သတင်း

စစ်တပ် တပ်စွဲခဲ့သည့် ကလေးတောင်ပိုင်းကျေးရွာ မီးရှို့ခံရ၊ အရပ်သား ၂ ဦးသေ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် ရက်သတ္တပတ် တစ်ပတ်အတွင်း နေအိမ် ၅၆ လုံး မီးရှို့ခံရကြောင်း၊ ရွာသား ၂ ဦး ပစ်သတ်ခံရကာ ၁၀ ဦးမှာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ကလေးမြို့ နည်းပညာတက္ကသိုလ်တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဩဂုတ်လဆန်းမှစ၍ တောင်ပိုင်းဒေသအတွင်း နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ဟန့်တားရန် ကြိုးပမ်းခဲ့သည်။

ဩဂုတ် ၂ တွင် ကလေးမြို့မှ ၇ မိုင်အကွာ ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ သာယာကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုရွာအတွင်း စစ်ကောင်စီတပ်က တပ်စွဲလိုက်ခြင်း ဖြစ်သည်။ 

“၂ ရက်နေ့ ရွာကို စဝင်ကတည်းက စစ်ဘေးမရှောင်နိုင်တဲ့ ရွာသားတွေ အဖမ်းခံရတယ်။ ၁၀ ယောက် အဖမ်းခံရတယ်။ နှစ်ယောက်ကို သတ်လိုက်တယ်။ အဲဒါကိုတော့ အတည်ပြုချက်ရထားတယ်ဗျ” ဟု PDF ကလေး တပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ပြောသည်။

အိမ်ခြေ ၃၀၀၊ လူဦးရေ ၁၆၀၀  ခန့်ရှိသည့် သာယာကုန်းရွာတွင် ချင်းလူမျိုးအများစု နေထိုင်ကြသည်။

ရွာကို စတင်ဝင်ရောက်သည့်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ်များကို ထွင်းဖောက်ကာ တန်ဖိုးရှိပစ္စည်းများကို ယူပြီးနောက် နေအိမ်များကို မီးရှို့ကြောင်း၊ ၎င်းတို့ပြန်ထွက်သွားသည့် ဩဂုတ် ၉ ရက်အထိ နေအိမ် ၅၆ လုံး မီးလောင်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကြောင်းဝင်တာနဲ့ အဲဒီရွာက တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှ အကုန်သိမ်းပြီး ယူသွားရောပဲ” ဟု သူက ဆိုသည်။

ယမန်နှစ် အောက်တိုဘာလကလည်း အဆိုပါကျေးရွာအနီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး နောက်တစ်နေ့တွင် အင်အားအများအပြားဖြင့် ထိုကျေးရွာအတွင်း ဝင်ရောက်ရှာဖွေကာ နေအိမ်တစ်လုံးကို မီးရှို့ကြသေးသည်။ 

ရွာများကို မီးရှို့ဖျက်ဆီးခြင်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့လက်ချက်မဟုတ်ကြောင်း အမြဲတစေ ငြင်းဆန်လေ့ရှိသည်။

ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ကလေးတောင်ပိုင်းဒေသတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးများသလို ဒေသခံကာကွယ်ရေးအဖွဲ့ဘက်မှ ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ 

ပြန်ထွက်သွားသည့် အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းက မြေမြှုပ်မိုင်းများထောင်ခဲ့ခြင်းကြောင့် ရွာအတွင်း မိုင်းရှင်းနေရကြောင်း PDF ကလေး တပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ပြောသည်။

“နင်းမိုင်းတွေ ထောင်ထားတယ်လေ။ မိုင်းရှင်းလင်းမှုတွေ အကုန်ပြီးမှ စိတ်ချရမှ ရွာသားတွေကို ဝင်ခွင့်ပေးမယ်ဗျ” ဟု ၎င်းက ဆိုသည်။

ထွက်ခွာလာသည့် အဆိုပါစစ်ကြောင်းသည် ကလေးတောင်ဘက်ပိုင်းရှိ နတ်မြောင်း၊ နတ်ချောင်း စသည့် ကျေးရွာများဘက် ဦးတည်နေသည်ဟု ကိုနေ့သစ်က ပြောသည်။

“တိုက်ပွဲက အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တဲ့အတွက် ကလေး-ဂန့်ဂေါ ကားလမ်းကို အသုံးမပြုသေးဖို့ ပြည်သူတွေကို မေတ္တာရပ်ခံချင်တယ်” ဟု သူက ပြောသည်။

ကလေးတောင်ပိုင်းတွင် ဩဂုတ်လဆန်းမှစတင်၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေခြင်းကြောင့် ဒေသခံ ရွာသူရွာသား ၅၀၀၀၀ ခန့် စစ်ရှောင်နေရပြီး အကူအညီအထောက်အပံ့များ လိုအပ်နေသည်ဟု သိရသည်။ 

အာဏာသိမ်းစစ်တပ်ကို အစောဆုံး လက်နက်ကိုင် ပြန်လည်ခုခံခဲ့သည့်ဒေသများအနက် ကလေးမြို့သည် တော်လှန်ရေး တစ်နှစ်ကျော်သည်အထိ ခုခံတိုက်ခိုက်မှုများ အားကောင်းနေဆဲဖြစ်သလို မြေပေါ်လှုပ်ရှားမှုအဖြစ် သပိတ်စစ်ကြောင်းများလည်း နေ့စဉ်မပြတ် ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button