
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ခြံစည်းရိုးအနီး ယနေ့ (ဩဂုတ် ၁၆) နံနက်မှ စတင်၍ ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်နေသည့် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အားများ ဖြည့်တင်းနေသည်။
နံနက် ၉ နာရီခန့်က စတင်၍ မီးတိုက်ကျေးရွာနှင့် ငါရန့်ချောင်းနယ်မြေအကြား မိုင်တိုင်အမှတ် ၃၈ အနီး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သားများကို နေရာရွှေ့ပြောင်းရန် ရဟတ်ယာဉ်သုံးနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။
“မီးတိုက်ကျေးရွာ မြောက်ဘက်မှာ ဖြစ်နေကြတာ။ ဒီနေ့ မနက်ပိုင်းကနေစပြီး ဖြစ်နေတာ။ လက်နက်ကြီးပစ်သံတွေ ဂျိမ်း၊ ဂျိမ်းနဲ့ ကြားနေရတယ်။ တိုက်ပွဲကတော့ မရပ်သေးဘူး။ သူဝိုင်း ကိုယ်ဝိုင်းပုံစံ၊ စစ်တပ်ကိုလည်း AA က ဝိုင်းထားတယ်။ AA ကိုလည်း စစ်တပ်က ဝိုင်းထားတယ်လို့ ကြားတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
မီးတိုက်ကျေးရွာမြောက်ဘက် တစ်မိုင်ခန့်အကွာတွင် တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများကို ဆက်တိုက်ကြားနေရသည်ဟု မီးတိုက်ကျေးရွာသားတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်နေတာ မှန်ပါတယ်။ မနက်ကတည်းက ဖြစ်နေတာ အသံတွေ ကြားနေရတယ်။ စစ်တပ်က လေယာဉ်ပျံတွေ လာတာရှိတယ်။ တောင်ပြိုမှာ ကျတယ် (ဆင်းတယ်)” ဟု ဆိုသည်။
တောင်ပြိုမြို့ခံတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် ၂ မိုင်ခန့်အကွာတွင်ရှိသော တောင်ပြိုလက်ဝဲမြို့ရှိ စစ်ကောင်စီတပ်ဗျူဟာသို့ စစ်ရဟတ်ယာဉ် ဆင်းသည်ဟု ပြောသည်။
“ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ တောင်ပြိုက တပ်ထဲကို ရဟတ်ယာဉ် ကျတာရှိတယ်။ လူအင်အား တိုးချတာလား ဘာလဲဆိုတာ အတိအကျမသိရဘူး။ ဒီမှာက အခု အိမ်ထဲနဲ့ အိမ်ပြင်တောင် မထွက်ရဘူး ဖြစ်နေတာ” ဟု ၎င်းတောင်ပြိုမြို့ခံက ဆက်ပြောသည်။
တိုက်ပွဲ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း သူက ပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း၊ တိုက်ပွဲမှာ ညနေအထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းလုံခြုံရေးအရ အမည်မဖော်လိုသည့် တောင်ပြိုမှ ဒေသခံ နောက်တစ်ဦးက ပြောသည်။
“တောင်ပြိုဘက်ကို လေယာဉ်ပျံတာ ၃ ကြိမ်လောက်ရှိနေပြီ။ မောင်တောမြို့သူကြီးက တပ်စခန်းမှာလည်း စစ်ရဟတ်ယာဉ် လာကျတာရှိတယ်လို့ ပြောတယ်။ သူတို့ လူအင်အားဖြည့်တာလို့ သိရတယ်။ အခု ဒီဘက်မှာက ဘယ်ကိုမှ သွားလာလို့မရဘူး” မောင်တောမြို့နယ် မင်္ဂလာညွန့်ကျေးရွာမှ ဒေသခံအမျိုးသားက ဆိုသည်။
မြန်မာ-ဘင်္ဂလား နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၄၁ အနီး ပြီးခဲ့သည့် ဩဂုတ် ၁၃ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ဒေသကွပ်ကဲမှုဌာနချုပ် (ဒကစ) စစ်တွေ လက်အောက်ခံ ခလရ ၂၀ မှ ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထိုနေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် တိုက်ပွဲ သုံးနေရာ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် တစ်နေရာ စုစုပေါင်း နေရာ ၄ ခုတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးများအပါအဝင် ၃၇ ဦး သေဆုံးကာ လက်နက်အများအပြားဆုံးရှုံးသည်ဟု ဒေသတွင်း သတင်းဌာနများက သတင်းထုတ်ပြန်ထားသည်။
AA ဘက်တွင်လည်း သေဆုံးဒဏ်ရာရသူ ရှိသည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်အချို့၊ ပစ်စတို ၂ လက်၊ MG 43 စက်သေနတ် ၁ လက်၊ ဒရုန်း ၂ စီး၊ Jammer ၁ ခု၊ ဆက်သွယ်ရေး ဂြိုဟ်တုဖုန်း ၁ လုံး၊ မိုင်းမျိုးစုံအပါအဝင် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ ဆေးဝါး၊ ရိက္ခာအမြောက်အမြားပါဝင်သော ခြင်းကြား အလုံး ၃၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က သြဂုတ် ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သို့သော် စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ထိုတိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာနှင့် ဒုံပိုက်ပိုက်ကျေးရွာတို့မှ ဒေသခံ ၇၀၀ ခန့် ထွက်ပြေးနေရပြီး ယနေ့ထိ နေရပ်မပြန်ရဲကြသေးပေ။
ယခင်လက စစ်ကောင်စီတပ်နှင့် AA တပ် မြို့ပေါ်တွင် အပြန်အလှန်ဖမ်းဆီးကြသဖြင့် စစ်ရေး ပိုမို တင်းမာလာပြီးနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အာဏာသိမ်းခါနီး စစ်တပ်က AA နှင့် အပစ်ရပ်ရန် ညှိနှိုင်းရာမှ AA လှုပ်ရှားနယ်မြေတွင် တိုက်ပွဲများ တစ်နှစ်ကျော်ကြာ ရပ်စဲသွားသည်။
စစ်ကောင်စီတပ်၏ အားသာချက်မှာ ကြည်းတပ်ကို ကူညီရန် ရေတပ်နှင့် လေတပ် အဆင်သင့်ရှိနေခြင်း ဖြစ်သည်။
AA ၏ အားသာချက်များထဲတွင် လူထုထောက်ခံမှု၊ စိတ်အားထက်သန်မှု၊ နယ်မြေကျွမ်းကျင်မှု စသည့် အချက်များ ပါဝင်သည်။
AA အနေဖြင့် စစ်ကောင်စီတပ်၏ စစ်ဆင်ရေး၊ ထိုးစစ်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ ညီနောင် မဟာမိတ်အဖွဲ့အစည်းများ၊ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးနှင့် ဟန်ချက်ညီညီ ပူးပေါင်းကာ ပြန်လည်ခုခံ တိုက်ခိုက်သွားမည်ဟု တရားဝင် ကြေညာထားသည်။
ထိုတိုက်ပွဲများအပြီး ရခိုင်မြောက်ပိုင်းရှိ အငူမော်-မောင်တောလမ်းကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထား၍ ဒေသခံများ အခက်အခဲ ဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံနေကြရာ အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခတ်မှုများအပြင် ရဟတ်ယာဉ်ဖြင့် စစ်သားများချပေးကာ စစ်ကြောင်းထိုး စီးနင်းပစ်ခတ်နေသောကြောင့် ဒေသခံအများအပြား နေ့စဉ် သေဆုံးနေသည်။
မကြာသေးမီ ဩဂုတ် ၁၁ ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ် ၃ စီးဖြင့် ပစ်ခတ်ကာ စစ်သား ၆၀ ကျော်ကို ရဟတ်ယာဉ် ၃ စီးဖြင့် ချထားခဲ့ရာ ထိုစစ်သားများ၏ စီးနင်းပစ်ခတ်မှုများအပြီးတွင် ကလေးများအပါအဝင် ၁၈ ဦး၏ ရုပ်အလောင်းများ ရွာအတွင်း တွေ့ရှိခဲ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)