
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် လက်ပံလှရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် မီးရှို့၊ သတ်ဖြတ်ခြင်းကြောင့် ၈၈ နှစ်အရွယ် အမျိုးသမီးအပါအဝင် ၃ ဦး ဇူလိုင် ၂၇ တွင် သေဆုံးသွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ် ၃ ခုက Myanmar Now ကို အတည်ပြုသည်။
အဘွားဒေါ်ဆီသည် အသက်အရွယ်ကြီးရင့်သဖြင့် ထွက်မပြေးနိုင်ဘဲ မီးလောင် သေဆုံးကြောင်း၊ သိန်း ၁၀၀ ကျော်ဖိုးရှိသည့် လက်နက်ခဲယမ်းများ အသိမ်းခံရသည့် နေအိမ်အတွင်း နေထိုင်သူဖြစ်ကြောင်း ကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလေရိုင်းက ပြောသည်။
“ပစ္စည်းတွေကတော့ ရွာထဲကနေ အသိမ်းခံလိုက်ရတာ အဲဒီအိမ်တော့ မီးရှို့သွားတယ်၊ အဲဒီအရှေ့ဘက်က အိမ်မှာ အဘွားနေတာ၊ အဲတော့ မီးထဲပါသွားတာပေါ့” ဟု ပြောသည်၊
၃၅ နှစ်အရွယ် ကိုတင်မိုးဝင်းဆိုသူမှာ အဖမ်းခံရပြီးမှ စစ်တပ်က နှိပ်စက် သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း သူက သုံးသပ်သည်။
“ပါးစပ်ထဲ ဓားစိုက်ပြီး ဘယ်ဘက်ပါးစောင် ညာဘက်ပါးစောင် လှီးဖြတ်ထားတာ၊ ပါးစပ်ကို ဆွဲဖြဲတဲ့ပုံစံမျိုးပေါ့၊ ဆီးခုံမှာ (ကျည်) တစ်ချက် မှန်ထားတယ်၊ ခေါင်းကို တေ့ပစ်ထားတယ်” ဟု သူက ပြောသည်။
ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီဝန်းကျင်တွင် လက်ပံလှရွာသို့ ရောက်လာကြသည့် စစ်ကောင်စီတပ်သည် ဆေးပေးခန်းတစ်ခုအပါအဝင် နေအိမ်များနှင့် စပါးကျီများကို မီးရှို့ခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။
မီးလောင် ပျက်စီးသွားသည့် နေအိမ်အရေအတွက်၊ စပါးပမာဏတို့ကို Myanmar Now က အတည်ပြု၍ မရနိုင်သေးပါ။
စစ်ကောင်စီတပ်က နေ့လယ် ၂ နာရီခန့်တွင် လက်ပံလှရွာနှင့် ကပ်လျက်ရှိသည့် လောင်းရှည်ရွာသို့ ဝင်ရောက်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ နှိပ်စက်သတ်ဖြတ်ခံရသည့် ၁၈ နှစ်အရွယ် ကိုသိန်းဇော်အောင်၏ ရုပ်အလောင်းကို ရွာထိပ်တွင် ပစ်ထားခဲ့သည်ဟုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။
“တစ်ယောက်ကတော့ ထွက်ပြေးလာနိုင်ခဲ့တယ်၊ တစ်ယောက်ကတော့ ပစ်သတ်ခံရတယ်၊ သေနတ်နဲ့ ခေါင်းကို ပစ်ဖောက်ထားတာ၊ ရင်ဘတ်ကိုလည်း ပစ်ထားတာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြောသည်။
ဒေသကာကွယ်ရေးအဖွဲ့ဝင်များက စစ်ကောင်စီတပ်ကို လက်နက်တပ်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်နေစဉ် ဖမ်းဆီးခံ လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟုလည်း သူက ပြောသည်။
စစ်ကောင်စီတပ်က မြို့ပေါ် ကင်းလှည့်ရာတွင် စစ်ကားများကို အသုံးမပြုတော့ဘဲ အိမ်စီးကားများကိုသာ အသုံးပြုလာသည်ကို တွေ့ရသည်၊ လက်ပံလှရွာနှင့် လောင်းရှည်ရွာများသို့ ဝင်ရောက်လာရာတွင်လည်း အရပ်ဝတ်များ ဝတ်ဆင်ထားသည်ဟု ဒေသခံများက ဆိုသည်။
လက်ပံလှရွာဖြစ်စဉ်နှင့် ပက်သက်ပြီး စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများတွင် လက်လုပ်သေနတ် ၁၇ လက်၊ လက်လုပ်မိုင်း ၅၀၊ လက်ပစ်ဗုံး အလုံး ၅၀ သိမ်းဆည်းရမိကြောင်း ရေးသားထားကြပြီး သတ်ဖြတ်မီးရှို့မှုများကိုမူ ဖော်ပြထားခြင်းမရှိပေ။
PDF များမှာ အကြမ်းဖက်သမားများဖြစ်ကြောင်း၊ စစ်သားများက ကာကွယ်ရေးတာဝန်သာ ထမ်းဆောင်နေကြောင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် မသက်ဆိုင်ကြောင်း စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။
လွတ်လပ်သော လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများကမူ စစ်ကောင်စီတပ်သားများက ပြည်သူတို့၏ နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းတို့ ကျူးလွန်နေကြောင်း ထုတ်ပြန်ထားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ ISP Myanmar ၏ ဇူလိုင်လ ၂၅ ရက် ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်မှ ၂၀၂၂ ဇူလိုင် ၁၅ အထိ နေအိမ်၊ အဆောက်အအုံ ၂၈,၄၉၁ လုံးကို မီးရှို့ခဲ့ကြောင်း ဖော်ပြသည်။
ထိုမီးရှို့မှုတွင် စစ်ကိုင်းတိုင်းအတွင်းရှိ နေအိမ်များ အများဆုံးပါဝင်ပြီး ၂၀,၄၈၅ လုံးဖြစ်သည်ဟု ISP Myanmar က အစီရင်ခံသည်။ ဘာသာရေးအဆောက်အအုံများ၊ ရေနံလက်ယက်တွင်းများလည်း ဖျက်ဆီးခံရသည်ဟု ဖော်ပြထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)