ဌာနဆိုင်ရာလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် တင်ဒါယှဉ်ပြိုင်အောင်မြင်သည့် ပုဂ္ဂလိကကုမ္ပဏီများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ဆက်စပ်မှုရှိမရှိ စစ်ကောင်စီက စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
ကုမ္ပဏီ ၂၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအောက်ရှိ တိုင်းနှင့် ပြည်နယ်ရုံးခွဲ ၁၂ ခု၊ သတင်းနှင့် နည်းပညာဌာနတို့က စုံစမ်းစစ်ဆေးမည်ဟု Myanmar Now က ရရှိထားသည့် ဌာနတွင်းညွှန်ကြားစာတစ်စောင်အရ သိရသည်။
နေပြည်တော်ရှိ အထူးစုံစမ်းစစ်ဆေးရေးရုံးက ကုမ္ပဏီ ၈၂ ၊ သတင်းနှင့် နည်းပညာဌာနက ၆၅ ခုနှင့် မန္တလေးရုံးမှ ၁၆ ခု၊ စစ်ကိုင်းနှင့် ရန်ကုန်မှ ၉ ခုစီနှင့် အခြားတိုင်းနှင့် ပြည်နယ်ရှိ ရုံးများက ကုမ္ပဏီ ၂၆ ခု တာဝန်ယူ စစ်ဆေးရမည်ဖြစ်သည်။
စစ်ကောင်စီ၏ မူရင်းအသုံးအနှုန်းတွင် အကြမ်းဖက်အစွန်းရောက်အဖွဲ့ဟု ဆိုထားပြီး ကုမ္ပဏီများအနေဖြင့် ဆက်နွှယ်ပတ်သက်မှု ရှိမရှိစုံစမ်းရန်ဟု ဖော်ပြထားသည်။
တင်ဒါအောင်မြင်သည့် ကုမ္ပဏီများသာမက ဝင်ပြိုင်မည့်ကုမ္ပဏီများကိုလည်း နေပြည်တော်ကောင်စီရုံးတွင် မှတ်ပုံတင်၍ အစစ်အဆေးခံပြီးမှသာ ယှဉ်ပြိုင်ခွင့်ပြုရန် စည်းမျဉ်းသစ်ထုတ်ထားကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုရှိမရှိ သိနိုင်ရန် ကုမ္ပဏီနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ဝန်ထမ်းများအပြင် Facebook ကဲ့သို့သော လူမှုကွန်ရက်အကောင့်များကိုပါ တောင်းယူစစ်ဆေးဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။
“အဲ့လောက်အထိ လိုက်မွှေတာ။ အဲ့ဒါတွေတွေ့ရင် အမှုတပ်ပြီး ပြဿနာရှာတာ။ အဲ့တော့ တော်ရုံတန်ရုံ အပြင်ကုမ္ပဏီတွေက နေပြည်တော်ကောင်စီတင်ဒါတွေဆိုရင် မပြိုင်ရဲတော့ဘူး။ သူတို့က အဓိကကတော့ မပြိုင်ရဲအောင် လုပ်တာပေါ့” ဟု ၎င်းက ဆိုသည်။
လူမှုကွန်ရက်တွင် ဆန္ဒပြသည့် ဓာတ်ပုံတစ်ခုတွေ့လျှင်ပင် အမှုဖွင့်နိုင်သည့်အခြေအနေဖြစ်ကြောင်း သူက ဆိုသည်။
ယခုနှစ် မေလအတွင်းက စစ်ဆေးချက်အစီရင်ခံစာတစ်ခုတွင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် ပတ်သက်၍ အခွန်ရုံး၊ အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းတာဝန်ရှိသူများကို မေးမြန်းထားသည်ကို တွေ့ရသည်။
ကုမ္ပဏီမှတ်ပုံတင်အချက်အလက်များ၊ လုပ်ငန်းအမျိုးအစား၊ အခွန်ပေးဆောင်မှု၊ ဘဏ်စာရင်းများအပြင် ဒါရိုက်တာအဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက် အသေးစိတ်စစ်ဆေးထားသည်ကို တွေ့ရသည်။
“တကယ်တမ်းက Security (လုံခြုံရေး) ပိုင်းစိုးရိမ်ချက် မရှိပါဘူး။ တကယ်တမ်း စိတ်ဓာတ်ပြင်းသူကလည်း ဘယ်သူက တင်ဒါလာပြိုင်မှာတုန်း။ ဗိုလ်ချုပ်တွေကလည်း နေပြည်တော်အပြင်ဘက်ထွက်ပြီး သိပ်မပြိုင်ဘူး။ နေပြည်တော်အတွင်းပဲ စိတ်ချရတာကို။ အပြင်သိပ်မထွက်ဘူး” ဟု အထက်ပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။
နေပြည်တော်ရှိ စည်ပင်၊ ဆောက်လုပ်ရေး၊ ရဲတပ်ဖွဲ့စသည့်ဌာနများမှ တင်ဒါအများစုကို စစ်ကောင်စီအဖွဲ့ဝင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကုမ္ပဏီများက အဓိကရရှိနေပြီး ပြိုင်ဘက်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှု မျိုးစုံလုပ်၍ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)