ရခိုင်မြောက်ပိုင်း၊ ချင်းတောင်ပိုင်းတို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ ပြန်ဖြစ်လာရာ စစ်ကောင်စီတပ်က အဓိကလမ်းကြောင်းများကို သွားလာခွင့် ပိတ်လိုက်သဖြင့် ဒေသတွင်း အခြေခံစားသောက်ကုန်များ ဈေးနှုန်းအဆမတန် မြင့်တက်လာသည်။
ဩဂုတ်လဆန်းမှ စတင်၍ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင်လည်းကောင်း၊ ဩဂုတ် ၁၃ မှ စတင်၍ ရခိုင်မြောက်ပိုင်း မြို့နယ်များသို့လည်းကောင်း သွားလာခွင့် ပိတ်လိုက်သည်။
ကုန်ပစ္စည်းသယ်ပို့သည့်ကားများ၊ စက်လှေများကို ပြေးဆွဲခွင့် ပိတ်ထားသည့်အပြင် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မောင်တောမြို့တွင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ တင်သွင်းမှုကိုလည်း ကန့်သတ်ထားလိုက်သောကြောင့် မောင်တောနှင့် ပလက်ဝမြို့တို့တွင် ကုန်ပစ္စည်းပြတ်လပ်သည့်ဒဏ် အဆိုးဆုံးရင်ဆိုင်ရသည်ဟု ဒေသခံများထံမှ သိရသည်။
မေလက စတင်၍ ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာရာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး ဩဂုတ် ၁ တွင် ကျောက်တော် – ပလက်ဝ ကုလားတန်မြစ် ရေလမ်းကြောင်း သွားလာခွင့် ပိတ်လိုက်သည်။
ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှ ကုန်စည်စီးဆင်းမှုကို အဓိက အားထားနေရသော ပလက်ဝဒေသခံတို့ ရေရှည်တွင် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ပြောရမယ်ဆိုရင် ပလက်ဝမှာက သုံးစရာတောင် မရှိတော့သလို ပြတ်လပ်နေတာပါ။ စက်လှေတွေ၊ ဘုတ်တွေက လုံးဝသွားလို့မရတာ။ လာလို့လည်းမရဖြစ်နေတာ။ ကုန်စျေးတက်တာကိုပြောမနေနဲ့၊ ကြက်ဥတစ်လုံး ၅၀၀ ဖြစ်နေပြီ။ အဲဒါတောင် ဝယ်ချင်းတိုင်းဝယ်၊ ရှာချင်တိုင်းရှာ မရတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
ပလက်ဝမြို့ပေါ်တွင် ဆန်တစ်အိတ်လျှင် ကျပ် ၆၀၀၀၀ နှုန်းထက် စျေးတင်မရောင်းရဟု သတ်မှတ်ခဲ့သော်လည်း ယခုအခါ ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းအထိ စျေးမြင့်တက်နေကြောင်း ၎င်းက ဆိုသည်။
မေလမတိုင်မီက ပလက်ဝမြို့တွင် ကြက်ဥကို တစ်ထောင်ဖိုးလျှင် ၅/၆ လုံးခန့်ရှိရာမှ စျေးသုံးဆ ထိုးတက်နေပြီး လိုသလောက်ပင် ဝယ်မရကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီပလက်ဝမြို့သူမြို့သားတွေအနေနဲ့ကတော့ စားဝတ်နေရေး ကျပ်တည်းလာမယ်။ သူခိုး၊ ဓားပြ များလာမယ်၊ အဲလိုပုံစံတွေဖြစ်လာမယ်။ ဆင်းရဲသားတွေက ငွေရှာဖို့ မြို့ပြင်ကိုထွက်လို့ မရှာရဲကြဘူး။ ထွက်လို့လည်း မရဘူး။ အလုပ်တွေကလည်းမရှိဆိုတော့ နေ့စားအလုပ်လုပ်နေကြသူတွေ က အရမ်းအခက်ကြုံနေကြရပါတယ်” ဟု ထိုသူက ပြောသည်။
အများစုသည် တောတောင်ကို အမှီပြု လုပ်ကိုင်စားသောက်နေကြရသူများဖြစ်သောကြောင့် လက်ရှိတွင် ရှာဖွေစားသောက်ရန် အခက်ကြုံနေကြရသည်ဟု ပလက်ဝမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အခုက တောတောင်ကိုလည်း မသွားရဘူးဆိုတော့ ဝါးတုတ် (မျှစ်) ဟင်းတောင် မစားရဘူး။ ကုန်စျေးကတော့ အားလုံးတက်နေတာ။ ဆန်ကြမ်းတစ်အိတ်ကိုတောင် ၆၀၀၀၀ အထိ ဖြစ်နေပြီ။ ပေါ်ဆန်းမွှေးဆိုရင် ၈၀၀၀၀၊ ၉၀၀၀၀ အထိ ဖြစ်နေပြီ။ စက်သုံးဆီ တစ်လီတာကို ၇၀၀၀ အထိ ထိုးတက်နေတာ” ဟု ဆိုသည်။
“ကျွန်မတို့လို မရှိဆင်းရဲသားတွေမှာ ကြက်၊ ငါးခြောက်ကို မပြောနဲ့၊ ငှက်ပျောပင်ဟင်းတောင် အနိုင်နိုင် ရှာစားနေရတာ ”
ကုန်တင်ကုန်ချပြုလုပ်သော ဇက်သင်္ဘောနှင့် မော်တော်ဘုတ်များ ပလက်ဝနှင့် ကျောက်တော်သို့ အပတ်စဉ် အင်္ဂါနေ့တိုင်း ပြေးဆွဲခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၈ က မောင်တောမြို့နယ်တွင် နှစ်နေရာ တိုက်ပွဲဖြစ်ကာ AA က ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးကို လက်ရဖမ်းမိခဲ့သည်။
ဩဂုတ် ၁၃ တွင် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲ ၃ နေရာ ဖြစ်ပြီးယမန်နေ့ (သြဂုတ် ၁၇) အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်။
စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှနေ၍ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းသို့ စက်လှေဖြင့် သွားလာရပြီး ထိုမှတစ်ဆင့် ကုန်းလမ်းဖြစ်သော ကားလမ်းခရီးဖြင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသများသို့ ဆက်လက်သွားလာရသည်။
စစ်ကောင်စီက မြို့တော် စစ်တွေမှ ရခိုင်မြောက်ပိုင်းသို့ သွားသည့် အဓိကလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး အငူမော်-မောင်တောလမ်းပိုင်းနှင့် ရေချမ်းပြင်ဆိပ်ကမ်းမှ အငူမော်ဆိပ်ကမ်း လမ်းပိုင်းနှစ်ခုတို့ ပါဝင်သည်။
ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်သို့ ဆက်သွယ်ထားသည့် မြို့ချင်းဆက် ကားလမ်းများကိုလည်း ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
သို့ရာတွင် မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှု ပြုလုပ်ရန် ကုန်ပစ္စည်းများတင်ပို့မည့် ကုန်ကားများကိုမူ လုပ်ငန်းရှင်တို့၏ တောင်းဆိုမှုကြောင့် ပြည်နယ်စစ်ကောင်စီက ယမန်နေ့ ညနေမှ စတင်၍ မော်တော်ယာဉ်တချို့ကို ကူးသန်းသွားလာခွင့်ပြုထားကြောင်း လုပ်ငန်းရှင်များနှင့် နီးစပ်သည့် မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“ဘင်္ဂလားကို တင်ပို့မဲ့ ငါးကားတွေပဲ လာခွင့်ရတယ်။ အဲဒီငါးကားကို ရေချမ်းပြင်ဆိပ်က ဇက်နဲ့ တင်ပြီးတော့ ဘူးသီးတောင်ကို သွားတယ်။ ဘူးသီးတောင်ကနေ မောင်တောကိုလာတာ။ တခြားကုန်ကားတွေကို လုံးဝဖြတ်သွားခွင့် မပေးဘူး။ အခုကုန်ကားတွေလည်း လုံးဝမရောက်ဘူးဆိုတော့ ဒုက္ခရောက်ကြရတော့မယ်” ဟု ထိုမောင်တောမြို့ခံက ဆက်ပြောသည်။
“တစ်ဖက်နိုင်ငံကို ပို့မဲ့ကုန်ကားတွေက အစိုးရလမ်းကြောင်းနဲ့ လုပ်တာဆိုတော့ သွားလာလို့ ရတယ်။ သူတို့ (စစ်ကောင်စီ) အလုပ်ဆိုရင်တော့ အပျက်မခံဘူးပေါ့။ ငါတို့ ရခိုင်ပြည်သူတွေ စားဝတ်နေရေးကို ဂရုမစိုက် အလေးမထားဆိုတဲ့သဘောပေါ့”
ကုန်ပစ္စည်းများတင်သွင်းခွင့် ပိတ်ပင်ခံထားရသောကြောင့် မောင်တောမြို့တွင် ယခင်က ၅၀၀၀၀ ကျပ် ရှိသည့် ဆန်တစ်အိတ်လျှင် ယခု ၇၅၀၀၀ ကျပ် ရှိကြောင်း၊ ယခင်က ကြက်သွန်နီ တစ်ပိဿာ ၇၀၀ ကျပ်မှ ၃၅၀၀ ရှိကြောင်း၊ အခြေခံစားကုန်များဖြစ်သော ဆီ၊ ငါးခြောက်၊ ငရုတ်သီး တို့မှာလည်း စျေးတက်နေကြောင်း မြို့ခံများက ဆိုကြသည်။
စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်ဘက်မှ တင်သွင်းမှုကိုလည်း ကန့်သတ်ထားပြီး ရခိုင်လူထု စားနပ်ရိက္ခာ ပြတ်တောက်ကာ အခက်ကြုံအောင် ရည်ရွယ်ချက်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မောင်တောဒေသခံတချို့က ဆိုသည်။
“အရင်ကတော့ စစ်တွေဘက်က ကုန်ကားတွေမရောက်ရင် ဘင်္ဂလားဘက်က ဝင်တယ်။ အခု ဘင်္ဂလားဘက်ကို ဒီက ငါးတွေသာပို့တာ။ အဲဒီဘက်က ကုန်အထုပ်လေးတစ်ထုပ်တောင်ကြ ခွင့်မပေးဘူး။ အရင်တုန်းက ကြက်ဥတွေ ဘာတွေ အဲဒီဘက်က လာတယ်။ အခု မရဘူးလားလို့ မေးကြည့်တော့ တင်သွင်းခွင့် မပြုဘူးလို့ ပြောတယ်”အထက်ပါ မောင်တောမြို့ခံက ဆက်ပြောသည်။
ကူးသန်းသွားလာမှု ပိတ်ပင်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
အခြေခံစားသောက်ကုန်များ စျေးနှုန်းအဆမတန်မြင့်တက်နေချိန် မောင်တောမြို့မှ စျေးဆိုင် ၄ ဆိုင် သြဂုတ် ၁၃ တွင် ဖောက်ထွင်းခံရပြီး ကုန်ပစ္စည်းအများပြားနှင့် ဆိုင်ပိုင်ရှင်၏ ဘဏ်စာအုပ်များပါ ယူဆောင်ခံရကြောင်း မောင်တောမြို့ပေါ်မှ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။
“အရက်ရောင်းတဲ့လူတွေ အရက်တွေ ပါသွားတယ်။ အထည်ရောင်းတဲ့လူ အထည်ပါသွားတယ်” ဟု သူက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)