သတင်း

ခင်ဦးတွင် လူနာတင်ကား ပစ်ခတ်ခံရပြီး ကလေးလူနာနှင့် ယာဉ်မောင်း သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ကျည်ထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိထားသော ကလေးတစ်ဦးကို သွားရောက်သယ်ဆောင်သည့် လူနာတင်ကား ပစ်ခတ်ခံရပြီး ထိုကလေးနှင့် ယာဉ်မောင်းတို့ သေဆုံးခဲ့သည်။ 

ယနေ့ (ဇူလိုင် ၂၆) နံနက် ၇ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မကျီးအုပ်ရွာအနီး စစ်သားအင်အား ၈၀ ခန့်ရှိ စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး ပစ်ခတ်ကြရာ ၁၄ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်း​၏ လက်နှင့် ရင်ဘတ် ကျည်ထိမှန်ခဲ့သည်။

“ကျွန်တော်တို့အိမ်က မူးဘောင်ဘေးဆိုတော့ လမ်းနဲ့ ကပ်နေတာလေ။ အိပ်ရာထပြီး မျက်နှာသစ်ရင်း သေနတ်သံကြားတော့ ထွက်ကြည့်တာ။ မူးရိုးပေါ် တက်ကြည့်တာ ပစ်ခံလိုက်ရတာ။ လက်မောင်းနဲ့ ရင်ဘတ်မှန်တာ” ဟု ဖခင်ဖြစ်သူက ပြောသည်။

“အိမ်ထဲ ပြန်ဝင်ပြေးလာတယ်ဆိုတော့ ရင်ဘတ်က ပွန်းတယ်လို့ပဲ ထင်တာပေါ့ဗျာ။ ကျွန်တော် ပွေ့ပြီး ပြေးမှ (သွေးတွေ) ပွင့်ထွက်လာတာ”

ဒဏ်ရာပြင်းသဖြင့် ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးဌေးက ကလေးနှင့် မိခင်ကို လူနာတင်ကားပေါ်တင်၍ ဆေးရုံသို့ သွားရန် ရွာမြောက်ပိုင်းမှ ထွက်စဉ် စစ်သားများနှင့် ထိပ်တိုက်တိုးကာ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း အဆိုပါရွာ၏ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကလေးကို ကယ်ထုတ်ပြီး ဆေးသွားကုဖို့ သွားတာ။ ဒီကောင်တွေနဲ့ တည့်တည့်တိုးပြီးတော့ ထပ်ပစ်ခံရတာ။ ကားကတော့ စုတ်ပြတ်သတ်သွားတယ်” ဟု ဆိုသည်။

ကားမောင်းလိုက်ပို့သူ ဦးဌေးသည် ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ကလေးမိခင်ကို ကားပေါ်မှ ဆင်းခိုင်းကာ မြေပြင်တွင် ဝမ်းလျားမှောက်ခိုင်းထားကြောင်း၊ ကလေးမိခင်ကို စစ်သားများက မျက်နှာကို ကန်ကျောက်ခဲ့ကြောင်း သိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့် လက်နှင့်ရင်ဘတ်တွင် ကျည်ထိမှန်သေဆုံးခဲ့ရသော အသက် ၁၄ နှစ်အရွယ် မောင်ခန့်ခန့်ငြိမ်း​။ (ဓာတ်ပုံ-ပေးပို့)

“ကျွန်တော့်အမျိုးသမီးလည်း နှစ်ချက်လောက် မျက်နှာကန်ခံရတယ်။ သားက ရေဆာတယ် ပြောတာကို တိုက်ခွင့်မပေးဘူး။ သူ့ကိုလည်း မှောက်ခိုင်းထားတာ။ အဲဒါနဲ့ (ကလေးက) ရေဆာတယ်၊ ရေဆာတယ် ပြောတော့ ခွင့်တောင်းပြီး ရေရှာရင်း ထွက်ပြေးလာတာ။ ကံကောင်းပြီး လွတ်လာတာ“ ဟု ကလေးဖခင်က ပြောသည်။

သားဖြစ်သူ ဒဏ်ရာပြင်းထန်နေသဖြင့် မိခင်က ထွက်ပြေးလာပြီး လာရောက်အကူအညီတောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ထို့နောက် နံနက် ၁၁ နာရီခန့်တွင် ထိုစစ်ကြောင်းက ရွာချင်းကပ်ရွာဖြစ်သည့် မြင်းဒေါင်းရွာဘက်သို့ ထွက်ခွာသွားသဖြင့် ထိုနေရာကို သွားရောက်ကြည့်ရှုရာ သားငယ်နှင့် ယာဉ်မောင်းတို့ကို အနီးရှိ ရေအိုင်ငယ်အတွင်း တွေ့ရှိခဲ့ရသည်ဟု ဖခင်ဖြစ်သူက ပြောပြသည်။

လိုက်ပါကူညီသူ ဦးဌေး၏ရုပ်အလောင်းတွင် ရင်ဘတ်၊ ပေါင်၊ တင်ပါးဆုံတို့တွင် ကျည်ဒဏ်ရာ အများအပြားတွေ့ရကြောင်း၊ သားငယ်မှာလည်း အသက်ငွေ့ငွေ့ ကျန်နေသေးကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

“ဘေးက ရေအိုင်ထဲ ပစ်ထားခဲ့တာဗျ။ ကျွန်တော်တို့ သွားပြီး၊ ပြန်ကပ်ပြီး သွားဆယ်တဲ့အချိန် (သား) မသေသေးဘူးဗျ။ ၁၅ မိနစ်လောက် စကားပြောနိုင်သေးတယ်။ ကောင်းကောင်းမပြောနိုင်ပါဘူးဗျာ။ အားပေးစကားလေးပဲ ပြောရတယ်။ ဒီလောက်ပါပဲ” ဟု သူက ပြောသည်။

ခင်ဦးမြို့နယ်အစပ် ကန့်ဘလူမြို့နယ်၊ ကျီစုရွာမှ ဒေသခံများ စစ်ရှောင်နေကြသည်ကို ဇူလိုင် ၂၃ က တွေ့ရစဉ်။ (ဓာတ်ပုံ- ခင်ဦး ဒိုင်းနမိုက်အဖွဲ့)

လူနာတင်ကားကိုလည်း စစ်သားများ ယူဆောင်သွားသည်ဟု သိရပြီး ရုပ်အလောင်းများကို နေ့ချင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော့်သားလိုမျိုးဆို အင်မတန်ငယ်ရွယ်တဲ့ ကလေးတွေဗျာ။ သူတို့က ဘဝကို စတင်ရမဲ့ အရွယ်တွေ။ သူတို့မှာ လောကကြီးအကြောင်း ဘာမှတောင် မသိရသေးဘူး။ ဒီလိုအရွယ်လေးတွေကို ကျူးလွန်တယ်…ကယ်ထုတ်ပြီးတဲ့အချိန်မှာ ဆေးကုသခွင့်ပိတ်ပင်တာဟာ အင်မတန်ကို အောက်တန်းကျတဲ့လုပ်ရပ်ပဲလို့ ပြောချင်ပါတယ်” ဟု ဖခင်ဖြစ်သူက ဆိုသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၁၈ ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူနှင့် ခင်ဦးမြို့နယ် နယ်စပ်တွင် စစ်တပ်က လေကြောင်း၊ ကြည်းကြောင်းဖြင့် စစ်ကြောင်းထိုးခဲ့အပြီး ခင်ဦး၊ ကျီစုရွာတွင် ရုပ်အလောင်း ၁၀ လောင်းနှင့် ကန့်ဘလူ၊ သာဝတ္ထိရွာတွင် ပစ်သတ်ခံထားရသူ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦး၏ အလောင်းများ တွေ့ရှိခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button