သတင်း

စာကြည့်တိုက်သွားသည့်ဓလေ့ ပြန်ထွန်းကားအောင် လုပ်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ရန်ကုန် — စာသင်ကျောင်းအသီးသီးတွင် ကလေးများ တစ်ပတ် တစ်ကြိမ်ကျ ကျောင်းစာကြည့်တိုက်သို့ သွားရောက်သည့် အလေ့အကျင့်ကို ကျောင်းအသီးသီးတွင် ဖော်ဆောင်သွားမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဩဂုတ်လ ၂၈ ရက် ယမန်နေ့က ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၂၂ ဦး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံသည့် ရသစာပေ စကားဝိုင်းတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းငယ်ရွယ်စဉ်က တက်ရောက်ခဲ့ရသည့် ကျောင်းများတွင် တစ်ပတ်လျှင် တစ်ကြိမ် အလှည့်ကျ စာကြည့်တိုက်သွားရသည့် အလေ့အထရှိခဲ့ပြီး ထိုအစဉ်အလာကို ပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြန်လည် ဖော်ဆောင်မည်ဟု ဆိုသည်။

“အဲဒီလိုဟာမျိုးကတော့ ပညာရေးဝန်ကြီးဌာနကနေ ဦးဆောင်ပြီးတော့ ကြိုးစားပြီးတော့ လုပ်ပေးပါ့မယ်။ အဲဒီလိုလုပ်မယ်ဆိုရင် စာကြည့်တိုက်ယဉ်ကျေးမှုဟာ ဖြစ်လာမှာပဲ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ၎င်းက စာကြည့်တိုက်ကို ကလေးအရွယ်ကတည်းပင် သွားရောက်တတ်သည့် ယဉ်ကျေးမှုမျိုးဖြစ်အောင် ပြုစုပျိုးထောင်သွားရန် မိသားစုနှင့်မိဘများကလည်း ကူညီပံ့ပိုးသွားရန် လိုအပ်သည်ဟု ပြောသည်။

“စာကြည့်တိုက်သွားတဲ့ ယဉ်ကျေးမှု၊ စာကြည့်တိုက်ကို သုံးတဲ့ ယဉ်ကျေးမှုဆိုတာဟာ မိသားစုကလည်း ပံ့ပိုးပေးရမယ်။ ကူညီပေးရမယ်။ မိဘတွေကလည်း ကလေးတွေကို စာကြည့်တိုက်ကို ခေါ်သွားတဲ့ အကျင့် လုပ်ရမယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ မဝင့်မြတ်နိုးက တက္ကသိုလ်ရှိ စာကြည့်တိုက်များတွင် တန်ဖိုးကြီးသည့် စာအုပ်အကောင်းများကို ပျောက်ဆုံးမည် စိုးရိမ်သောကြောင့် သော့ခတ် သိမ်းဆည်းထားသည့်အတွက် အခက်အခဲဖြစ်ရသည် ဟု ဆွေးနွေးသည်။

“အဲဒီတော့ သမီးတို့မှာ စာကြည့်တိုက်တွေကို အားမကိုးရဘဲနဲ့ အင်တာနက်ကနေပြီးတော့ စာအုပ်တွေကို လိုက်လိုက်ရှာပြီးတော့ Download ဆွဲ(ပြန်လည်ကူယူ)ပြီးတော့ ဖတ်နေရပါတယ်” ဟု ၎င်းက ဆိုသည်။

ကျောင်းစာကြည့်တိုက်တွင် စာအုပ်ကောင်းများကို သော့ပိတ် သိမ်းဆည်းထားပြီး အသစ်ထွက်ရှိနေသည့် စာအုပ်များကိုလည်း ဖြည့်တင်းထားရှိခြင်း မရှိဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) မှ ဖွံ့ဖြိုးမှုပညာ နောက်ဆုံးနှစ် ကျောင်းသူ ရည်မွန်အောင်က ပြောသည်။

စည်းကမ်းမဲ့သည့် စာအုပ်ငှားရမ်းသူများကို စာကြည့်တိုက်စည်းကမ်းနှင့်အညီ အရေးယူသွားပြီး သော့ခတ်သိမ်းထားသည့် စာအုပ်များကို ပြန်လည် ငှားရမ်းရန် ၎င်းက ပြောသည်။

“စာကြည့်တိုက်တွေမှာလည်း စည်းကမ်းတွေ ချထားပါတယ်။ ဒီစာအုပ် ပျက်စီးရင် စာအုပ်တန်ဖိုးရဲ့သုံးဆ ပြန်ပေးရမယ်ဆိုတာမျိုးတွေပေါ့”ဟု ဆွေးနွေးပွဲအပြီးတွင် Myanmar Now ကို ပြောသည်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရန်ကုန်သတင်းအတတ်ပညာ နောက်ဆုံးနှစ်ကျောင်းသူ မအေးစန္ဒာအောင်က ကျောင်းစာကြည့်တိုက်တွင် ကြိုးမဲ့အင်တာနက်သုံးရ အဆင်ပြေ၍သာ ကျောင်းသားအများစုက သွားရောက်ကြခြင်း ဖြစ်သည် ဟု ပြောသည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကလည်း ဆရာ မြသန်းတင့်ရဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ရှိလား မေးတော့ အဲ့ဒီစာအုပ်မရှိဘူးဆိုတာနဲ့ ကျောင်းက စာကြည့်တိုက်မှာ ကျွန်မ စာအုပ်သွားပြီး မငှားဖြစ်ခဲ့တာ ကြာပြီပေါ့” ဟု ၎င်းက ပြောသည်။

ရသစာပေ ဆွေးနွေးအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ကျောင်းသားကျောင်းသူများနှင့် ထပ်မံတွေ့ဆုံပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးလာရန်၊ ရွေ့လျားစာကြည့်တိုက်များ တည်ထောင်ရန်နှင့် တိုင်းရင်းသား ဘာသာစကားများကို မြှင့်တင်ပေးရန် ဆွေးနွေးခဲ့သည်ဟု ၎င်းနှင့်တွေ့ဆုံခဲ့သည့် ကျောင်းသားကျောင်းသူများက ပြောသည်။

ရသ စာပေဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် တက္ကသိုလ်ကျောင်းသား ၂၂ ဦးကို ၁၀ ဦး တစ်ဝိုင်းနှုန်းဖြင့် ထိုင်စေပြီး ဒေါ်အောင်ဆန်းစုကြည်က အလှည့်ကျ ဧည့်ခံဆွေးနွေးခဲ့သည်ဟု ၎င်းတို့က ပြောသည်။

ထိုဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ ပညာရေးဝန်ကြီး ဦးမျိုးသိန်းကြီးတို့လည်း ဝင်ရောက် ဆွေးနွေးခဲ့ကြသည်ဟု တက်ရောက်ခဲ့သည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများက ပြောသည်။

Show More

Related Articles

Back to top button