မကွေးတိုင်း၊ ဆောမြို့ပေါ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးအပါအဝင် အရပ်သား ၆ ဦးကို ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တစ်ခုက သတ်ဖြတ်သွားကြောင်း မိသားစုဝင်နှင့် ဒေသခံများထံမှ သိရသည်။
ဩဂုတ် ၂၁၊ ည ၈ နာရီခန့်တွင် လက်နက်ကိုင် ၁၀ ဦးဝန်းကျင်က ဦးခင်မောင်လင်းဆိုသူ၏ နေအိမ်သို့ ရောက်ရှိသွားပြီး ၎င်းအပါအဝင်၊ ဇနီး၊ ချွေးမ၊ မြေး၊ ညီဖြစ်သူနှင့် မိတ်ဆွေ တို့ကို ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။
“ယူနီဖောင်းတွေ ဝတ်မထားဘူး။ ရိုးရိုးအရပ်ဝတ်နဲ့ ဘောင်းဘီရှည်နဲ့ အိမ်ထဲကို ဝင်လာတာ၊ ၁၃ ယောက်လောက် ရှိတယ် ပြောတယ်။ သေနတ်ကို လူတွေဆီကို ချိန်ပြီးမှ ပစ်သတ်သွားတယ်။ ခေါင်းတစ်ခြမ်းတွေ ပွင့်သွားတယ်။ ဦးနှောက်တွေ ပွင့်ထွက်သွားတယ်” ဟု ကျန်ရစ်သည့် မိသားစုဝင်တစ်ဦးက ပြောသည်။
ထိုပစ်ခတ်မှုအတွင်း အသက် ၆၀ အရွယ် ဦးခင်မောင်လင်း၊ ဇနီးဖြစ်သူ ၅၉ နှစ်အရွယ် ဒေါ်ယဉ်ငွေ၊ ချွေးမဖြစ်သူ ၃၇ နှစ်အရွယ် ဒေါ်ခင်မာသက်၊ မြေးဖြစ်သူ ၁၃ နှစ်အရွယ် မသက်ငြိမ်းအေး၊ ညီဖြစ်သူ ၅၈ နှစ်အရွယ် ဦးဇော်ဌေး၊ တီဗီကြည့်ရန် ရောက်နေသည့် ဧည့်သည် ၅၂ နှစ်အရွယ် ဦးအောင်သိန်းဝင်း တို့ သေဆုံးသွားသည်။
“ကျွန်တော့ဦးလေးကို ဓားရှည်နဲ့ ခုတ်တယ်။ ဓားမြှောင်နဲ့လည်း ထိုးတယ်။ ကျွန်တော့်အဖေလည်း ဓားမြှောင်နဲ့ ထိုးတယ်။ သေနတ်နဲ့ ပစ်ပြီးပြီးချင်း ဓားနဲ့ထိုးတာ။ မသေမှာစိုးလို့ ခုတ်သတ်တဲ့သဘော။ သွေးတွေဆိုတာ မြင်မကောင်း၊ ရှုမကောင်းအောင်ပဲ။ သွေးတွေ မတရားထွက်ကုန်တာ။ သေနတ်နဲ့ ပစ်တာကတော့ ဦးနှောက်က ထွက်သွားတာပေါ့” ဟု အထက်ပါ မိသားစုဝင် အမျိုးသားက ပြောသည်။
သမီးဖြစ်သူ ၆ တန်းကျောင်းသူကို ရှေ့တည့်တည့်မှ ပစ်ခတ်ရာ နှာခေါင်းရိုးမှ ဦးနှောက်ပေါက်ထွက် ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ပြီး မိခင်ဖြစ်သူနှင့် ဇနီးဖြစ်သူကို ပစ္စည်းထုတ်ယူခိုင်းစဉ် ကြာမြင့်သည်ဟူသော အကြောင်းပြချက်ဖြင့် ရင်ဝကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောဆိုချက်ကို ကိုးကားပြီး ထိုအမျိုးသားက ဆိုသည်။
အိမ်တွင် ရှိနေသူများကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် ဖောကားတစ်စီး၊ Hijet ကားတစ်စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့် ရွှေထည်ပစ္စည်းအချို့ကို ထိုလက်နက်ကိုင်အဖွဲ့က ယူဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။
ပစ်ခတ်မှုအတွင်း နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“ဘာကြောင့်သတ်ဖြတ်တယ်ဆိုတာကတော့ မပြောတတ်ဘူး။ ကျွန်တော့်အထင်ကတော့ (အဖေကို) ဒလန်လို့ စွပ်စွဲလို့ အပြစ်ပေးရင် သူ့တစ်ယောက်တည်း ပေးရမှာလေ။ ပတ်ဝန်းကျင်က ၃ ယောက် ပါသွားတယ်။ ကားတွေ ယူတယ်။ ရွှေတွေယူတယ်ဆိုတာက ဓားပြလာတိုက်တာ။ သူတို့အစအန မပေါ်စေချင်လို့။ အကုန်လုံး ပစ်ခတ် သတ်တဲ့သဘောပဲ။ ကျွန်တော်ကတော့ ဓားပြလို့ပဲ သတ်မှတ်ပါတယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။
နာရေးအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပြီး သားဖြစ်သူ၊ မြေးများဖြစ်သော အသက် ၁၁ နှစ်အရွယ် သားလတ်ဖြစ်သူနှင့် အသက် ၁ နှစ် ၂ လအရွယ် သားငယ်တို့ ကျန်ရစ်ခဲ့သည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ်ရှိ ဆောမြို့နယ်သည် လက်နက်ကိုင်ဒေသခံကာကွယ်ရေးအဖွဲ့များ ခုခံမှု အားကောင်းရာနေရာဖြစ်၍ ထိုပစ်ခတ်မှုမှာ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
ထိုနေရာတစ်ဝိုက်တွင် ဆော PDF၊ ကျောက်ထု PDF (YRPA)၊ လောင်းရှည် LSRPDF (YRPA)၊ ဆော PDF တပ်ရင်း ၂၊ The Youth Force (Saw & Kyaukhtu) နှင့် ယောဒေသကာကွယ်ရေးတပ် YDF (Saw) တို့ လှုပ်ရှားနေသည့် နယ်မြေ ဖြစ်သည်။
ဆောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ နီးပါး တပ်စွဲထားသော်လည်း မြို့တွင်းမှအပ မြို့ပြင် သိပ်ထွက်လေ့မရှိကြောင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။
“စစ်ကောင်စီကတော့ မြို့ထဲကတောင် မထွက်နိုင်တဲ့အနေအထားပေါ့။ သူတို့ညတွေဆိုရင် လှုပ်ရှားမှု လုံးဝမလုပ်ဘူး။ စစ်ကောင်စီတွေ သွားလာတဲ့နေရာမှာ လုပ်တာ မဟုတ်တာရယ်၊ ကျေးရွာတွေမှာ ဖြတ်သွားဖြတ်လာလုပ်တဲ့အနေအထားတွေအရ ကာကွယ်ရေးအဖွဲ့ထဲကပဲလို့ ကောက်ချက်ချပါတယ်” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
အဆိုပါသတ်ဖြတ်မှုသည် ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည့်အတွက် ဆက်သွယ်မေးမြန်းခဲ့ရာ ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်မည်ဟု အဆိုပါအဖွဲ့ ပြန်ကြားရေးတာဝန်ခံက တုံ့ပြန်သည်။
ထိုအိမ်သို့ သွားရောက်စစ်ဆေးစဉ် တိုက်ခိုက်မှုများကြောင့် ပြန်လည်ပစ်ခတ်ရာတွင် သေဆုံးခြင်း ဖြစ်သည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) က ယမန်နေ့ ညနေတွင် ထုတ်ပြန်သည်။
မသက်ငြိမ်းအေးမှာ ရဲဘော်တစ်ယောက်ထံမှ သေနတ်လုရန် ကြိုးစားစဉ် မတော်တဆ ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခြင်းဖြစ်ကြောင်း YDF ၏ ထုတ်ပြန်ချက်က ဆိုသည်။
အိမ်ရှင် ဦးခင်မောင်လင်းဦးဆောင်သည့် ပျူစောထီးများက စစ်တပ်ကို သတင်းပေးကာ လူငယ်များကို ဖမ်းဆီးခြင်း၊ ရိက္ခာထောက်ပံ့ခြင်း ပြုလုပ်ထားသည်ဟူသော တိုင်ကြားမှု ၅ ကြိမ်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့နောက် ၃ နာရီခန့်အကြာတွင် ထိုပစ်ခတ်သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးကာ စည်းမျဉ်းစည်းကမ်းများ ကျော်လွန်လုပ်ဆောင်ပါက အရေးယူသွားမည်ဟု YDF က ထပ်ထုတ်ပြန်သည်။
ဒေသခံတစ်ဦးကမူ သေဆုံးသူ မိသားစုသည် စစ်ကောင်စီနှင့် ဆက်စပ်မှုမရှိဟု ပြောသည်။
“စစ်တပ်နဲ့လည်း ပတ်သက်တာမရှိဘူး။ ကြံ့ခိုင်ရေးနဲ့ ပတ်သက်တာလည်း မရှိဘူး။ သူတို့က စီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့အခါကျတော့ ကားတွေဘာတွေ ထွက်တဲ့အခါမှာ ထောက်ခံချက်တွေ ယူရတာမျိုးတော့ ရှိတယ်ခင်ဗျ။ အဲဒါတစ်ခုပါပဲ။ ဒါကတော့ စီးပွားရေးအရ နီးစပ်တဲ့သူတွေ ပြောပြချက်အရ သိရတာပေါ့။ တစ်မြို့လုံးက ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတယ်” ဟု လက်နက်ကိုင်ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် ဆောမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
ဒလန်ဟု စွပ်စွဲကာ မိသားစုဝင်များပါ သတ်ဖြတ်သည့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ဆိုသည်။
“ထိုက်တန်တဲ့အပြစ်ပေးစေချင်တာပေါ့။ လူတွေကို ရက်ရက်စက်စက် ဒီလောက်ကြီး။ တစ်ပါးသူ၊ အသက်အိုးအိမ်တွေလည်း မလုံခြုံတော့ဘူးလို့ ခံစားရတာပေါ့။ ဒီလိုမျိုး အကာကွယ်မဲ့နေရင် ရှေ့ဆက်ပြီးတော့ ခက်မှာပေါ့။ လုံခြုံစိတ်ချချင်တယ်။ ပြည်သူတွေကို ထိခိုက်တာမျိုးတော့ မဖြစ်စေချင်ပါဘူး” ဟု ကျန်ရစ်သည့် မိသားစုဝင်က ပြောသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)