သတင်း

ခင်ဦးနှင့် ရွှေဘိုမြို့နယ်တိုက်ပွဲများတွင် PDF ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခင်ဦးနှင့် ရွှေဘိုမြို့နယ်အတွင်း တိုက်ပွဲများတွင် နှစ်ရက်အတွင်း ဒေသခံတော်လှန်ရေးသမားများဘက်မှ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၈၀ ကျော်ခန့်ပါသော စစ်ကြောင်းကို ဇူလိုင် ၂၃ တွင် ရင်ဆိုင်ရစဉ် မောင်းကျောက်တောရွာအနီး ၂ ဦး သေဆုံးသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။ 

“အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးတော့ စစ်သားတွေဝင်တဲ့အချိန်မှာ ပစ်ပစ်ဆုတ်ဆုတ် လုပ်တဲ့ အချိန်မှာ ထိသွားတာ” ဟု ခင်ဦး PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး တစ်နေကုန်နီးပါး တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှလည်း သေဆုံးမှုများကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲများ ဖြစ်နေသော စစ်ကိုင်းတိုင်း ရွှေဘို-ခင်ဦး ဒေသတွင်းမြေပုံ။ (ဒီဇိုင်း-မိုဇာလျှန်း)

အဆိုပါတိုက်ပွဲဖြစ်ရာနှင့် သုံးမိုင်ခန့်အကွာ ကုလားလူးရွာဒေသခံတစ်ဦးကလည်း ပစ်ခတ်သံများ တစ်နေကုန် ကြားနေရကြောင်း ပြောသည်။

“မနက်ပိုင်း ၉ နာရီလောက်ကနေ (မွန်းလွဲ) ၂ နာရီလောက်ထိ ကြားတယ်။ ဘာမှ မကြာဘူး၊ ပြန်ပစ်ကြရော၊ ညနေ ၅ နာရီလောက်ထိ ပြန်တိုက်ကြတာ၊ တစ်နေကုန်နီးပါးပါပဲ” ဟု အသက် ၄၀ အရွယ်ခန့်ရှိ ထိုအမျိုးသားက ဆိုသည်။

ဇူလိုင် ၂၅ နံနက်တွင် စစ်သားများ မောင်းကျောက်တောရွာမှ ထွက်ခွာသွားသော်လည်း ဒေသခံများက ရွာထဲ ပြန်မဝင်ရဲသေးကြောင်း၊ PDF နှစ်ဦး၏ ရုပ်အလောင်းများကို ရွာအနီးမှ ယမန်နေ့က ကောက်ယူ သင်္ဂြိုဟ်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့နှစ်ယောက်က သင်တန်းဆင်းကာစဆိုတော့ အတွေ့အကြုံမရှိတာလည်းပါတယ်။ ဆုတ်တဲ့ အချိန်မှာ နယ်မြေ မှားဆုတ်မိတော့ စစ်သားတွေဘက်ကို ရောက်သွားတာ။ နယ်မြေ သိပ်မကျွမ်းတာလည်း ပါတာပေါ့။ သူတို့ (စစ်သားတွေ) လက်လှမ်းမီတဲ့နေရာကို ရောက်သွားတာ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါစစ်ကြောင်းသည် မောင်းကျောက်တောရွာမှ ၄ မိုင်အကွာရှိ ရွာစဉ်ရွာသို့ ထွက်ခွာသွားပြီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲထပ်ဖြစ်ပွားနေကြောင်း သိရသော်လည်း တိုက်ပွဲအခြေအနေအသေးစိတ် မသိရှိရသေးပေ။

ရွှေဘိုဒေသ တိုက်ပွဲ

ရေဦး၏ အောက်ဘက် ရွှေဘိုမြို့နယ်တွင် ဇူလိုင် ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myanmar Defense Force (Shwe Bo) အဖွဲ့၏ တာဝန်ခံ ကိုမှိုင်းထံမှ သိရသည်။

ရွေဘိုအနောက်ဘက်ခြမ်း ဇီးဖြူကုန်းရွာတိုက်ပွဲတွင် ၎င်းတို့ဘက်မှ ၃ ဦး သေဆုံးကြောင်း၊ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် အသေးစိတ် မပြောလိုသေးကြောင်း သူက ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းတွင် ပြောသည်။  

SNAKE EYES PDF အဖွဲ့၏ ဇူလိုင် ၂၆ နံနက်ပိုင်း ထုတ်ပြန်ချက်တွင်လည်း တော်လှန်ရေးအဖွဲ့များဘက်မှ သေဆုံးသူ ၃ ဦး ရှိသည်၊ စစ်ကောင်စီဘက်မှလည်း ၃ ဦး သေဆုံးသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်း တရားဝင်ထုတ်ပြန်လေ့ မရှိပေ။

စစ်ကောင်စီတပ်ထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာတစ်ခုတွင် ရွှေဘို၌ PDF ရုပ်အလောင်း နှစ်လောင်းနှင့်အတူ M22 မောင်းပြန်ရိုင်ဖယ်နှစ်လက်၊ လက်လုပ်သေနတ်တစ်လက် သိမ်းဆည်းရရှိကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများ သုံးပြီး အဆက်မပြတ် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်၊ စစ်တပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည်။

Data For Myanmar အဖွဲ့၏စာရင်းများအရ စစ်အာဏာသိမ်းပြီးချိန်မှ ဇွန်လကုန်ထိ စစ်ကောင်စီက ဒေသအများအပြားတွင် အရပ်သားတို့၏ နေအိမ်များကို လိုက်လံ ဖျက်ဆီးနေရာ နေအိမ်အနည်းဆုံး ၁၈၈၈၆ လုံးကျော် မီးလောင်သွားသည်၊ ၁၃၈၄၀ လုံးမှာ ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းမှ ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီက သူ၏တပ်များ မီးရှို့ခြင်း မရှိကြောင်း ပြည်ပအခြေစိုက် သတင်းဌာနများကို ရံဖန်ရံခါ တုံ့ပြန်နေသည်။ 

PDF များတွင် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရခြင်း၊ အိမ်မီးရှို့ခံရသော ဒေသခံတို့ကို ကူညီရခြင်း၊ ရန်ပုံငွေရှာဖွေရခြင်း စသည့် ဝန်ထုပ်ဝန်ပိုးများစွာ ပိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button