလတွင် စတင်ရေးဆွဲစဉ်ကတည်းက ရေနစ်သေဆုံးသွားခဲ့ပြီဟု ဆိုကြသည်။

ဤချဉ်းကပ်မှု၏ ကန့်သတ်ချက်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပိုမိုတက်ကြွသော ရပ်တည်ပေးရန် ပျက်ကွက်ခြင်း စသည့် အကြောင်းအရာများကို ပိုမိုလေ့လာရန် Myanmar Now သည် အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လုံခြုံရေးပြဿနာများကို အထူးပြုလေ့လာလျက်ရှိသော အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ National War College မှ ပါမောက္ခ Zachary Abuza နှင့် မကြာသေးမီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဤအင်တာဗျူးတွင် ပါမောက္ခ Abuza က ၎င်းတို့ကိုယ်ကိုယ် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ (SAC) ဟု ခေါ်ဝေါ်သုံးနှုန်းသော စစ်အစိုးရ၊ ယမန်နှစ် အာဏာသိမ်းမှုမှ ဖြုတ်ချခံရသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှ ဖွဲ့စည်းထားသော အရပ်သား အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ထိတွေ့ဆက်ဆံရေး ကြိုးပမ်းအားထုတ်မှု မအောင်မြင်ခြင်းများကို ဆွေးနွေးထားသည်။ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ရန် ၎င်းတို့၏ ရေရှည်မှန်းချက် အောင်မြင်ရန် ကြိုးပမ်းမှုများအတွက် NUG မှ ထောက်ခံမှုရယူနိုင်သည့် နည်းလမ်းများကိုလည်း ပါမောက္ခ Abuza က ထောက်ပြထားပါသည်။

မေး – မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုအနေဖြင့် အာဆီယံ၏ တူညီဆန္ဒ ၅ ရပ်အပေါ် ဘယ်လို အကဲဖြတ်ချင်ပါသလဲ။  

ဖြေ – SAC နဲ့ ထိတွေ့ဆက်ဆံဖို့ တူညီဆန္ဒ ၅ ရပ်ကို အခြေခံအုတ်မြစ်အဖြစ် ခွင့်ပြုခဲ့ခြင်းက နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေအပေါ် တာဝန်ပျက်ကွက်ခဲ့တာ အလွန်ရှင်းပါတယ်။ အဲဒီ အချက် ၅ ချက် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ နိုင်ငံတကာအသိုက်အဝန်းက အာဆီယံ၏ ဦးဆောင်မှုနောက်ကို လိုက်ဖို့ သဘောတူခဲ့တာပါ။ ဒါဟာ အလွန်ဆိုးရွာတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ SAC ဟာ 5PC ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်မရှိဘဲ သဘောတူခဲ့လို့ပါ။ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွေဟာ အရှိန်လျော့လာပြီး၊ NUG ကလည်း စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ခံနိုင်မှာမဟုတ်ဘူး၊ အဲဒီတော့ တူညီဆန္ဒ ၅ ရပ်ထဲက တချို့ကို အကောင်အထည်ဖော်ပြလိုက်ရင် အာဆီယံကိုလည်း ကျေနပ်သွားစေလိမ့်မယ်လို့ SAC ယူဆခဲ့ပုံရပါတယ်။

အလားတူပဲ အာဏာသိမ်းမှုလည်း ဖြစ်ပြီးသွားပြီ၊ ပြည်သူတွေလည်း ဖြစ်လာတဲ့ အခြေအနေကို လက်ခံလိုက်ကြပြီး ဗိုလ်နေမြဲ ကျားနေမြဲ နေထိုင်ကြလိမ့်မယ်လို့ အာဆီယံက တွက်ဆချက်ခဲ့မှာပါပဲ။ အဲဒီလို ဖြစ်မလာတဲ့အခါ အာဆီယံဟာ အထူးသဖြင့် ယခုနှစ် ကမ္ဘောဒီးယားရဲ့ ဦးဆောင်မှုအောက်မှာ အစဉ်အလာအတိုင်း ဝင်ရောက် မစွက်ဖက်ရေးနဲ့ အားလုံးသဘောတူဆုံးဖြတ်ချက်ချခြင်းတို့ကိုပင် နောက်ဆုံး အသုံးပြုကြလိမ့်မယ်လို့ စစ်ကောင်စီက ယူဆခဲ့ပါတယ်။ 

မေး – မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံမှာ အမှန်တကယ် အာဏာရှိပါရဲ့လား။ မရှိဘူးဆိုရင် နိုင်ငံတကာအသိုက်အဝန်းက ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ အာဆီယံကို လွှဲထားရသလဲ။

ဖြေ – အာဆီယံဟာ မြန်မာအကျပ်အတည်းကို ဖြေရှင်းဖို့ အာဏာ လုံးဝမရှိပါဘူး။ အာဆီယံရဲ့ အားလုံးသဘောတူမှု အခြေခံပေါ်က ဆုံးဖြတ်ချက်ချခြင်း၊ အလှည့်ကျ ခေါင်းဆောင်မှု၊ ဝင်ရောက်မစွက်ဖက်ခြင်းဆိုတဲ့ ခိုင်မာတဲ့ မူဝါဒတွေကြောင့် အာဆီယံဟာ အားနည်းပြီး ထိရောက်မှုမရှိတဲ့ အဖွဲ့အစည်းအဖြစ် ဆက်ပြီး ရှိနေပါတယ်။ စင်္ကာပူဟာ ပြောင်းလဲလာပေမဲ့ ဘယ်နိုင်ငံကမှ စစ်ကောင်စီအပေါ် ဘဏ္ဍာရေးအရ အရေးယူတာမျိုး မလုပ်ပါဘူး။ 

ဒီလိုပြောလို့ အာဆီယံဟာ လုံးလုံးလျားလျား မထိရောက်ဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ 5PC ကို အကောင်အထည်ဖော်ရာမှာ စစ်ကောင်စီဟာ သတ်မှတ်ချက်များ ပြည့်မီအောင် မလုပ်ဆောင်ခဲ့ဖူးဆိုတဲ့ အာဆီယံရဲ့ တွေ့ရှိချက်ကနေ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပေးခဲ့တာဟာ တကယ် ကြီးမားတဲ့ ငြင်းပယ်မှုတခုဆိုတာ သတိရဖို့ လိုပါတယ်။ ဒါပေမဲ့ လုံးဝ အရှက်ကင်းမဲ့ပြီး သူတစ်ဦးတည်း အထီးကျန် ရှေ့ဆက်လျှောက်ဖို့ ဆန္ဒရှိနေတယ် ဆိုတဲ့ အချက်ကနေ စစ်ကောင်စီကလည်း အကျိုးအမြတ်ရခဲ့ပါတယ်။

အမေရိကန်၊ အီးယူ၊ ဂျပန်နဲ့ အခြားနိုင်ငံတွေ ပါဝင်တဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း အာဆီယံပြဿနာကို အာဆီယံကပဲ ဦးဆောင်ဖြေရှင်းခွင့်ကို ဝမ်းမြောက်ဝမ်းသာ ခွင့်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အာဆီယံရဲ့ ဦးဆောင် ဖြေရှင်းမှု မအောင်မြင်တဲ့အခါ၊ ဒီလိုဖြစ်လာဖို့ သေချာသလောက်နီးနီး ဖြစ်နေချိန်မှာ နိုင်ငံတကာအသိုက်အဝန်းမှာ အခြားမူဝါဒ အမှန်တကယ် မရှိခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံတကာရဲ့ တုံ့ပြန်မှုဟာ အားနည်းပြီး တကွဲတပြားစီ ဖြစ်နေပါတယ်။

မေး – ဒါဆိုရင် မြန်မာ့အရေးဟာ နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်လာပါက အဖွဲ့ဝင် နိုင်ငံတစ်ခုအား အရေးယူရန် အခွင့်အာဏာရှိသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ကိုင်တွယ်သင့်ပါသလား။

ဖြေ – UNSC က သင့်လျော်တဲ့ အဖွဲ့အစည်းလို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ UNSC မှာပါ တဲ့ ရုရှားနှင့် တရုတ်တို့က လက်နက်ရောင်းချမှု တားမြစ်ရေးအပါအဝင် မင်းအောင်လှိုင်ရဲ့ အာဏာရှင် စစ်ကောင်စီကို ဘယ်လိုအရေးယူမှုမှ လုပ်လို့မရအောင် သူတို့ရဲ့ ဗီတိုအာဏာကို သုံးပါလိမ့်မယ်။  

မေး – မြန်မာ့နွေဦးတော်လှန်ရေးဟာ အာဏာမသိမ်းမီအခြေအနေသို့ ပြန်သွားဖို့မဟုတ်ဘဲ မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ဆန္ဒကို ထင်ဟပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် ထူထောင်ရေးဆီကို ဦးတည်သွားတာ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက NUG ရဲ့ ကြိုးစားအားထုတ်နေမှုကို အသိအမှတ်ပြုဖို့ အတော်ကြီး ပျက်ကွက်နေတယ်လို့ ထင်ပါသလား။

ဖြေ – NUG ဟာ စတင်တည်ထောင်ချိန်ကစလို့ စစ်ဖြစ်နေတဲ့ နိုင်ငံအတွက် တခုတည်းသော အလားအလာရှိပြီး ရှင်းလင်းတဲ့ အနာဂတ်နိုင်ငံရေးလမ်းကြောင်းတစ်ခုကို ချမှတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွက်တစ်ခုတည်းသော အလားအလာရှိတဲ့ အဖြေက နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ ဒါက ပြည်သူတွေရဲ့ ရှင်းလင်းပြတ်သားတဲ့ ဆန္ဒ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီရည်မှန်းချက်ဆီ ရောက်ဖို့ NUG ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကိုလည်း လျှော့မတွက်စေချင်ပါဘူး။ ဒါပေမဲ့ ဒါဟာ ငြိမ်းချမ်းရေးနှင့် လူသားလုံခြုံရေးကို အတိုင်းအတာတစ်ခုအထိ ရရှိနိုင်ဖို့ ယခင်က တင်ပြခဲ့တဲ့ ဖြေရှင်းချက်တွေထက် ပိုမိုသာလွန်တဲ့ အပြုသဘောဆောင်တဲ့ မျှော်မှန်းချက်တစ်ခုပါ။

SAC ရဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ မျှော်မှန်းချက်က ဗိုလ်ချုပ်တွေကလွဲပြီး ဘယ်သူမှ မလိုလားတဲ့ နှစ် ၆၀ ဆုတ်ယုတ်မှု ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ မြန်မာ့အနာဂတ် မျှော်မှန်းချက်က (၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံမှာ အကောင်အထည်ဖော်လာတဲ့ ပုံစံအပေါ် အခြေခံပြုထားတဲ့) စစ်တပ်က ထိန်းချုပ်တဲ့ နိုင်ငံရေးစနစ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ EROs တွေအကြား သွေးခွဲအုပ်ချုပ်မှုကို ဆက်လက်ကျင့်သုံးပြီး၊ နိုင်ငံကို တစ်စုတစ်စည်းတည်းဖြစ်အောင် ထိန်းသိမ်းဖို့၊ နိုင်ငံရေးမှာ စစ်တပ်ပါဝင်ရမယ်ဆို့တဲ့ တရားထူထောင်ဖို့ လုံလောက်တဲ့ စစ်ပွဲတွေ ဆက်လက်ရှိနေဖို့ပါပဲ။   

မြန်မာနိုင်ငံအတွက် ပြဿနာတစ်ရပ်ကတော့ တိုင်းပြည်က ရှုပ်ထွေးလွန်းတာကြောင့် အမေရိကန်နဲ့ တခြားသူတွေက ပါဝင်ပတ်သက်မှုမျိုးမလုပ်ဖို့ အကြောင်းပြချက်တစ်ခု ဖြစ်လာတယ်လို့ ကျနော်ထင်ပါတယ်။ ဥပမာ နယ်စပ်ဒေသရှိ လူနည်းစုတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုတည်း ရှိရန်မှာ မလွယ်ကူပါဘူး။ အမြဲလိုလို များပြားတဲ့ ပါဝင်ပတ်သက်သူတွေနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့ အကျိုးစီးပွားတွေနဲ့ မျှော်မြင်ချက်တွေ ရှိနေပါတယ်။  

အထူးသဖြင့် ERO တွေနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ မူဝါဒကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်။ အမေရိကန်ရဲ့ အသိအမှတ်မပြုမှု မူဝါဒဟာ အဓိကအားဖြင့် ရှမ်းပြည်နယ်မှ အချို့လက်နက်ကိုင်အဖွဲ့တွေဟာ တရားမဝင် မူးယစ်ဆေးဝါး အမြောက်အမြား ထုတ်လုပ် ရောင်းဝယ်ဖောက်ကားနေတာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတဲ့ အချက်အပေါ် အခြေခံထားပါတယ်။ ဒါကလည်း ERO အားလုံး မဟုတ်ကြပါဘူး။ ကံမကောင်းစွာပဲ အခြေအနေတွေက ရှုပ်ထွေးပြီး ပြောင်းလဲနေတာကြောင့် အမေရိကန်နဲ့ အခြားနိုင်ငံတွေ ရှာဖွေခဲ့တဲ့ အလွယ်ကူဆုံးနည်းလမ်းက သူတို့နဲ့ ထိတွေ့ဆက်ဆံမှု မလုပ်တာပါပဲ။ ဒါဟာ လုံးဝ အမြင်ကျဉ်းမြောင်းတာပါပဲ၊ ဘာလို့လဲဆိုတော့ EROs တွေဟာ နွေဦးတော်လှန်ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပြီး၊ စစ်ကောင်စီအလွန် မြန်မာနိုင်ငံမှာ ၎င်းတို့အတွက် နေရာတစ်ခု ရှိရပါလိမ့်မယ်။

မေး – အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်တွေက NUG ကို မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ဖြစ်ရေး ဘာကြောင့် တွန့်ဆုတ်နေကြတာပါလဲ။

ဖြေ – ဒီကိစ္စက ကျနော့်ကို အကြီးအကျယ် စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ NUG ဟာ မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်ဖြစ်ပြီး၊ SAC ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရထံမှ အာဏာကို တရားမဝင် သိမ်းပိုက်ထားကြောင်း အမေရိကန် အစိုးရက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ဟာ အခြားနိုင်ငံတွေထက် SAC ကို ပိုမိုအရေးယူဆောင်ရွက်မှုတွေ လုပ်ခဲ့ပေမယ့် NUG ကို တရားဝင် အသိအမှတ် မပြု သေးပါဘူး။ အမေရိကန်က NUG ကို အဆင့်မြင့် ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပါတယ်၊ ဒါပေမယ် သံတမန်ရေး အရ တရားဝင် အသိအမှတ်ပြုမှု မပြုလုပ်တာကိုတော့ ဆက်ပြီး ထိန်းထားဆဲပါ။

ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်အရတော့ အမေရိကန်အနေနဲ့ ချက်ချင်းလုပ်နိုင်တာ၊ လုပ်သင့်တဲ့အရာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအရာတွေထဲမှာ NUG ကို တရားဝင် အသိအမှတ်ပြုခြင်း ပါဝင်ပါတယ်။ SAC ဟာ လက်ရှိပုံစံနဲ့ အကျပ်အတည်းကို စေ့စပ်ညှိနှိုင်းဖြေရှင်းမှုတခု ရှာဖွေဖို့ စိတ်ဝင်စားမှုရှိတယ်လို့ ထင်တာဟာ ရယ်စရာကောင်း သည်။ ဒါဆို ကျနော်တို့က သံတမန်အဆင့်မှာ သူတို့ကို ဘာကြောင့် ဆက်ပြီး ဆက်ဆံနေရသလဲ ဆိုတာကို မေးခွန်း ထုတ်ရလိမ့်မယ်။

အမေရိကန်က မြန်မာ ပိုင်ဆိုင်တဲ့ ဒေါ်လာ ၁ ဘီလီယံကို ပိတ်ဆို့ထားတယ်။ NUG ကို သူတို့ရဲ့ ဗဟိုဘဏ်ရဲ့ အခြေခံ အဖြစ် အဲ့ဒီငွေကြေးကို ချေးငှားခွင့် ဒါမှမဟုတ် သုံးစွဲခွင့်ကို အမေရိကန်က ခွင့်ပြုသင့်ပါတယ်။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အဓိကဘဏ်အချို့ အပါအဝင် စစ်ကောင်စီရဲ့ ဘဏ္ဍာရေး အသက်သွေးကြောတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုအသစ်တခုကို အမေရိကန်က ချမှတ်သင့်ပါတယ်။ စီးပွားရေးဟာ အမှန်တကယ်ပဲ စစ်ကောင်စီရဲ့ ပျော့ကွက်ဖြစ်ပြီး၊ အမေရိကန်ဟာ စီးပွားရေးအရ စစ်ကောင်စီ ချိနဲ့လာဖို့ စုပေါင်းကြိုးပမ်းမှုကို ဦးဆောင်ရ ပါလိမ့်မယ်။  

NUG ကို အမေရိကန်က လက်နက်ခဲယမ်း အကူအညီပေးဖို့ လူအများက တောင်းဆိုနေပေမယ့် ဖြစ်နိုင်ချေ အလွန် နည်းပါး ပါတယ်။ ဒါဟာ တရားမျှတတယ်လို့ ကျနော့် ပုဂ္ဂလိကသဘောအရ ထင်မြင်ပေမယ့် ဒီလိုတောင်းဆိုတာ ဟာ မြန်မာပြည်သူတွေအပေါ် မှားယွင်းတဲ့ မျှော်လင့်ချက်တွေ ဖြစ်ပေါ်စေ နိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်က ပံ့ပိုးနိုင်တဲ့ ပံ့ပိုးပေးသင့်တဲ့ လက်နက်ခဲယမ်းမဟုတ်တဲ့ အကူအညီတွေ အများကြီး ကျန်ပါသေးတယ်။ ဝမ်းနည်းစရာ ကောင်းတာက၊ အဲဒီဆုံးဖြတ်ချက်တွေချဖို့နဲ့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ တည် ဆောက်ဖို့ အမေရိကန်ခေါင်းဆောင်ပိုင်းရဲ့ ထိပ်တန်းအဆင့် ထိတွေ့ဆက်ဆံမှုတွေကို ကျနော် မမြင်မိသေးပါဘူး။ စိတ်မကောင်းစရာက ယခုအချိန်ထိ အမေရိကန်ရဲ့ မူဝါဒ အများစုကို ကွန်ဂရက်လွှတ်တော်ရဲ့ ဥပဒေတခုဖြစ်တဲ့ 2022 National Defense Authorization Act (NDAA) အရပဲ လုပ်ဆောင်နေတာပါ။ 2023 NDAA က Biden အစိုးရ အပေါ် ကွန်ဂရက်လွှတ်တော်က ပိုပြီးသြဇာသုံးလာလိမ့်မယ်လို့ မြင်နိုင်ပါတယ်။

မေး – ယူကရိန်းစစ်ပွဲက ဆွဲဆောင်နိုင်ခဲ့တဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ လက်တွေ့ကျတဲ့ ပံ့ပိုးကူညီမှုမျိုး ရရှိဖို့ မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ခံသူတွေက ဘာတွေလုပ်နိုင်ပါသလဲ။  

ဖြေ – မြန်မာဟာ ပြည်တွင်းပြဿနာဖြစ်ပြီး၊ နျူကလီးယားလက်နက်စွဲကိုင်ထားသော ဆိုးသွမ်းသော နိုင်ငံ တခုက ဥရောပနိုင်ငံများ၏လုံခြုံရေးကို ခြိမ်းခြောက်နေသလိုမျိုး နိုင်ငံတကာဥပဒေနှင့် စည်းမျဥ်းအခြေခံ စနစ်ကို ခြိမ်းခြောက်မှုအဆင့်ထိ ဘယ်တော့မှ မရောက်နိုင်ပါဘူး။ အာရုံစိုက်မှုနည်းနေတဲ့ နိုင်ငံတကာ အသိုက် အဝန်းရဲ့ အမြင်မှာ ၎င်းတို့ရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ NUG ခေါင်းဆောင်မှုက လုပ်ဆောင်နိုင်တာ များများစားစား ရှိလိမ့်မယ်လို့ ကျနော်တော့ မထင်ပါဘူး။ ဒါပေမယ့် သူတို့ မျှော်လင့်ချက် မဆုံးရှုံးသင့်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ အာဏာ သိမ်းပြီး ၁၈ လကျော်ကြာပြီးနောက်မှာ SAC ဟာ အောင်ပွဲခံဖို့ လမ်းကြောင်း မရှိလို့ပါပဲ။

ဆိုတော့ NUG ခေါင်းဆောင်ပိုင်း လုပ်ဆောင်ရမယ့်အရာတွေ ရှိပါတယ်။ ပထအချက်က ၎င်းတို့ရရှိထားတဲ့အရာတွေ ကို ခိုင်မာအောင်လုပ်ပါ။ ERO တွေနဲ့အတူ NUG က နိုင်ငံရဲ့ ၄၅ မှ ၅၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။ NUG ဟာ အရပ်ဘက်အုပ်ချုပ်ရေးကိုမြှင့်တင်ဖို့နဲ့ NUG ဟာ ဒီမိုကရက်တစ် ဖက်ဒရယ် သမ္မတနိုင်ငံတခု တည်ဆောက်ဖို့ အလားအလာရှိသော အခြားရွေးချယ်စရာ တခုဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်ပါတယ်။  

ဒုတိယအချက်က စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေကို စစ်ရေးအရ ထိုးစစ်ဆင်မှုဟာ အများမျှော်လင့်ထားတာထက် ပိုမို ကောင်းမွန်လာပြီ၊ စစ်ကောင်စီ စစ်အင်အားများ တဖြည်းဖြည်း ယိုယွင်းလာနေပါပြီ။ တချိန်ထဲမှာပဲ SAC ရဲ့ အဓိက အားနည်းချက်က စီးပွားရေးကို စီမံခန့်ခွဲတဲ့ အရည်အချင်း လုံးဝမပြည့်မီခြင်း ဖြစ်ပါတယ်။ စစ်ကောင်စီဟာ စီးပွား ရေး ပြိုလဲတဲ့အထိ တွန်းပို့ခဲ့ပြီ ဖြစ်ပါတယ်။ NUG ဟာ စစ်ကောင်စီ ဒေဝါလီခံသွားသည့်အထိ ဘက်စုံ စီးပွားရေး ထိုးစစ်ကို စတင်ရမှာ ဖြစ်ပါတယ်။

တတိယအချက်က ကိုဂျင်မီ၊ ဖြိုးဇေယျာသော်နဲ့ အခြားနှစ်ဦးကို ကွပ်မျက်လိုက်တဲ့အပေါ် အာဆီယံအတွင်း ဒေါသထွက်မှုအပေါ်မှာ NUG က တည်ဆောက်ဖို့ လိုပါတယ်။ အာဆီယံဟာ ၎င်းတို့ရဲ့  မူလနေရာဆီ ပြန်သွားဖို့ ခွင့်မပြုနိုင် ပါဘူး။ မြန်မာဒုက္ခသည်ဦးရေ များပြားလာခြင်းနဲ့ တရားမဝင် မူးယစ်ဆေးဝါး ပြဿနာအပေါ် အာဆီယံအစိုးရများ အတွင်း ပြောင်းလဲလာနေတဲ့ သဘောထားနဲ့ ကြီးထွားလာနေတဲ့ မသက်မသာဖြစ်မှုတွေကနေ NUG က အခွင့် ကောင်း ယူရမှာ ဖြစ်ပါတယ်။  

နောက်ဆုံးအချက်က လောဘရမ္မက်ကြီးတဲ့၊ အကျင့်ပျက်ခြစားတဲ့၊ ရက်စက်ကြမ်းကြုတ်ပြီး အရည်အချင်းမရှိတဲ့ SAC နဲ့ ၎င်းတို့ဟာ ဆန့်ကျင်ဖက်အဖြစ် NUG ဟာ ဆက်ပြီး နှိုင်းယှဥ်ထုတ်ဖော်ပြသ ရပါလိမ့်မယ်။ NUG အစိုးရဟာ ဒီမိုကရေစီစံနှုန်းများ၊ ပွင့်လင်းမြင်သာမှု၊ အရည်အချင်းပြည့်ဝမှုနဲ့ ပြည်သူ့ဝန်ဆောင်မှုအတွက် သံဓိဌာန်ပြုထားတဲ့ ကျင့်ဝတ်သိက္ခာရှိတဲ့ ခေါင်းဆောင်မှုကို တန်ဖိုးထားတဲ့ အစိုးရဖြစ်ကြောင်း ဆက်လက်ပြသရပါလိမ့်မယ်။ NUG ဟာ ယနေ့အထိ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံအတွက် ၎င်းတို့ရဲ့ အပြုသဘောဆောင်ပြီး တိုးတက်တဲ့ မျှော်မှန်းချက်ကို ဆက်လည်တည်ဆောက် ကြိုးပမ်ရမှာ ဖြစ်ပါတယ်။  

ဤတွေဆုံမေးမြန်းခန်းတွင် ဖော်ပြခဲ့သော အမြင်များသည် ပါမောက္ခ Zachary Abuza တဦးတည်း၏ အမြင်များ ဖြစ်ပြီး အမျိုးသားစစ်တက္ကသိုလ် (National War College) ၊ အမေရီကန် ကာကွယ်ရေးဌာန (the United States Department of Defense) သို့မဟုတ် အမေရိကန်အစိုးရ (the Government of United States) ၏ ထင်မြင်ယူဆ ချက်များကို ထင်ဟပ်ခြင်း မရှိပါ။

(ဩဂုတ်လ ၁၀ ရက်နေ့က မြန်မာနောင်း၏ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော ပါမောက္ခ Zachary Abuza နှင့် တွေ့ဆုံမေးမြန်းခန်း ‘The US must lead a concerted effort to cripple the junta economically’ ကိုခွန်းချိုအောင်မှ ဆီလျော်စွာ ဘာသာပြန်ထားခြင်းဖြစ်သည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button