သတင်း

တအာင်းအဖွဲ့ ဖမ်းထားသည့် ရှမ်းအမျိုးသမီး၏ မိသားစုဝင်များ ဆန္ဒထုတ်ဖော်မည်

ရန်ကုန် – တအာင်းပလောင် လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီး ပြန်လည် လွတ်မြောက်လာရေးအတွက် မိသားစုဝင်များက လာမည့် စက်တင်ဘာလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ ဆန္ဒဖော်ထုတ်မည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် ကုန်မာဆိုင်ဖွင့်ထားသည့် အသက် ၄၀ ဝန်းကျင်ရှိ နန်းမိုဟွမ်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က လွန်ခဲ့သည့်တစ်လနီးပါးခန့်က ဖမ်းဆီးသွားခဲ့ ပြီးနောက် အဆက်အသွယ် လုံးဝမရခြင်းနှင့် ပြန်လွတ်မြောက်လာခြင်း မရှိခြင်းကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်သည်ဟု အဖမ်းခံထားရသူ၏ အစ်မ နန်းမိုခမ်းက ပြောသည်။

နန်းမိုဟွမ်သည် ဩဂုတ်လ ၁၇ ရက် နံနက်က ၎င်း၏ကလေးငယ်များကို ထမင်းကျွေးနေစဉ် TNLA အဖွဲ့က “အခွန်”ဟု သုံးနှုန်းသည့် ငွေကြေးကောက်ခံသည့်ကိစ္စ တိုင်ကြားခြင်းကြောင့်ဟု စွပ်စွဲကာ လက်နက် ကိုင်ဆောင်ထားသည့် TNLA တပ်ဖွဲ့ဝင်များက ပါဂျဲရိုးကားဖြင့် နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ပြီး သေနတ်များဖြင့် ချိန်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မိသားစုဝင်များနှင့် လွတ်မြောက်လာစေရန် ကူညီပေးနေသည့် ဒေသခံအဖွဲ့များမှ တာဝန်ရှိသူများက ယနေ့ နေ့ခင်းပိုင်းက Myanmar Now ကို ပြောသည်။

“ကျွန်မညီမက အရမ်းကြောက်တတ်တယ်။ မိသားစုရှိတော့ ထိခိုက်မှာပိုစိုးရိမ်လို့ သူတို့ ငွေလာကောက်တိုင်း အမြဲပေးတာ။ သူတို့ (TNLA) စွပ်စွဲသလို တိုင်ဖို့မပြောနဲ့ မိသားစုဝင်အချင်းချင်း မေးရင်တောင် ဘယ်သူ စာလာပို့လဲဆိုတာ တောင် လုံးဝမဟဘူး။ အဲလိုလူကို ဖမ်းထားတာလည်း ကြာပြီ၊ မိသားစုကို အကြောင်းကြား ဆက်သွယ်တာ ဘာမှလည်းမရှိသေးဘူး။ ကလေးတွေ ကျန်ခဲ့တဲ့အပြင် လူကိုလည်း လုံးဝမမြင်ရသေးတော့ သူ့ကျန်းမာရေးကိုလည်း အရမ်း စိုးရိမ်နေပြီ။ ဒါကြောင့် အပြစ်မရှိတဲ့ ကျွန်မညီမကို အမြန်လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော်မှာပါ”ဟု ၎င်း၏အစ်မ နန်းမိုခမ်းက ပြောသည်။

လက်ရှိအချိန်တွင် နန်းမိုဟွမ်၏ အမျိုးသားမှာ အသက်အန္တရာယ်ရှိသောကြောင့် တိမ်းရှောင်နေပြီး အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦးနှင့် ဆယ်ကျော်သက်အရွယ်ကလေးတစ်ဦး ရှိကြောင်း သိရသည်။

သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံမှ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့်ကျပြီးသောကြောင့် နမ့်ခမ်းမြို့၊ မြို့လယ် ဘုရားကျောင်းရှေ့တွင် ၇ ရက်နေ့ နံနက် ၉ နာရီမှစ၍ နန်းမိုဟွမ်၏ မိသားစုဝင် ၁၀ ဦးက ဦးဆောင်၍ ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။

နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် မေတ္တာရပ်ခံစာကို နမ့်ခမ်းမြို့ခံ သံဃာတော်များ၊ ပြည်သူလူထုများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုပေါင်း၍ နိုင်ငံတော်သမ္မတရုံး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တအာင်းသံဃာအဖွဲ့ အစည်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီ မြောက်ပိုင်းမဟာမိတ်အဖွဲ့ FPNCC တို့ထံသို့ စက်တင်ဘာလ ၂ ရက်တွင် ပို့ခဲ့ကြောင်း သိရသည်။

သို့သော် TNLA အနေဖြင့် အကြောင်းပြန်ကြားခြင်း မရှိသည့်အပြင် နန်းမိုဟွမ်ကို အပြစ်စီရင်မည်ဟု ထုတ်ပြန်လာခြင်းကြောင့် ရှမ်းလူမျိုးနှင့် တအာင်းလူမျိုးအကြား လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြသည်ဟု နမ့်ခမ်းလူငယ်ကွန်ရက်မှ လူထုဆက်ဆံရေးတာဝန်ခံ စိုင်းသိန်းရွှေက ပြောသည်။

“ကျွန်တော်တို့ စာပို့ထားတဲ့အပေါ်မှာ ဘာမှအကြောင်းပြန်တာမရှိဘဲ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ပုံစံမျိုးနဲ့ ကြေညာစာ ထုတ်လာတဲ့အတွက် စိတ်မကောင်းဘူး။ ဘယ်သူ့မှ ဘဝင်မကျဘူး။ ဒါရဲ့ အကျိုးဆက်ကြောင့် တအာင်းလူငယ်တွေရော၊ ရှမ်းလူငယ်တွေရော လာမယ့်မျိုးဆက်သစ်တွေမှာ စိတ်ဒဏ်ရာတွေ ရှိသွားမှာ အစိုးရိမ်ဆုံးပါဘဲ”ဟု ၎င်းက ဆိုသည်။

TNLA ၏ ယခုလ ၃ ရက်နေ့က ထုတ်ပြန်ချက်တွင် နန်းမိုဟွမ်သည် TNLA ၏ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သည်ဟု တိုင်ကြားခံရသော ကြောင့် ဖမ်းဆီးခြင်းဖြစ်ပြီး TNLA အဖွဲ့၏ “ရာဇသတ်ကြီး” ဥပဒေပုဒ်မ ၃၃၃ အရ TNLA ဗဟိုတရားရုံး၌ အမှုကို လက်ခံစစ်ဆေးနေကာ နန်းမိုဟွမ်၏ ဆွေမျိုးများနှင့် အများပြည်သူရှေ့တွင် စီရင်ချက်ချနိုင်ရန် စီစဉ်သွားမည်ဟု ဖော်ပြထားသည်။

RFA သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် TNLA တို့၌ ၎င်းတို့ကိုယ်ပိုင် သီးခြားဥပဒေရှိသည်ဟု ဖြေထားပြီး အသေးစိတ်ကို ထုတ်ဖော်ရန် ငြင်းဆိုသွားသည်။

Myanmar Now အနေဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ TNLA သို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရပေ။

(ဖြည့်စွက်ချက်။ ။ TNLA ကြေညာချက်ပါ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဆိုသည်မှာ လက်ရှိ မြန်မာနိုင်ငံ၏ရာဇသတ်ကြီးကို ဆိုလိုခြင်း ဟုတ်မဟုတ် မရှင်းလင်းပါ။ မြန်မာ့ရာဇသတ်ကြီး ပုဒ်မ ၃၃၃ အရမူ “ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား နာကျင်စေလျှင် ၁၀ နှစ်အထိ ထောင်ဒဏ်အမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” ဟု ပါရှိပါသည်။)

Show More

Related Articles

Back to top button