မေးမြန်းခန်း

“နယ်မြေစိုးမိုးပြီ၊ လွတ်မြောက်နယ်မြေမဖြစ်သေးဘူး၊ လက်နက်လိုတယ်”- ရေစကြို PDF

ပြည်သူမဲပေးရွေးချယ်ထားသည့် အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ရရာလက်နက်ဖြင့် ခုခံနေကြသည့်ထဲတွင် မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းရှိ ရေစကြိုမြို့နယ်လည်း ပါဝင်သည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတွင်ရှိပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့နှင့် နယ်နိမိတ်ထိစပ်နေကာ ဧရာဝတီမြစ်ဆီသို့ ရေလမ်းခရီးပေါက်သည့် ရေစကြိုမှာ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါသည့် ဒေသဖြစ်သည်။ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း သုံးခု အခြေစိုက်ထားသည်။

သို့သော် အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် မကွေးတိုင်းအတွင်းမှ ရေစကြိုမြို့နယ်သည် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် PDF၊ ပကဖ တို့က စစ်ကောင်စီကို ကောင်းစွာအန်တုထားနိုင်သည်။

မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရဲစခန်းများ၊ စစ်ဆေးရေးဂိတ်များကို PDFက တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်း၍ အခြေခံပညာသင်ကြားရေး၊ ရပ်ရွာအုပ်ချုပ်ရေး လုပ်ငန်းများကိုလည်း တော်လှန်ရေးအင်အားစုတို့က လုပ်ဆောင်နေကြသည်။

ထိုအခြေအနေများကို သိရှိနိုင်ရန် ရဲဘော်ဝေကြီးဟု အမည်ဝှက်ပေးထားသည့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ခေါင်းဆောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှု  အခြေအနေက ဘယ်လိုရှိလဲ။ စစ်ကြောင်းထိုးတဲ့အခါ ဘယ်က တပ်တွေ လာလေ့ရှိလဲ။

ကျွန်တော်တို့ရေစကြိုမြို့နယ်က ပထဝီအနေအထားအရ အရမ်းကို ဗျူဟာကျတယ်။ ကျွန်တော်တို့ ရေစကြိုမြို့နယ်မှာ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ် ဆုံတဲ့နေရာရှိတယ်။ ရေလယ်ကျွန်းဆိုတဲ့ ဒေသလည်းရှိတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း ထိစပ်နေတဲ့ တစ်ခုတည်းသော မကွေးတိုင်းရဲ့ နေရာဖြစ်တယ်။ စစ်ကောင်စီကလည်း (ခြေလျင်တပ်ရင်း အမှတ်)၂၅၆၊ ၂၅၇၊ ၂၈ ထိုင်ထားတယ်။ ဒီမြို့သေးသေးလေးကို တပ်ကြီး သုံးတပ်ထိုင်ထားတယ်ဆိုတော့ PDFတွေ အားကောင်းလာဖို့ ခက်လိမ့်မယ်လို့ ထင်စရာရှိတယ်။ သို့ပေမယ့် ကျွန်တော်တို့ မြို့နယ်မှာတော့ တော်လှန်ရေးရေချိန်လည်း မြင့်နေပြီ။

PDF တွေလည်း အားကောင်းလာတယ်။ PDF တွေ၊ ပကဖ တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေလည်း များစွာရှိနေပြီ။ စကစကတော့ သူ့ရဲ့တပ်အနီးဝန်းကျင်နဲ့ မြို့ပေါ်မှာတော့ ကောင်းကောင်းကြီး အုပ်ချုပ်နေနိုင်တယ်။ ကျောင်းလည်း မြို့ပေါ်မှာ ဖွင့်နေနိုင်တယ်။ သို့ပေမယ့် နယ်ဘက်တွေမှာတော့ စကစကျောင်းက တစ်ကျောင်းမှ ဖွင့်ထားနိုင်ခြင်းမရှိဘူး။ စကစရဲ့ အုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နိုင်ခြင်းမရှိဘူး။ 

ကျွန်တော်တို့ မြို့နယ်ထဲမှာ စစ်ကြောင်းမရှိသေးဘူး။ ရေလယ်ကျွန်းဒေသမှာက မင်းရွာမှာတော့ တပ်စွဲထားတယ်။ စကစက ရေစကြိုမြို့နယ်ထဲကို စစ်ကြောင်းထိုးတဲ့အခါ မြိုင်ဘက်က စစ်ကြောင်းတွေလည်း လာတယ်။ ဆားလင်းကြီးဘက်က စစ်ကြောင်းတွေလည်း လာတယ်။ ချောင်းဦးဘက်က စစ်ကြောင်းတွေလည်း လာတယ်။ အဓိကကတော့ ပခုက္ကူတပ်မ ၁၀၁ က စစ်ကြောင်းတွေက များတယ်။

စစ်ရေးလေ့ကျင်နေသည့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – ရေစကြို PDF

PDF လှုပ်ရှားမှုအခြေအနေကရော ဘယ်လိုရှိလဲ။

ကျွန်တော်တို့ အနေနဲ့ နယ်မြေစိုးမိုးရေးအတွက် အခြေခံစစ်ပညာ အပတ်စဉ် ၁၄ အထိ အောင်မြင်စွာ ပေးနိုင်ခဲ့ပြီ။ လူပေါင်း ၁၅၀၀ နီးပါးလောက်ကို သင်တန်းပေးပြီးသားဖြစ်တယ်။ ရပ်ကျေး ကာကွယ်ရေးအဖွဲ့တွေကိုလည်း ကျွန်တော်တို့ ဖွဲ့စည်းပြီးဆောင်ရွက်နေတယ်။ ရပ်ရွာကာကွယ်ရေး လုပ်ငန်းတွေ လုပ်နိုင်အောင် ဖွဲ့စည်းထားတယ်။ မြို့နယ်အဆင့် အဖွဲ့အစည်းအနေနဲ့ အောင်မြင်တဲ့ တိုက်ပွဲတွေ၊ စစ်ကောင်စီနဲ့ တိုက်ရခိုက်ရမယ့် ကိစ္စတွေကိုပဲ အဓိက ဆောင်ရွက်နေပါတယ်။

ကျွန်တော်တို့အနေနဲ့ အောင်မြင်တဲ့တိုက်ပွဲတွေ များစွာဆင်နွှဲနိုင်ခဲ့တယ်။ ရေစကြိုမြို့နယ်ထဲမှာလည်း ဆင်နွှဲနိုင်ခဲ့တယ်။ မြိုင်နယ်၊ ပေါက်နယ်၊ ဆားလင်းကြီးအထိ ကျွန်တော်တို့ ဆင်နွှဲနိုင်ခဲ့တယ်။ 

ကျွန်တော်တို့ ရေစကြိုမြို့နယ်ထဲမှာဆိုရင် ပခန်းငယ်စခန်းကို သိမ်းနိုင်တယ်။ မအူရဲကင်းစခန်းကို သိမ်းနိုင်တယ်။ တလောက မအူတံတား ရဲကင်းကို သိမ်းနိုင်တယ်။ ရန်သူ့လက်နက်တွေလည်း ရခဲ့တယ်။ မြိုင်နဲ ရေစကြိုအစပ်မှာရှိတဲ့ လင်းကတောရဲစခန်းပေ့ါဗျာ။ အဲဒီမှာလည်း ရန်သူ့လက်နက်တွေ ရရှိအောင်၊ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်ကျဆုံးမှုမရှိအောင် စီမံတိုက်ခိုက်နိုင်ခဲ့တယ်။ ရေပြာရဲစခန်းတို့၊ ကျားတက်စခန်းတို့လည်းသိမ်းနိုင်ခဲ့တယ်။ 

ကျွန်တော်တို့အနေနဲ့ ဘာကြောင့် ဒီလောက်လုပ်နိုင်တာလဲဆိုရင် ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကြောင့် ဒီလောက်စွမ်းဆောင်နိုင်တယ်လို့ ပြောလို့ရပါတယ်။  

တော်လှန်ရေးက တစ်နှစ်ကျော်ကြာလာပြီ။ ဘာတွေစွမ်းဆောင်နိုင်ခဲ့လဲ။ ဘာတွေ အားနည်းနေသေးလဲ။ 

ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ တပ်ရင်း ၃ ရင်းကို လတ်တလောတော့ တိုက်နိုင်တဲ့အနေအထားမရှိဘူးပေါ့ဗျာ။ သို့ပေမယ့် ဒီတပ်ရင်း ၃ ရင်းထဲက စကစရဲ့ နောက်လိုက်တွေလည်း ကျွန်တော်တို့ရဲ့ နယ်မြေတွေကို မလာနိုင်ဘူး၊ 

မိုင်းတွေကာတယ်၊ ကင်းတွေကာတယ်၊ နယ်မြေတွေကိုလည်း ကျွန်တော်တို့ အမှန်တကယ်ထိန်းချုပ်ထားနိုင်တယ်။ 

စစ်တပ်ကတော့ သူတို့ရဲ့ တပ်ဝန်းကျင်နဲ့ မြို့ဝန်းကျင်မှာတော့ စိုးမိုးထားနိုင်တယ်။ 

ကျန်တဲ့နေရာတွေမှာတော့ ကျွန်တော်တို့ စိုးမိုးတယ်။ သွားလာလှုပ်ရှားတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားနိုင်တယ်။ ကြံ့ခိုင်ရေး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး) ပါတီဝင်အားကောင်းတဲ့နေရာတွေက ပျူစောထီး(စစ်တပ်လက်နက်တပ်ပေးထားသည့် အရပ်သား) တွေ များတယ်။ ဒီရွာကနေ သူတို့ အပြင်ကို သွားရဲတာတော့မဟုတ်ဘူး။ သူတို့ရွာထဲမှာပဲ စစ်တပ်နဲ့ အတူတူနေထိုင်တယ်။ တပ်စွဲထားတယ်။ 

တနှစ်ကျော်လာတဲ့ခါမှာ ကျွန်တော်တို့လျှောက်ခဲ့တဲ့ ခရီးမှာ အောင်မြင်မှု အတိုင်းအတာတစ်ခုအထိရတယ်။ နယ်မြေစိုးမိုးမှုလည်း လုပ်နိုင်တဲ့အနေအထားတစ်ခုထက် ကျော်လွန်လုပ်နိုင်တယ်။ နောက်တစ်ချက် ကျွန်တော်တို့မှာ အားသာတာက ကျွန်တော်တို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ မြို့နယ်တွေရှိတယ်ဗျ။ မြိုင်တို့၊ ဆားလင်းကြီးတို့ပေါ့နော်။ ဆားလင်းကြီးတို့၊ မြိုင်တို့နဲ့ ပခဖ အချင်းချင်း၊ PDFအချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တယ်။ ဆာလင်းကြီးလိုရင်လည်း သွားကူတယ်။ မြိုင်လို့ရင်လည်း သွားကူတယ်။ ကျွန်တော်တို့ ၃ မြို့နယ်ကတော့ တော်တော်နီးကပ်စွာ လှုပ်ရှားနေတယ်။

လတ်တလောမှာတော့ နယ်မြေလည်း စိုးမိုးထားနိုင်ပြီ။​ စကစကလည်း မြို့ပေါ်က လွဲလို့  ရပ်ကျေးက နယ်မြေတော်တော်များများကို စီမံမှု၊ အုပ်ချုပ်မှု၊ ပြည်သူ့အရေးတွေကို ဖြေရှင်းဆောင်ရွက်မှု မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အခါ ကျွန်တော်တို့ ပကဖအနေနဲ့ တရားစီရင်ရေးယန္တယားမပေါ်ပေါက်သေးခင် ဆောင်ရွက်ပေးရတဲ့ကိစ္စရှိတယ်။ 

လင်းမယားကိစ္စတွေ၊ ရန်ဖြစ်တဲ့ကိစ္စတွေက အစ ကျွန်တော်တို့ကို လာတိုင်ကြတယ်။ ကျွန်တော်တို့က တစ်ဖက်မှာက တော်လှန်ရတယ်။ တစ်ဖက်မှာလည်း ပြည်သူနဲ့ အနီးကပ်နေရတယ်။ ပြည်သူ့ပြဿနာတွေကို ဖြေရှင်းပေးရတယ်။ 

ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေးနေရလဲ။ 

အဓိကကတော့ ရပ်ရွာမှာ ရပ်ရွာကာကွယ်ရေးတပ်ဖွဲ့ရှိတယ်။ ရပ်ကျေး ပအဖရှိတယ်။ ကိစ္စတော်တော်များများက ရပ်ကျေး ပကဖက ဖြေရှင်းရတယ်။  ရပ်ကျေး ပကဖ မဖြေရှင်းပေးတတ်တဲ့ကိစ္စမျိုးတွေဆို ကျွန်တော်တို့သွား ညှိပေးရတယ်။ ဖြေရှင်းပေးရတယ်။ ဥပမာ- သားရေးသမီးရေးကိစ္စတွေကအစပေ့ါဗျာ။ ရပ်ကျေး ပကဖက ဖြေရှင်းလို့မနိုင်တော့ဘူးဆိုရင် ကျွန်တော်တို့က အမွေက အစသွားခွဲပေးနေရတာ။ …..

လင်မယားပြန် ပေါင်းပေးရတာတွေလည်း ရှိတယ်။ တကယ်ကွဲပေးရတဲ့ကိစ္စတွေလည်း ရှိတယ်။  လင်းမယားကွဲတော့ ပစ္စည်းတွေလည်း ခွဲပေးရတာတွေလည်း ရှိတယ်။ 

ကျွန်တော်တို့မှာက ရပ်ကျေး ပကဖတွေရှိတယ်။ ရွာထဲမှာ ဖြေရှင်းလို့ရတဲ့ကိစ္စ၊ မူးတဲ့ကိစ္စ၊ ရမ်းတဲ့ကိစ္စ၊ တခြားကိစ္စတွေကို ရပ်ကျေးကာကွယ်ရေးအဖွဲ့တွေက ဖြေရှင်းတယ်။ မူးပြီး ဆူတယ်၊ ရမ်းတယ်ဆို ရပ်ကျေး ပကဖအဖွဲ့တွေက ဒီလူကို တစ်ရက်လောက်ခေါ်ပြီး ထိတ်တုံးခတ်လိုက်တယ်၊ အဆင်ပြေသွားတယ်။ တစ်မြို့နယ်လုံးနဲ့ခြုံတဲ့အခါကျတော့ ပြဿနာက များတာပေ့ါ။ ခိုးတဲ့ကိစ္စတွေဆိုလည်း ရပ်ကျေးကာကွယ်ရေးနဲ့၊ အုပ်ချုပ်ရေးအဖွဲ့က ဖြေရှင်းကြတယ်။

အဖွဲ့ဝင်အင်အား အခြေအနေကရော ဘယ်လိုရှိလဲ။

အင်အားကတော့ ကျွန်တော်တို့က အတိုးပဲရှိတာ၊ အလျော့မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ စိုးမိုးလာနိုင်တယ်၊ ပိုပိုပြီးတော့ လုပ်လာနိုင်တယ်။ ကျွန်တော်တို့မှာ အင်အားက တိုးလာတယ်။ သို့ပေမယ့် အဓိက အရေးကြီးတာ လက်နက်။ လက်နက်အင်အားက လုံလောက်တဲ့အနေအထားမရောက်သေးဘူး။ ကျွန်တော်တို့မှာ ရဲဘော်အင်အား၊ စုဖွဲ့မှုအင်အားက တော်တော်ကောင်းကောင်းလုပ်ထားနိုင်ပြီ။ 

ကျွန်တော်တို့က မြို့နယ် ပကဖ တာဝန်ကိုပါ ထမ်းဆောင်ရတာ။ ကျွန်တော်တို့ မြို့နယ် ပကဖအတွက် NUGက ချပေးထားတဲ့ လက်နက်အနည်းအငယ်ရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင် အလှူခံပြီး ဝယ်ယူထားတဲ့လက်နက်တချို့ လည်းရှိတယ်။ တိုက်ပွဲတွေကို တိုက်ခိုက်သိမ်းယူထားတဲ့ လက်နက်တွေလည်းရှိတယ်။ အဲဒီလက်နက်တွေနဲ့ တိုက်ပွဲတွေ တိုက်တယ်။  နယ်မြေစိုးမိုးမှုရအောင် ယူနိုင် ဆောင်ရွက်နိုင်တယ်။ 

လတ်တလောအနေအထားကတော့ လက်နက်က ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့အနေအထားရောက်နေပြီ။ စျေးတွေကလည်း အရမ်းခေါင်ခိုက်နေပြီ။ လက်နက်တွေ ထပ်ပြီးရရှိဖို့ ကျွန်တော်တို့ အများကြီးအလုပ်လုပ်ရမယ်။ 

ဒီတော်လှန်ရေးရဲ့ အဖြေက လက်နက်ပဲ။ ဒီတော်လှန်ရေးကို စကတည်းက လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ကြတာ။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ပြီးမှ ကိုင်စရာလက်နက်မရှိရင် ပါးစပ်ကပဲ လက်နက်ကိုင်လမ်းစဉ် လျှောက်သလိုဖြစ်နေမှာပေ့ါ။ ကျွန်တော်တို့ ကိုင်စရာလက်နက်တော့လိုတယ်ဗျ။ ကျွန်တော်တို့က လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးပါပြီဆိုမှ ကိုင်စရာလက်နက်မရှိရင်လည်း ကျွန်တော်တို့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။ စစ်ကောင်စီကိုလည်း အန်တုနိုင်မှာ မဟုတ်ဘူး၊ တိုက်နိုင်မှာ မဟုတ်ဘူး။ နယ်မြေစိုးမိုးရေးလည်း လုပ်နိုင်မှာမဟုတ်ဘူး​။ အရမ်းအရေးကြီးတဲ့အချက်ကတော့ လက်နက်ကိုင်တဲ့အခါ ရည်ရွယ်ချက်မပျောက်ဖို့လိုတယ်။ သစ္စာလည်း မဖောက်ဖို့လိုတယ်။ လက်နက်ကိုင်ပြီးတော့ ပြည်သူ့ကို ဒုက္ခပေးတဲ့ စစ်ကောင်စီရဲ့လမ်းကို အချိန်မရွေးရောက်သွားနိုင်တယ်။ 

ကျွန်တော်တို့ တော်လှန်ရေးခရီးကလည်း တနှစ်ကျော်ခဲ့ပြီ။ ခရီးလည်း ရောက်သင့်သလောက်ရောက်ပြီ။ လုပ်စရာတွေလည်း အများကြီးရှိသေးတယ်။ တော်လှန်ရေးလုပ်ရင်း လုပ်ရင်းနဲ့ ရည်ရွယ်ချက်ပျောက်နေကြတဲ့သူတွေလည်း မြင်တွေ့နေရပြီ။ တော်လှန်ရေးအပေါ်မှာ ရည်ရွယ်ချက်မပျောက်ဘဲ၊ ရဲဘော်ရဲဘက်အပေါ်မှာ သစ္စာမဖောက်ဘဲ ရှေ့ဆက်ကြပါ။

ရေစကြိုမြို့နယ်ကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရလဲ။

စစ်ရေးကိစ္စဖြစ်တဲ့အခါကျတော့ အတိအကျရာခိုင်နှုန်းနည်းပြောဖို့ခက်တယ်။ ထိရောက်၊ လုံလောက်တဲ့ ထိန်းချုပ်မှုတော့ ရှိနေပြီ။

စိုးမိုးထားတဲ့နယ်မြေတွေမှာ ဘယ်လောက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လဲ။

အမှုအခင်းကိစ္စတွေ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စကအစ ကျွန်တော်တို့က ဆောင်ရွက်ပေးရတဲ့အနေအထားပါ။ အဲဒါကိုကြည့်ရင် ပြည်သူလူထုရဲ့ ယုံကြည်အားကိုးမှုက ဘယ်လောက်အနေအထားဖြစ်နေပြီဆိုတာ မြင်နိုင်ပါတယ်။ အမှုအခင်းတွေက နေ့တိုင်းရှိနေတာ။ နားကိုမနားရဘူး။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေစကြို-ချောင်းဦးလမ်းပေါ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ။ ဓာတ်ပုံ- ရေစကြို PDF

ရွာတွေမှာ စစ်ကောင်စီရဲ့ ကျောင်းတွေ မဖွင့်နိုင်ဘူးဆိုတော့ အဲဒီဒေသတွေက ကလေးတွေ ပညာရေးအတွက်ရော ဘာတွေလုပ်ပေးနေလဲ။

ဒီကာလမှာ ပညာရေးကလည်း ပစ်ထားလို့မရတဲ့ကဏ္ဍတစ်ခုပေ့ါဗျာ။မြို့နယ် ပညာရေးဘုတ်အဖွဲ့နဲ့ တိုင်ပင်ပြီး ကျွန်တော်တို့မြို့နယ်မှာရှိတဲ့ NUGကျောင်းတွေ ဖွင့်နိုင်အောင် ကြိုးစားတယ်။ ဖွင့်လည်း ဖွင့်နေပြီ။ လောလောဆယ်မဖွင့်နိုင်သေးတာက စကစ ဝင်လို့ ထွက်လို့ရတဲ့နေရာတွေပဲ။ 

ကျွန်တော်တို့ စိုးမိုးထားတယ်၊ သို့ပေမယ့် စကစက ခဏလေးနဲ့ ရောက်လာနိုင်တဲ့ နေရာတွေပေါ့ဗျာ။ ကားလမ်းဘေးကရွာမျိုးတွေက လွဲလို့ အတွင်းဝင်တဲ့ရွာတွေမှာ ကျောင်းတွေ ဖွင့်နေပြီ။

ကျွန်တော်တို့က စိုးမိုးအောင်ပဲ လုပ်နိုင်တာ။ အမှန်တိုင်းပြောရရင် လွတ်မြောက် လုပ်နိုင်တဲ့ စွမ်းအား မရှိသေးပါဘူးဗျ။ ကျွန်တော်တို့က လွတ်မြောက်တဲ့နယ်မြေမဟုတ်ဘူး။ စိုးမိုးတဲ့နယ်မြေပါ။ စိုးမိုးတဲ့နေမြေဆိုတော့ ပညာရေးလူမှုရေးကအစ စီမံပေးရတယ်။ ကျွန်တော်တို့ ကျောင်းတွေဖွင့်ရတယ်။ ကျွန်တော်တို့က ကင်းတွေချရတယ်။ လာရာလမ်းကြောင်းတွေမှာ ပွိုင့်(ကင်း)တွေ ထားရတယ်။​ သူတို့လည်း မလာနိုင်တဲ့အနေအထားဖြစ်အောင် စီမံရတယ်။ သို့သော် လွတ်မြောက်နယ်မြေမဟုတ်တဲ့အခါကျတော့ စစ်ကြောင်းထိုးလာရင် ကျောင်းတွေပိတ်ရတယ်။  ကလေးတွေ ရှောင်ဖို့ တိမ်းဖို့ လုပ်ရတာပဲ။ ကလေးတွေ လုံလုံခြုံခြုံဘေးကင်းဖို့ ရွှေ့ရ၊ပြောင်းရ စီမံရတယ်။ 

ကျွန်တော်တို့ စိုးမိုးထားတဲ့နေရာတွေမှာ ကလေးတွေ အေးအေးလူလူစာသင်နိုင်အောင် ဆောင်ရွက်နေကြတယ်။ ကျွန်တော်တို့က စိုးမိုးရုံပဲ ရှိတာကို။ လွတ်မြောက်အောင် မလုပ်နိုင်သေးတဲ့အခါကျတော့ ဖြောင့်ဖြောင့်တန်းတန်းတော့ မသင်နိုင်သေးဘူး။ စစ်ကြောင်းထိုးလာရင် ရှောင်ရတိမ်းရတယ်။ ကျောင်းတွေပိတ်ရတယ်။ ကျွန်တော်တို့ပညာရေးကိုတောင်မှ ဖြောင့်ဖြောင့်တန်းတန်းလုပ်လို့မရသေးတဲ့အနေအထားတော့ရှိသေးတယ်ဗျ။

ရွာတွေရဲ့ အခြေနေကိုရော ဘာများပြောပြပေးလို့ရမလဲ။ 

လူထုကတော့ဗျာ … ဒုက္ခရောက်တယ်ပြောရမှာပေါ့။ စီးပွားရေးလည်း ကောင်းကောင်းမလုပ်ရဘူး။   ဒုက္ခရောက်ပေမယ့် ပုံမှန်လည်ပတ်နိုင်တယ်။သို့ပေမယ့် စစ်ကြောင်းထိုးလာရင် အရမ်းဒုက္ခရောက်တယ်။ ပြေးရလွှားရတယ်။ အိမ်တွေ မီးရှို့မှာကြောက်ရတယ်။ သစ်ပင်တွေ အောက်မှာ အိပ်ရတယ်။ 

လူထုက ပြောတာရှိတယ်။ စစ်တပ်မလာရင် အေးချမ်းတယ်။ စစ်တပ်လာရင် ငါတို့မအေးချမ်းဘူး။ (စိုးမိုးနယ်မြေတွေမှာ) စစ်ကြောင်းသာမထိုးရင် တော်တော်လည်း လုပ်ကိုင်စားသောက်နိုင်တယ်။ 

မကွေးတိုင်း၊ ရေစကြိုမြို့နယ် တည်နေရာပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button