သတင်း

ဖောင်းပြင်မှ ပျူစောထီးရွာများကို PDF ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ပျူစောထီး ကျေးရွာနှစ်ရွာကို ဩဂုတ် ၂၄ တွင် ဝင်တိုက်ရာ  နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။  

နံနက် ၄ နာရီခွဲခန့်က မြို့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ ဟာပါကျေးရွာအတွင်း တိုက်ခိုက်မှုတွင် ပျူစောထီးအဖွဲ့ဝင် ၅ ဦး သေဆုံးကာ သေနတ်တစ်လက် ရခဲ့သည်ဟု ဖောင်းပြင်-PDF အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ဇေက ပြောသည်။ 

အလစ်အငိုက် ရယူတိုက်ခိုက်နိုင်သည့်အတွက် ပျူစောထီးများ သေဆုံးမှု များခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး လည်း တိုက်ပွဲတွင် ကျဆုံးခဲ့သည်ဟု ဆိုသည်။

“တော်တော်ကြာပစ်ပြီးတဲ့အချိန်မှာ၊ ကိုယ့်ဘက်က အကျမရှိသေးဘူး၊ (သေနတ်) တစ်လက်လည်း ရထားပြီးပြီ၊ ပြန် ဆုတ်တဲ့အချိန်မှာ ရဲဘော်တစ်ယောက်က ဆက်ပစ်နေခဲ့တာ၊ အဲဒီမှာ ကျသွားတယ်” ဟု ကိုအောင်ဇေက ပြောသည်။

ကျဆုံးသည့်ရဲဘော်မှာ အသက် ၂၀ အရွယ်ဖြစ်ပြီး ၎င်းကိုင်ဆောင်ထားသည့် သေနတ် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

တစ်ချိန်တည်းလိုလိုတွင်  မြို့တောင်ဘက် ၃ မိုင်ခန့်အကွာရှိ မန်လီရွာမှ ပျူစောထီးများကိုလည်း ပကဖ နှင့် ဖောင်းပြင်-PDF ပူးပေါင် တိုက်ခိုက်ခဲ့သည်ဟု   သိရသည်။

မန်လီတွင် ပျူစောထီးအင်အား ၄၀ ခန့်ရှိပြီး ရင်ဆိုင်တိုက်ပွဲဖြစ်ပွားစဉ် ပျူစောထီးများ နေရာယူထားသည့် နေအိမ် ထဲသို့ M 79 ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း၊  စစ်သား ၅ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရသည်ဟု သိရကြောင်း PDF က ပြောသည်။

“ဒဏ်ရာရတဲ့တစ်ယောက်လည်း စိုးရိမ်ရတယ်ပြောရမယ်။ လက်ပစ်ဗုံးစက အဆုတ်ကို သွားထိထားတယ်လို့ ယူဆရတယ်” ဟု ကိုအောင်ဇေက ပြောသည်။

တစ်နာရီခန့်ကြာ တိုက်ပွဲတွင်  ပူးပေါင်းတပ်ဘက်မှလည်း   တစ်ဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအပြီး နံနက် ၆ နာရီခန့်မှစတင်၍ မန်လီရွာ၊ ရွှေညောင်ပင်ရွာတို့မှ စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် အနီးဝန်းကျင်ရွာများကို  ပစ်ခတ်မှုကြောင့် ခုံသာရွာမှ နေအိမ်တစ်လုံးပျက်စီးသည်။

ထို့ပြင် ဩဂုတ် ၂၅ ရက်တွင်  ဟာပါရွာမှ ပျူစောထီးများနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပူးပေါင်းပြီး ခုံသာရွာမှ နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုသိရသည်။

ယနေ့တွင်မူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေသည်ဟု PDF အဖွဲ့ထံမှ သိရသည််။

ဖောင်းပြင်မြို့သည် စစ်ကိုင်းတိုင်း အနောက်မြောက်ဘက် ချင်းတွင်းမြစ်ကြောင်းပေါ်တွင်ရှိပြီး အိန္ဒိယနယ်စပ်ရှိ တမူးမြို့၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိသည်။

ဖောင်းပြင်မြို့နယ်အတွင်း စစ်သည်အင်အားအနည်းငယ်သာ သုံးနိုင်သည့် စစ်ကောင်စီတပ်က အချို့တိုက်ပွဲများတွင် ပျူစောထီးအချို့ကို လက်နက်တပ်ဆင်ပေးပြီး တိုက်ခိုက်စေခဲ့သည်ဟု ဖောင်းပြင်-PDF အဖွဲ့က ဆိုသည်။

“သူတို့ တပ်ရင်းတွေလည်း ရှိပါတယ်၊ ဒါပေမယ့် ဒီဘက်မှာက သူတို့အခေါ်ဆိုရင်တော့ ပြည်သူ့စစ်ပေါ့၊ ပျူစောထီး အားကောင်းတယ်၊ အချို့ပွဲတွေဆိုရင် သူတို့က ရှေ့ကနေလာတိုက်ပြီး စစ်ကောင်စီက နောက်က လက်နက်ကြီး ပစ်ကူပေးတာမျိုးလုပ်တယ်” ဟု ကိုအောင်ဇေက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၄ ရက်က နယ်ခံ ပျူစောထီးအချို့ကို ဖောင်းပြင်မြို့ပေါ်တွင် ထောက်ပံ့ငွေဟုဆိုကာ တစ်ဦးလျှင် တစ်သိန်းနှစ်သောင်း ထောက်ပံ့ခဲ့ပြီး စစ်ဝတ်စုံနှင့် လက်နက်များလည်း တပ်ဆင်ပေးခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုက်ပွဲများ စတင်ဖော်ဆောင်လာသည့် ဖောင်းပြင်-PDF အဖွဲ့မှာ ဖောင်းပြင်မြို့နယ် အတွင်းရှိ ရဲစခန်းများကို တိုက်ခိုက်ခြင်း နယ်မြေအတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခြင်းများ အဆက်မပြတ်လုပ်ဆောင်နေသည်။

အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးတွင် စစ်ကိုင်း တိုင်းက ရှေ့တန်းမှ ဦးဆောင်နေပြီး တိုင်းဒေသကြီးတစ်ခုလုံးနီးပါးတွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button