သတင်း

ရခိုင်မြောက်ပိုင်း မောင်တောတွင် လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်နေသော ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယနေ့ (ဩဂုတ် ၂၇) နံနက်ပိုင်းက လက်နက်ကြီး တစ်လုံးကျရောက်ပေါက်ကွဲရာ အမျိုးသမီးတစ်ဦး သေဆုံးသွားသည်။

မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုကားလမ်းဘေးရှိ မင်းကြီးရွာကို ယနေ့ နံနက် ၉ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ဒေါ်မေသာစိန် ဖြစ်သည်ဟု သိရသည်။ 

ရွာအတွင်း ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်မှာ စစ်ကောင်စီ တပ်စွဲထားသည့် ကြိမ်ချောင်းဘက်မှ ပစ်သည်ဟု ဒေသခံတို့က ယူဆသည်။

“သူက အိမ်ဘေးက ထင်းထားတဲ့နေရာက ထင်းယူနေတဲ့အချိန်မှာ သူ့အနားကပ်ပြီး ကျကွဲတော့ အဲဒီနေရာမှာပဲ ဆုံးသွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အိမ်ခြေ ၈၀၊ လူဦးရေ ၃၀၀ ကျော်နေထိုင်သည့် မင်းကြီးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲမဖြစ်သော်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လုံခြုံရေးစိုးရိမ်သည့် ရွာသူရွာသားများ ဘုန်းတော်ကြီးကျောင်းတွင် စုဝေးနေထိုင်နေရသည်ဟု အခြားဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းကို မောင်တောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်နေသည်ဟု ယနေ့ မွန်းလွဲပိုင်းတွင် ၎င်းက ပြောသည်။

“အခုအလောင်းကို ဆေးရုံကို ယူသွားဖို့အတွက် မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးက ကရုဏာကွန်ရက် ပရဟိတအသင်းက ကားကို လွှတ်ပေးမယ်လို့ ပြောပါတယ်” ဟု ထိုအမျိုးသားက ပြောသည်။

မင်းကြီးကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ရန်အောင်ပြင်ရွာအနီးသို့လည်း စစ်တပ်က ပစ်သည့် လက်နက်ကြီးကျသည်ဟု ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုအဲဒီရွာက လူတွေက ဘုန်းကြီးကျောင်းမှာဘဲ စုနေကြတယ်လို့ သိရပါတယ်။ ရွာတွေကို လက်နက်ကြီးကျည်တွေ ထပ်ပြီးကျကွဲမှာကို ကြောက်နေရတယ်” ဟု ရန်အောင်ပြင်ရွာသားက ပြောသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာတွင် တိုက်ပွဲများ ငြိမ်သက်နေသည့် ရခိုင်ပြည်နယ်အတွင်း စစ်ရိပ်သန်းလာနေပြီး ယမန်နေ့ (ဩဂုတ် ၂၆ ရက်) ကပင် ခမောင်းဆိပ်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းကို AA က ၁ နာရီနီးပါးကြာအောင် တိုက်ခိုက်သည်။

ထိုနေ့ ညနေပိုင်းတွင် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးရှိ မင်းခမောင်းကျေးရွာသို့ ဝင်ရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းအပါအဝင် ရွာသား ဆယ်ဦးကို ဖမ်းဆီးကာ ခမောင်းဆိပ်ဗျူဟာကုန်းသို့ ခေါ်သွားကြောင်း သိရသည်။

“မနေ့က ဖမ်းတာက အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားဆယ်ယောက်ပါ။ သူတို့ကို လူသားဒိုင်းကာအဖြစ် ခေါ်သွားတာပါ။ ည ၁၀ နာရီလောက်မှာတော့ ဖမ်းသွားတဲ့အထဲက သုံးယောက် ထွက်ပြေးလွတ်မြောက်လာတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ သတင်းရင်းမြစ် နောက်ထပ်တစ်ဦးက ပြောသည်။

ကျန် ၇ ဦးမှာ ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မည်သည့်နေရာတွင် ထိန်းသိမ်းထာရသည်ကို မသိရသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု ၎င်းက ဆိုသည်။

ထိုနေရာတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း၊ တိုက်ပွဲ အချိန်မရွေးဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ အကြား တိုက်ပွဲများ မကြာခဏဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button