ချင်းတွင်းမြစ်ကို အသုံးပြုပြီး သွားလာနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်အမျိုးအစား ယခင်နှစ်ကထက် ပိုမို စုံလင်လာသည်ဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ ထွက်လာသည့် စစ်ရေယာဉ်အုပ်စုကို ဩဂုတ် ၆ ရက်မှစ၍ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်မှ အထိနာနေသည်ဟု ဒေသခံ ကာကွယ်ရေးအဖွဲ့များက ပြောသည်။
စစ်အင်အား ၂၀၀ နီးပါး၊ စားနပ်ရိက္ခာများ၊ ဆိုင်ကယ်များ တင်ဆောင်လာသည့် စစ်သင်္ဘောတစ်စီးနှင့် ထောက်ပို့ရေယာဉ် ၃ စီးပါ စစ်ရေယာဉ်အုပ်စုသည် ဩဂုတ် ၆ တွင် မုံရွာ၊ အလုံဆိပ်ကမ်းမှ ထွက်လာခြင်း ဖြစ်သည်ဟု သိရသည်။
ထွက်လာသည့်နေ့က မင်းအိုရွာနှင့် ကနီရွာအနီးတွင်လည်းကောင်း၊ နောက်တစ်နေ့တွင် မြွေပိုင်းတောင်အနီး၊ ပဲခင်းရွာနှင့် ကဲထောင့်ရွာကြား၊ ကင်းရွာအနီးတို့တွင်လည်းကောင်း တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့များက ပြောသည်။
“ပစ္စည်းတင်တဲ့ ဖလက်ခွံပေါ်မှာက ….. တွေ (စစ်ကောင်စီတပ်သားတွေ) အများကြီးပါတော့ ကျွန်တော်တို့က အဲဒါကို အဓိက ပစ်မှတ်ထားတယ်။ စစ်သင်္ဘောကို ထုရသလောက် ထုတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ကျပေမဲ့ စစ်သင်္ဘောကတော့ ထိခိုက်မှုမရှိဘူး။ ဒီကောင်က ဖရိန်က တော်တော်မာတယ်” ဟု ကနီအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်မှ တပ်ရင်းမှူး ကိုရှမ်းလေးက ပြောသည်။
တော်လှန်ရေးအဖွဲ့များသည် လက်နက်၊ သယ်ယူပို့ဆောင်မှု၊ ထောက်ပို့၊ ငွေကြေးအင်အားတို့တွင် ရန်သူနှင့် အပြတ်အသတ် ကွာခြားနေသော်လည်း ယခင်နှစ်က လက်နက်အင်အား အနည်းငယ် ပိုကောင်းလာသည်။ ယခင်က မိုင်းနှင့် တူမီးကိုသာ အားထားခဲ့ရသည်။
ဒေသခံကာကွယ်ရေးအဖွဲ့များက ကြိုတင်နေရာယူထားသည့် ကမ်းပေါ်မှ စနိုက်ပါ၊ ရှေ့ထွက်မိုင်း သုံးပြီး အားပြုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသလို ရှပ်ပြေးရေယာဉ် နှစ်စီး ထိခိုက်ပျက်စီးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။
“ရှေ့ထွက်မိုင်းက ရေယာဉ်တွေပျက်စီးဖို့ အဓိကသုံးတာ။ သူတို့က (ဖလက်ခွံ) ဘန်ကာထဲမှာ နေတာ။ ကျွန်တော်တို့က သူတို့ခေါင်းဖော်တာကို ရွေးပြီးပစ်တာ။ လက်နက်ငယ်လည်း သုံးတယ်။ စနိုက်ပါလည်း သုံးတယ်” ဟု ကနီအခြေစိုက် ကျောက်လုံးကြီးတပ်မဟာမှ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောသည်။
မိုင်တဲတာဝါတိုင်အောက်ခြေပိုက်လုံးများဖြင့် ပြုလုပ်ထားသည့် အလျား ၄ ပေ ဝန်းကျင်ရှိ သံပိုက်အတွင်းသို့ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများထည့်ကာ ကုန်းပေါ်မှ ရှော့တိုက် ပစ်ခတ်သည့် ရှေ့ထွက်မိုင်းများသည် မီတာ ၂၀၀ အကွာအဝေးထိ ရောက်ရှိနိုင်သည့်အတွက် ရေယာဉ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
အဆိုပါရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၂၀ ဝန်းကျင်ရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ ရေယာဉ်အုပ်စုသည် ယနေ့ (ဩဂုတ် ၉) တွင် မင်းကင်းမြို့နယ်အတွင်း စစ်တပ်ကို ထောက်ခံသူ ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ အားကောင်းသည့် ပန်းဆက်ရွာအနီး ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့တွင် တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းလာပြီးနောက် စစ်တပ်က စားနပ်ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် ကုန်းကြောင်းထက် ချင်းတွင်းမြစ်ကြောင်းကို ပိုမိုအားပြုလာသည်။
တိုက်ပွဲသတင်းများကို စစ်တပ်က အမှောင်ချထားလေ့ရှိသည်။ စစ်ကောင်စီဘက်တော်သားတို့၏ အွန်လိုင်းလူမှုကွန်ရက်တွင်မူ ၎င်းတို့ အသာစီးရနေသည်ဟု ပုံမှန်ဖော်ပြပြီး ဝါဒဖြန့်နေသည်ကို တွေ့ရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)