
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို သြဂုတ် ၂၆ မွန်းလွဲပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် နယ်ခြားစောင့်ရဲနှင့် စစ်တပ်တို့ ပူးပေါင်းအထိုင်ချထားသည့် ခမောင်းဆိပ်ဗျူဟာကို ဝင်တိုက်ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထွက်ပြေးလာသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် ခမောင်းဆိပ် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အပါအဝင် ထိုကျောင်းမှ ကျောင်းသား/သူများနှင့် ဒေသခံများသည် အနီးနားရှိ သစ်တုံးနားခွဆုံရွာနှင့် ရေနောက်ငါးသားကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်ဟု သူက ဆက်ပြောသည်။
“ပြေးလားတဲ့အချိန်မှာ ကိုယ်မှာ ဝတ်ထားတဲ့ အဝတ်အစားလောက်ပဲ ပါတယ်။ ကျန်တာ ဘာမှ မယူခဲ့ရဘူး။ အားလုံး ထားခဲ့ရတာ။ ခမောင်းဆိပ်မှာက မြိုနဲ့ ဒိုင်နက်လူမျိုးတွေ အများစုနေကြတာ။ အခု မြိုလူမျိုးတွေက သစ်တုံးနားခွဆုံမှာ၊ ကျွန်တော်တို့ ဒိုင်းနက်လူမျိုးတွေက ရေနောက်ငါးသားရွာကို ပြေးလာကြရတယ်” ဟု သူက ပြောသည်။
“ခမောင်းဆိပ်ဗျူဟာကို AA က ဝင်တိုက်နေတာလို့ သိရတယ်။ ပထမတော့ လက်နက်ကြီးအသံတွေ တော်တော် ကြားလိုက်ရတယ်။ ကျွန်တော်တို့နဲ့က နီးနီးကပ်ကပ်ပါ အဲဒီဗျူဟာနဲ့ အနီးကပ်ဖြစ်တာဆိုတော့ အခု အဲဒီခမောင်းဆိပ်မှာ ဘယ်သူမှ မရှိတော့ဘူး။ အားလုံး ပြေးကုန်ပါပြီ”
တိုက်ပွဲကြောင့် ခမောင်းဆိပ်မြို့မှ ဒေသခံ ၂၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရခြင်းဖြစ်ပြီး အခြေအနေမှာ ဆက်လက် တင်းမာနေဆဲဖြစ်သည်ဟု သိရသည်။
အလားတူ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည် မင်းခမောင်းကျေးရွာအနီး ယနေ့ ညနေ ၆ နာရီခန့် တွင် ရောက်ရှိလာကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။
“ခမောင်းဆိပ်မှာက တစ်နာရီနီးပါးလောက်ပဲ ဖြစ်ခဲ့ကြတာ။ အခုက ငြိမ်သွားပါပြီ။ နန်းရာကိုင်းရွာဘက်မှာရှိတဲ့ စစ်ကြောင်းက အခု အဲဒီဘက်ကို သွားနေတယ်လို့ သိရတယ်။ မင်းခမောင်းရွာနားက လမ်းမပေါ်မှာ ဟိုပစ်ဒီပစ် လုပ်နေတယ်လို့ သိရတယ်” ဟု သူက ယနေ့ ညနေပိုင်း ၆ နာရီခန့်က ပြောသည်။
အိမ်ခြေ ၁၀၀ ကျော်ရှိသည့် အဆိုပါမင်းခမောင်းကျေးရွာသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် ခမောင်းဆိပ်နှင့် မိုင်ဝက်ခန့်သာ ဝေးသည်။
ထိုစစ်ကြောင်းသည် မင်းခမောင်းရွာအတွင်း ဝင်ရောက်၍ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများကို ခေါ်ယူ စစ်ဆေးပြီးနောက် ရွာသား ၁၂ ဦးကို ဓားစာခံအဖြစ် ဖမ်းကာ ည ၉ နာရီဝန်းကျင်ခန့်တွင် ခမောင်းဆိပ်ဘက်သို့ ထွက်ခွာသွားသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။
“ရွာကလူတွေက အားလုံးကြောက်နေကြတယ်လို့ သိရတယ်” ဟု သူက ဆိုသည်။
ဓားစာခံ မင်းခမောင်းကျေးရွာသားများ၏ နာမည်နှင့် အရေအတွက်ကို Myanmar Now က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကြောင်းထဲတွင် ဓားစာခံများ ရှိနေသဖြင့် တိုက်ခိုက်ခံရမှုမှ ကင်းဝေးနိုင်မည် ဖြစ်သည်။
ရွာသားများကို အကာအကွယ်ယူထားသည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

အင်အားနည်းသွားသော ခမောင်းဆိပ်ဗျူဟာ
မောင်တောမြို့နှင့် ၄၈ မိုင်ခန့်ဝေးသော မြောက်ပိုင်းအစွန်အဆုံး နယ်စပ်ခြံစည်းရိုးအနီးက ဘော်ဒါးလာ(ခေါ်) အင်တူလ္လာကျေးရွာသို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးပေါ်ရှိ ခမောင်းဆိပ်မြို့သည် မောင်တောနှင့် ၃၈ မိုင်ခန့် ဝေးပြီး မြို့နယ်ခွဲအဆင့်ဖြစ်သည်။
ထိုကားလမ်းမကြီးနှင့် ကပ်လျက်ရှိသော တောင်ကုန်းတစ်ခုပေါ်တွင် နယ်ခြားစောင့်ရဲတပ်စခန်းတစ်ခုနှင့် စစ်တပ်ဗျူဟာတစ်ခုတို့တွဲလျက် အထိုင်ချထားခြင်းဖြစ်ပြီး အင်အား ၁၀၀ ဝန်းကျင်ရှိသည်။
လွန်ခဲ့သည့် နှစ်လခန့်က ထိုဗျူဟာကုန်းမှ စစ်သားများမှာ ကြိမ်ချောင်းဗျူဟာသို့ ဆုတ်ခွာသွားခဲ့ကြပြီး ယခုအခါ နယ်ခြားစောင့်ရဲ အင်အား ၅၀ ခန့်သာ ရှိတော့ကြောင်း သိရသည်။
“အခုက အသွင်ပြောင်းထားတဲ့ နယ်ခြားစောင့်တွေပဲ ရှိတယ်။ စစ်သားတွေက အကုန်ကြိမ်ချောင်းဗျူဟာကို ရောက်သွားကြပြီ။ ပြီးခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကနေ သွားကြတာ“ ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
အရှေ့ခမောင်းဆိပ်၊ အနောက်ခမောင်းဆိပ်၊ အစံဘော်၊ မီးကျောင်းချောင်း၊ ရဲဘောက်ကျာနှင့် တိုင်းဘင်္ဂါ စသည့် ကျေးရွာများကို စုပေါင်းပြီး မြို့ပေါ်ရပ်ကွက် ၅ ခုဖြင့် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ခမောင်းဆိပ်မြို့အဖြစ် သတ်မှတ်ခဲ့သည်။
မောင်တောမြို့နယ်တွင် တောင်ပြိုလက်ဝဲမြို့၊ ခမောင်းဆိပ်မြို့ နှင့် မြင်းလွှတ်မြို့ဟူ၍ မြို့နယ်ခွဲ သုံးခုအနက် အဆိုပါခမောင်းဆိပ်မြို့အနီးဝန်းကျင်တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ လူနေအိမ် ၇၀ ခန့်နှင့် စျေးဆိုင်တချို့သာရှိသည်။
မောင်တောမြို့နယ်မြောက်ပိုင်းရှိ နယ်စပ်ခြံစည်းရုံးမိုင်တိုင် ၃၇၊ ၃၈ အနီးဝန်းကျင်တွင် သြဂုတ် ၂၅ နံနက်ပိုင်းမှစ၍ ညနေ ၄ နာရီအထိ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် နယ်စပ်ခြံစည်းရိုးအနီးဝန်းကျင်မှ စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့က တစ်နေကုန်ဖြစ်တာ။ လက်နက်ကြီးကွဲသံတွေက မြေကြီးတောင်တုန်တယ်လို့ အဲဒီဘက်ကလူတွေက ပြောကြတယ်။ မနေ့က တိုက်ပွဲက မနက်ကနေ တစ်နေကုန်ဖြစ်တာ (ညနေ) ၄ နာရီလောက်မှာ ရပ်သွားတာတောင် စစ်တပ်က လက်နက်ကြီးတွေနဲ့ တအားပစ်နေသေးတာ” ဟု ထိုသတင်းရင်းမြစ်က ဆက်ပြောသည်။
“ဝေလာတောင်ဘက်မှာရှိတဲ့ စခန်းတစ်ခုကိုလည်း AA က သိမ်းလိုက်တယ်လို့ သတင်းထွက်နေတယ်။ ဟုတ်မဟုတ်တော့ အတိအကျမပြောနိုင်ဘူး။ နယ်စပ်ခြံစည်းရုံးတစ်လျှောက်မှာတော့ နေတိုင်းလိုလို တိုက်ပွဲဖြစ်နေကြတာကို ကြားနေရတယ်” ဟု ထိုသူက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၈ က စစ်ကောင်စီတပ်သည် ကြိမ်ချောင်းဗျူဟာနှင့် ၃ မိုင်အကွာတွင် နယ်ခြားစောင့်ရဲကား တိုက်ခိုက်ခံရပြီး လူ ၁၄ ဦးနှင့် လက်နက်အများအပြား ဆုံးရှုံးလိုက်ရပြီးနောက် ခမောင်းဆိပ်ဗျူဟာမှ လူ ၅၀ ခန့်ကို ကြိမ်ချောင်းသို့ ဖြည့်ထားချိန် အင်အားနည်းနေသော ခမောင်းဆိပ်ဗျူဟာ တိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ကြိမ်ချောင်းဗျုဟာသည် ဘူးသီးတောင်မြို့နယ်ရှိ စစ်ဒေသကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ လက်အောက်ခံ ဗျူဟာတစ်ခုဖြစ်ပြီး ယခင်က AA နှင့် တိုက်ပွဲများပြင်းထန်စဉ်က ဒေါင်းမာန်ဟုန်စစ်ဆင်ရေးအမည်ဖြင့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)