အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရသေ့တောင်မြို့ ဒုက္ခသည်စခန်းတွင် စစ်တပ် နေရာဝင်လု

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ် ဒုက္ခသည်စခန်းငယ်တစ်ခုအတွင်း စစ်ကောင်စီတပ် ဝင်ရောက်လာသောကြောင့် ထိုနေရာတွင် ခိုလှုံနေသူများထဲမှ ထက်ဝက်ခန့် တိမ်းရှောင်ထွက်ပြေးသွားကြကြောင်း မြို့ခံများထံမှ သိရသည်။

ဇူလိုင် ၁၈ ညအချိန်တွင် အင်အား ၆၀ ခန့်ရှိ တပ်မ ၂၂ တံဆိပ်ပါ စစ်ကြောင်းတစ်ခု မြို့အထွက် ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းဝင်းရှိ အဆိုပါ စစ်ရှောင်စခန်းအတွင်း တပ်စွဲလိုက်ခြင်း ဖြစ်သည်။ 

စိုးရိမ်ကြောက်လန့်နေသည့် စစ်ရှောင်များက မြို့တွင်းနှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်ဟု ရသေ့တောင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“စခန်းမှာ စစ်ရှောင်အရေအတွက်ကို ကျွန်တော်လည်း အတိအကျမသိဘူး။ စစ်ဘေးရှောင်တွေကို အဲဒီမှာ မနေဖို့ စစ်တပ်က ပြောတယ်လို့ သိရတယ်။ အဲဒီစစ်တပ်ရောက်တဲ့ညကတည်းက ထွက်ပြေးကြသူ ပြေးကြတယ်။ မနက်မိုးလင်းတာနဲ့ အကုန်ပြေးကြတယ်” ဟု ထိုအမျိုးသားက ပြောသည်။

ဒုက္ခသည်များကြားသို့ စစ်သားများ ဝင်ရောက်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့နှင့် ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်တပ်ရန်ကြောင့် ထွက်ပြေးရခြင်းဖြစ်သည်ဟု အခြားနေရာတစ်ခုတွင် ခိုလှုံနေရသည့် ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“၁၉ ရက်နေ့ကနေ ထွက်ပြေးလာကြတာပါ။ စစ်တပ်က အဲဒီမှာလာနေတော့ ကြောက်လို့ ပြေးလာကြတာပါ။ အဲဒီစစ်ဘေးရှောင်စခန်းအနီးဝန်းကျင်က နေအိမ်တွေကို စစ်ဆေးတာတွေ လုပ်တယ်။ အဲဒါကြောင့် မနေရဲတော့လို့ ထွက်ပြေးလာတာ” ဟု ဆိုသည်။

ထိုစခန်းတွင် ၄ နှစ်ကြာ နေထိုင်ခဲ့သည့် စစ်ရှောင်ဒုက္ခသည် အမျိုးသမီးနောက်တစ်ဦးကလည်း “ပြည်လုံးချမ်းသာ စစ်ရှောင်စခန်းကနေ ကျွန်မတို့က အဲဒီနေ့ (ဇူလိုင် ၁၈ ည) ကနေ ထွက်ပြေးလာကြတာ။ အခုတော့ (စစ်ရှောင်တွေ) ရှိလား၊ မရှိလား မပြောတတ်ဘူး။ သူများတွေပြောတာကတော့ တစ်ယောက်မှ မသိတော့ဘူးလို့ ပြောတယ်။ အဲဒီဘက်ကို သွားလည်းမသွားရဲဘူး” ဟု ဆိုသည်။ 

စခန်းဖွင့်လှစ်ထားသည်မှာ ၄ နှစ်ခန့်ရှိပြီး အိမ်ထောင်စု ၁၃ စု၊ ခန့်မှန်းလူဦးရေ ၃၀ ခန့် ခိုလှုံနေထိုင်ခဲ့ကြကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

လက်ရှိ အိမ်ထောင်စု ၇ စုခန့်မှာ ရှိနေသေးသော်လည်း အများစုမှာ စိုးရိမ်ကြောက်လန့်နေကြောင်း သိရသည်။​

ရသေ့တောင်မြို့ပေါ်တွင် စစ်ရှောင်ဒုက္ခသည်စခန်း ၂၂ ခု ရှိပြီး ထိုစခန်းများက ဒုက္ခသည်များမှာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားခဲ့စဉ်ကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးလာကြသူများဖြစ်သည်။

ထိုစဉ် လူ နှစ်သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အများစုမှာ စစ်ကျန်လက်နက်ကြီးအန္တရာယ်နှင့် ရွာအများအပြား မီးရှို့ခံထားရသောကြောင့် နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။ 

ကရင်ပြည်နယ် ဖားအံအခြေစိုက်တပ်ဖြစ်သော တပ်မ ၂၂ တံဆိပ်ပါ စစ်ကောင်စီတပ်များက စစ်ရှောင်စခန်းအတွင်း တပ်စွဲလိုက်သလို တစ်ပြိုင်နက်တည်းမှာပင် မြို့ပေါ်တွင် စစ်ဆေးရှာဖွေကာ မြို့တွင်းနေရာတချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ၊ လှုပ်ရှားသွားလာနေကြောင်း မြို့ခံများထံမှ သိရသည်။ 

တပ်မ ၂၂ နေရာယူလှုပ်ရှားမှု

ဇူလိုင် ၁၉ ည ၁၀ နာရီဝန်းကျင်ခန့်တွင် မြို့ပေါ်မှနေအိမ်တချို့ကို အင်အားအပြည့်ဖြင့် စစ်တပ်က ဝင်ရောက်စစ်ဆေးခဲ့ပြီး လူအရေအတွက်နှင့် အိမ်တွင် မိန်းမပျို ရှိမရှိ မေးမြန်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မိသားစု ဘယ်နှစ်ယောက်ရှိလဲ စစ်ဆေးပြီးတော့ မိသားစုဝင်အားလုံးကို ထုတ်ပြခိုင်းတယ်လို့ သိရတယ်။ လာစစ်ဆေးတဲ့အချိန်မှာ စစ်သားသုံးယောက်လောက်ပဲ ပါပြီးတော့ အပြင်ကလမ်းမှာတော့ အများကြီးရှိနေကြတာ တွေ့ရတယ်” ဟု ထိုသူက ဆိုသည်။

“တခြားတစ်အိမ်ကို စစ်ဆေးဖို့ဝင်ကတည်းက ဒီအိမ်မှာ အပျိုမတစ်ယောက်ရှိတယ်တဲ့။ အားလုံးခေါ်ချပေး ဆိုပြီးတော့ ပြောတယ်။ ခေါ်ပြီး ပြလိုက်ရတယ်။ ပြီးရင် အိမ်ပေါ်ကို တက်ကြည့်သွားကြသေးတယ်”  

မြို့ပေါ်မှ စစ်ဆေးခံရသည့် မိသားစုဝင်အချို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း စိုးရိမ်ကြောက်လန့်နေကြပြီး ဖြေကြားရန် ငြင်းဆန်ကြသည်။

စစ်ဘေးရှောင်စခန်းတွင် လာရောက်တပ်စွဲနေထိုင်သည့်အပြင် ယခုရက်ပိုင်း မြို့တွင်းနေရာတချို့တွင်လည်း စစ်တပ်က နေရာယူလှုပ်ရှားမှုများပြုလုပ်နေကြောင်း မြို့တွင်းတွင်လည်း ယူနီဖောင်း၊ လက်နက်အပြည့်အစုံဖြင့် သွားလာနေကြောင်း အထက်ပါအမျိုးသားက ပြောသည်။

“မြို့ထဲမှာ တချို့နေရာတွေကို နေရာယူထားတယ်။ လမ်းဆုံလမ်းခွတွေမှာပေါ့လေ။ ဘာကြောင့် မြို့ပေါ်မှာ အဲဒီလို လာလုပ်တာလဲဆိုတာကို ကျွန်တော်တို့လည်း မပြောတတ်ဘူး” ဟု သူက ပြောသည်။

ညအချိန်များတွင် စစ်ကောင်စီတပ်က ကားဖြင့် လှည့်ပတ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ရသေ့တောင်မြို့နှင့် ကပ်လျက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်းအမှတ် ၅၃၆/ ၅၃၇/ ၅၃၈ တို့ ရှိပြီး ဒေသအခြေစိုက် မဟုတ်သော တပ်မ ၂၂ က စစ်ရှောင်စခန်းတွင် နေရာယူထားသလို မြို့တွင်းလှည့်လည်သွားလာနေခြင်း ဖြစ်သည်။

“သူတို့ (စစ်တပ်) က အခု ဘယ်ကပဲလာလာ တပ်မ ၂၂ ပဲ ထွက်လာတယ်။ ပြားချောင်းကြီးရွာမှာလည်း တချို့က ရှောင်နေကြတာရှိတယ်။ သို့သော် ရွာလုံးကျွတ်ရှောင်နေကြတာမျိုးတော့ မဟုတ်ဘူး။ ရွာကို ဝင်စစ်ဆေးတဲ့နေ့ကတော့ ထွက်ပြေးကြတယ်” ဟု ရသေ့တောင်မြို့ခံနောက်တစ်ဦးက ပြောသည်။

ဇူလိုင် ၁၈ ရက်က ရသေ့တောင်မြို့အထွက်ရှိ ပြားချောင်းကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုက ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး နေ့လယ် ၁၁ နာရီခန့်တွင် အဆိုပါစစ်ကြောင်း ပြန်လည်ထွက်ခွာသွားကာ မြို့အတွင်း လှည့်ပတ်သွားလာခဲ့သည်ဟု မြို့ခံများက ဆိုကြသည်။

“မြို့ခံတွေကတော့ စိုးရိမ်ကြတာပေါ့။ မြို့ထဲတွေမှာ စစ်သားတွေရှိနေ‌တော့ ဘယ်သူမှ အပြင်ထွက်သွားလာတာမျိုး မရှိတော့ဘူး။ ကိုယ့်အိမ်မှာပဲ ကိုယ်နေနေကြရတယ်” ဟု အထက်ပါလူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၈ ကလည်း စစ်ကောင်စီတပ်နှင့် AA တို့ မောင်တောမြောက်ပိုင်းတွင် နှစ်နေရာ တိုက်ပွဲဖြစ်ခဲ့သလို စစ်ကူလာသည့် နယ်ခြားစောင့်ရဲကားတစ်စီး ကြိမ်ချောင်းဗျူဟာအနီး တိုက်ခိုက်ခံရသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးပြီး ဒုရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးနှင့် လက်နက်များ ဖမ်းဆီး သိမ်းဆည်းရမိသည်ဟု AA က သတင်းထုတ်ပြန်ထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button