
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယခုလဆန်းပိုင်း အမေရိကန် တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်း ပြောင်းလဲလိုက်ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်သွားကာ ဆီဆိုင်အချို့ ပိတ်ထားရသည်။
ယမန်နေ့တွင် ဓာတ်ဆီ 92 Rom တစ်လီတာ ၁,၈၆၀ ကျပ်ရှိရာမှ ယနေ့ (ဩဂုတ် ၁၁) တွင် တစ်လီတာလျှင် ၃၀၀ ကျပ်ဝန်းကျင် ခုန်တက်လာကြောင်း သိရသည်။
Denko ဆီဆိုင်၏ ယနေ့ ဆီဈေးနှုန်းများအရ ဓာတ်ဆီ 92 Rom တစ်လီတာ ၂,၁၄၀ ကျပ်၊ 95 Rom ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် ၂,၅၁၅ ကျပ်နှင့် ရိုးရိုးဒီဇယ် ၂,၄၄၀ ကျပ်ရှိသည်။ ယင်းမှာ ယမန်နေ့ကပေါက်ဈေးထက် ပျမ်းမျှအားဖြင့် တစ်လီတာလျှင် ကျပ် ၃၀၀ ကျော် မြင့်တက်လာခြင်းဖြစ်သည်။
နိုင်ငံရပ်ခြားမှ ဆီတင်သင်္ဘောများ ဆိုက်ကပ်ကာ နိုင်ငံအတွင်း အဓိကသိုလှောင်ဖြန့်ဖြူးသည့် နေရာဖြစ်သည့် ရန်ကုန်တွင် ယနေ့အထိ စက်သုံးဆီ ဝယ်၍ ရသေးသည်ဟု မြို့တွင်း အငှားယာဉ်မောင်းအချို့က ပြောသည်။
သို့သော် မိုင် ၄၀၀ နီးပါးဝေးသည့် နိုင်ငံအလယ်ပိုင်း မြို့တော် မန္တလေးတွင် Asia Energy, BOC စသည့် နာမည်ကြီးဆီဆိုင်အချို့ ယနေ့ (ဩဂုတ် ၁၁) နံနက်တွင် ပိတ်ထားရကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့ထံမှ သိရသည်။
“ကျပ် ၁၀၀ ချထားလို့ရှိရင် ၂၀၀ ပြန်တက်ရင် ချထားတဲ့ရက်တွေက ပိုက်ဆံတွေပါ ပြန်ယူလိုက်တဲ့သဘောပဲ။ ဈေးကျတဲ့အချိန်က သက်သာတာတွေပါ ပြန်ယူသွားတာပဲ။ နောက်ဆုံးတော့ ကျွန်တော်တို့ ရှာသမျှပိုက်ဆံက ဆီဆိုင်ထဲပဲ ရောက်သွားတာပဲ” ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ တက္ကစီသမားက ပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် ကုန်ကျစရိတ်ပိုမြင့်လာ၍ သွားရေးလာရေး အခက်တွေ့နေသည်ဟု မန္တလေးမြို့မှ အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးကလည်း ညည်းတွားသည်။
“စက်ဘီးဝယ်ရမလား စဉ်းစားနေပြီ။ မနက်က ဆီပြတ်သွားလို့ ဆိုင်ကယ်တွန်းလိုက်ရတာ။ ဆီဆိုင်တွေက အကုန်ပိတ်ထားတာ။ လမ်းဘေးဆိုင်တွေက ထည့်လာရတာ။ ဒါတောင် ဓာတ်ဆီ ၉၅ ပဲရတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ဒေါ်လာဈေးအပြောင်းအလဲနှင့် စင်ကာပူမှ ဝယ်ယူတင်သွင်းသည့် ဆီဈေးမြင့်တက်မှုကြောင့် ပြည်တွင်းဈေးမြင့်တက်လာကြောင်း၊ ဆီလိုသလောက်မရသဖြင့် ဈေးကွက်အခြေအနေကို မမှန်းဆနိုင်ကြောင်း စက်သုံးဆီဖြန့်ဖြူးရောင်းချသူတစ်ဦးက ပြောသည်။
“နိုင်ငံခြားကဈေးရယ်၊ ဒေါ်လာဈေးရယ် ပေါင်းပြီးတော့ ဆီဈေးက အမျိုးမျိုးပြောင်းလဲနေတဲ့အခါကျတော့ အခုအခြေအနေက တစ်သမတ်တည်းတွက်လို့မရဘူး။ (ဗဟိုဘဏ်က) တစ်ဒေါ် ၂၁၀၀ ကျပ်ပြောင်းလဲတော့ ဆီဈေးလည်း လိုက်ပြောင်းသွားတာပေါ့” ဟု ၎င်းက ဆိုသည်။
အရပ်သားအစိုးရကိုဖြတ်ချကာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတကာအကူညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ကျဆင်းမှုကြောင့် နိုင်ငံခြားဝင်ငွေရရှိမှု ကျဆင်းလာရာ ဒေါ်လာလိုအပ်ချက်မြင့်မားပြီး ဒေါ်လာဈေးလည်း ဆက်လက်မြင့်တက်နေသည်။
အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် ၁,၃၀၀ ကျပ်သာရှိသော်လည်း အာဏာသိမ်းပြီး ၁၈ လအတွင်း ၂,၆၀၀ ကျပ်အထိ ပြင်ပဈေးကွက်တွင် ပေါက်ဈေးရှိလာက စက်သုံးဆီအပါအဝင် စားသုံးဆီ၊ ဆေးဝါး အစရှိသဖြင့် သွင်းကုန်များ ဈေးမြင့်တက်လာသည်။
မြန်မာအနေဖြင့် စွမ်းအင်ကဏ္ဍအတွက် ရေနံနှင့် ရေနံထွက်ပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဝန်းကျင်ရှိပြီး တင်သွင်းမှုလျှော့ချရန်နှင့် ပြည်တွင်းထုတ်လုပ်မှုတိုးမြင့်ရန်လိုအပ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)