အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆန္ဒပြသူများကို တရားစွဲသည့်သတင်းထောက်များထဲတွင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းထောက်များ ပါဝင်သည့်ကိစ္စ ဝန်ကြီးဌာန စုံစမ်းမည်

(ရန်ကုန်) ပဲခူးတိုင်း ဇီးကုန်းမြို့နယ်ရှိ ဆန္ဒပြပြည်သူများကို တရားစွဲရန်အတွက် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည့် ဒေသခံ သတင်းထောက်များထဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ နယ်သတင်းထောက် ဆိုသူများ ပါဝင်နေသည့် ကိစ္စကို စုံစမ်းစစ်ဆေးသွားမည်ဟု ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဩဂုတ်လ ၈ ရက် (ယနေ့) တွင် ပြောသည်။

အများသုံး သောက်သုံးရေကန်တစ်ကန်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ခြံခတ်သည့်ကိစ္စ မကျေနပ်သဖြင့် ယခုလအစောပိုင်းက ဇီးကုန်းပြည်သူများ ဆန္ဒထုတ်ဖော်စဉ် “ဇီးကုန်းမြို့ ဘက်လိုက်သော မီဒီယာအချို့ အလိုမရှိ” ဟု ကြွေးကြော်ခဲ့မှုနှင့်ပတ်သက်ပြီး နယ်မြေခံ သတင်းထောက် ၁၁ ဦးက ဆန္ဒထုတ်ဖော်အဖွဲ့ ခေါင်းဆောင်များအပေါ် ရာဇသတ်ကြီး ပုဒ်မ ၅၀၀ အသရေဖျက်မှု ဖြင့် အရေးယူပေးရန် ဇီးကုန်းမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထား ခဲ့ခြင်းဖြစ်သည်။

ထိုသတင်းထောက် ၁၁ ဦးစာရင်းတွင် ဦးသက်ကိုကို (မြန်မာ့အလင်း)၊ ဦးသိန်းတိုး (ကြေးမုံနှင့်မြန်မာ့အလင်း) နှင့် ဦးထွန်းထွန်းဝင်း (မြန်မာ့အလင်း) တို့ ပါဝင်ကြောင်း လက်မှတ်ထိုးတိုင်ကြားထားသူ သတင်းထောက် ၁၁ ဦး အမည်စာရင်းတွင် တွေ့ရသည်။ ကျန် သတင်းထောက်များတွင် ‘ပြည်ထောင်စုနေ့စဉ်’ သတင်းစာနှင့် ‘မှုခင်းသတင်းဌာန’ သတင်းထောက်များ ပါဝင်သည်။

ထိုသို့ ပြည်သူကိုတရားပြန်စွဲသည့် သတင်းထောက်စာရင်းတွင် ‘မြန်မာ့အလင်း’နှင့် ‘ကြေးမုံ’ သတင်းထောက် ဆိုသူအချို့ ပါဝင်နေခြင်းအပေါ် ၎င်းသည် ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ လခစားဝန်ထမ်းများ ဟုတ်မဟုတ်နှင့် မိမိတို့ဌာနအနေဖြင့် ပြည်သူများအပေါ် ယခုလို လုပ်ပိုင်ခွင့် ပေးထားခြင်းမရှိသောကြောင့် ထိုကိစ္စကို စုံစမ်းစိစစ်သွားမည်ဟု ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။

“ကျွန်တော် ဒီကိစ္စကို သေသေချာချာ မသိသေးဘူးဗျ။ ဒါပေမယ့် နားထဲမှာတော့ တော်တော့်ကို ဆန်းသွားတယ်။ ပြည်သူကို သတင်းထောက်တွေက ပြန်တရားစွဲတယ်ဆိုတာ။ တစ်ခါမှလည်း မကြားဖူးဘူး။ ကျွန်တော်ကိုယ်တိုင်ပဲ သတင်းထောက်လောကကနေ တက်လာတဲ့သူ။ အဲ့ဒီလို ဖြစ်ရပ်သာ တကယ်မှန်မယ်ဆိုရင် ဒါမဖြစ်သင့်တဲ့ဟာပဲ။ ကျွန်တော် သေချာအောင် စုံစမ်းမယ်။ တစ်ခါမှ မကြားဖူးတော့ ဒီလိုဖြစ်ရပ်ကို မထင်မိဘူးဗျာ” ဟု ၎င်းက ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲမတိုင်ခင် မိမိတို့ ဇီးကုန်းမြို့နယ်အတွင်း အများပိုင်သောက်သုံးရေကန်ကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ခြံခတ်ခဲ့ရာတွင် ဒေသခံတချို့နှင့် ပဋိပက္ခဖြစ်ခဲ့ကြောင်း၊ ဩဂုတ်လ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဇီးကုန်းမြို့အတွင်း ထိုကိစ္စကို ကန့်ကွက်ဆန္ဒထုတ်ဖော်ရာ ဇီးကုန်းမြို့နယ်ရှိ ဘက်လိုက်သော မီဒီယာတချို့ကို အလိုမရှိကြောင်းသာ ကြွေးကြော်ခဲ့ကြောင်း ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြင့်စိုးက ပြောသည်။

ယခုအထိ ၎င်းတို့ တရားစွဲခံထားရသည်ဟုသာ သိထားပြီး သက်ဆိုင်ရာက အကြောင်းကြားစာ ပို့မလာသေးကြောင်း၊ မိမိအပါအဝင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ ၅၆ ဦးလုံးကို တိုင်တန်းထားသည်ဟုသာ ကြားသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ ဘာကိုမကျေနပ်လဲတော့ ကျွန်တော်လည်းမသိဘူး။ မြန်မာနိုင်ငံမှာ ပြည်သူကို မီဒီယာထဲကလူတွေက တရားစွဲတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူးဗျာ။ ကျွန်တော်တို့က အဲ့ဒီတိုင်တဲ့သတင်းထောက်အဖွဲ့က ခေါင်းဆောင်တဲ့သူကို သွားတောင်းပန်ပါသေးတယ်။ အခုချိန်ထိတော့ ကျွန်တော့်ထံကို ဘာအကြောင်းကြားစာမှ မရောက်သေးတော့ တိတိကျကျ မပြောနိုင်သေးဘူး” ဟု ဦးမြင့်စိုးက ဆိုသည်။

ဘက်လိုက်သည်ဆိုသည့် မီဒီယာသမားကို ထုတ်ဖော်ပေးရန် ပြောသော်လည်း ဆန္ဒပြအဖွဲ့ဘက်က မထုတ်ဖော်ပေးနိုင်ခြင်း၊ ထိုသို့မထုတ်ဖော်ပေးနိုင်လျှင် ဆန္ဒပြစဉ်က ထိုကဲ့သို့ မကြွေးကြော်ရန် ပြောသော်လည်း မချေမငံပြန်ပြောခြင်းများ ကြောင့် ယခုလို တရားစွဲဆိုရန် ပြင်ဆင်ရခြင်းဖြစ်ကြောင်း တရားရုံးသို့ ဦးတိုက်လျှောက်ထားသည့်အဖွဲ့ကို ဦးဆောင်သူ ပြည်ထောင်စုနေ့စဉ် သတင်းစာမှ ဦးအေးရွှေက ပြောသည်။

ဆန္ဒပြအဖွဲ့က ဇီးကုန်းမြို့နယ်ရှိ သတင်းမီဒီယာသမားများအားလုံးကို ကျေနပ်အောင် တောင်းပန်မည် ဆိုလျှင်တော့ တိုင်တန်းချက်ကို ပြန်ရုပ်သိမ်းမည်ဟု ၎င်းက ဆိုသည်။

“တချို့တွေကတော့ တစ်မျိုးပေါ့။ ကျွန်တော့်သဘောအနေနဲ့ကတော့ ကျေအေးပေးဖို့ ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပုံစံမျိုးဆိုတာတော့ ရှိတာပေါ့။ အခုတိုင်တဲ့သူတွေထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က သတင်းထောက်တွေ ပါတယ်ဆိုပေမယ့် သူတို့က နယ်သတင်းထောက်တွေပါ။ အလွတ်သတင်းထောက်တွေပါ” ဟု ဦးအေးရွှေက ပြောသည်။

Related Articles

Back to top button