သတင်း

ဟင်္သာတမြို့ပေါ် အစိုးရရုံး ၄ နေရာတွင် ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ပေါ်ရှိ အစိုးရရုံး ၄ နေရာကို ယမန်နေ့ (ဇူလိုင် ၂၆) ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဧရာနဂါးညီနောင်အဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

ည ၇ နာရီမှ ၈ နာရီအတွင်း ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး၊ အကျဉ်းဦးစီးဝင်ပေါက်၊ ဟင်္သာတရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောက်ကျားတိုက်ခိုက်ရေးအဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်အတွင်း ဖရဲသီးဟုခေါ်သည့် တန်ပြန်သတင်းပေးများ အကူအညီဖြင့် အချိန်ယူ စောင့်ကြည့်ပြီးမှ စနစ်တကျတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံ ဗိုလ်ဧရာနဂါးက ပြောသည်။

“ကျွန်တော်တို့ အချိန်တစ်လနီးပါးထိ အချိန်ယူလေ့လာရတယ်။ ဧရာဝတီတိုင်းအနေနဲ့ ခုလို အချက်အချာကျတဲ့ နေရာတွေကို ဗုံးခွဲတာ၊ ပစ်ခတ်တာ ပထမဆုံးပဲ။ ဟင်္သာတမြိုနယ်ပေါ်မှာ အလုံးအရင်းနဲ့ ပြောက်ကျားတွေ ဝိုင်းတိုက်တာ” ဟု သူက ဆိုသည်။

ယမန်နေ့ ည ၇ နာရီကျော်ခန့်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို စတင်ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး ရဲနှင့် စစ်သားများ ထွက်လာချိန် ကပ်လျက်တွင်ရှိသည့် မြို့နယ်တရားရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ထိပ်တိုက်မတိုးသေးခင် သူတို့က မြို့နယ်တရားရုံးထဲကို ရောက်နေပြီ၊ ကျွန်တော်တို့က အဆင်သင့်ဆင်ထားတဲ့မိုင်း ခွဲလိုက်တာ။ သူတို့တွေ ထိတယ်။ အဲဒီမှာ သူတို့တွေက ပစ်ပြီ။ ကျွန်တော်တို့နဲ့ နီးကပ်လာတော့ ကျွန်တော်တို့လည်း ပြန်ပစ်တယ်” ဟု အထက်ပါတာဝန်ခံက ဆိုသည်။

အပြန်အလှန်ပစ်ခတ်ပြီးနောက် ပြောက်ကျားတိုက်ခိုက်ရေးအဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုအဖွဲ့ ပြန်ဆုတ်နေချိန်တွင် မြို့နယ်ထွေအုပ်ရုံးအရှေ့ဘက် မီတာ ၃၀၀ နီးပါးအကွာ အကျဉ်းဦးစီးဝင်ပေါက်၌ အခြားတစ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်၊ ဆုတ်ခွာသူတို့ လုံခြုံသည့်နေရာသို့ ရောက်ရှိပြီးနောက် ည ၈ နာရီခွဲခန့်တွင် ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနအကြား မိုင်းများ ပေါက်ကွဲခဲ့သည်ဟု သိရသည်။

မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းကာ ဧရာဝတီတိုင်းတွင် တိုက်ခိုက်ရေးများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြရန် ဧရာနဂါးညီနောင်ပြောက်ကျားအဖွဲ့က ဒေသခံတို့ကို ဖိတ်ခေါ်ထားသည်။

စစ်တပ်ကမူ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားသဖြင့် အာဏာသိမ်းထားပြီး ဆန့်ကျင်သူတို့ကို ဖမ်းဆီးနေပြီး ဒေသအသီးသီးတွင် သတ်ဖြတ်မှုများ၊ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက် ကျူးလွန်နေသည်။

သို့သော်လည်း စစ်တပ်က ၎င်းတို့၏ လုပ်ရပ်များ ဥပဒေနှင့် ညီညွတ်သည်၊ ခုခံသူတို့မှာ အကြမ်းဖက်သမားများဖြစ်သည်ဟု အဆက်မပြတ် တုံ့ပြန်နေသည်။

ဟင်္သာတမြို့ ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button