စစ်ကောင်စီတပ် ဝင်ပြီး ပြန်ထွက်သွားသည့် စစ်ကိုင်းတိုင်း ကန့်ဘလူနှင့် ခင်ဦးမြို့နယ် နယ်စပ်တွင် မီးရှို့ခံထားရသည့် ရုပ်အလောင်း ၁၀ လောင်းနှင့် ပစ်သတ်ခံထားရသော ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို ဒေသခံတို့ ရှာဖွေတွေ့ရှိခဲ့သည်။
ဇူလိုင် ၁၈ ညနေပိုင်းက ကန့်ဘလူမြို့နယ်၊ ကြည်စု (ကျီစု) ရွာတွင် အလောင်း ၁ ခု၊ ယမန်နေ့ (ဇူလိုင် ၁၉) နံနက်တွင် အလောင်း ၉ ခု တွေ့ရှိခဲ့ရကြောင်း၊ မီးလောင်ထားသည့် နေအိမ် ၅ လုံးအတွင်းမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရုပ်မပီတော့ဘူးဗျာ။ လက်နဲ့ ခြေထောက်ကို နောက်ပြန်ပြီးတော့ ကြေးနန်းကြိုးတွေနဲ့ တုပ်ထားတာ။ လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ကို တွဲထားတာ။ အိမ်ထဲကို ထည့်ပြီး မီးရှို့တာ၊ မည်သူမည်ဝါခွဲမရတော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
“မီးမရှို့ခင် ကြိုးတုပ်ပြီးမှ အိမ်ထဲကို ထည့်လိုက်တာ။ ဘာကြောင့်လဲဆိုတော့ မီးပုံရဲ့ အလယ်ဗဟိုလောက်မှာပဲ တွေ့တာ၊ မီးရှို့ပြီးရင် အဲဒီလောက်ရောက်အောင် (အလောင်းကို) ပစ်မထည့်နိုင်ဘူး”
ဇူလိုင် ၁၈ ညနေပိုင်းက စစ်ကြောင်းပြန်ထွက်သွားသဖြင့် ရွာထဲဝင်ရောက်ရှာဖွေစဉ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု ထိုသူက ဆိုသည်။
စစ်တပ် ထွက်သွားပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခဲ့သည့် ကန်ဘလူဒေသခံ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော KBL-UG အဖွဲ့၏ ခေါင်းဆောင် စိန်ဗေဒါဆိုသူက တွေ့ရှိရသည့်ရုပ်အလောင်းများအနက် ၈ လောင်းသည် အရိုးစုသာ ကျန်တော့သောကြောင့် မည်သူမည်ဝါခွဲခြားရန် ခက်သော်လည်း ဖမ်းဆီးခံထားရသည့် ကြည်စုရွာကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည်ဟု ပြောသည်။
“အရိုးတွေပဲ ကျန်တော့တာဗျ၊ မီးအရမ်းပြင်းတော့။ စိတ်မနှံ့တဲ့သူတစ်ယောက် (အလောင်း) ပဲ မီးမရှို့သွားတာ။ အခြားအရပ်သားတစ်ယောက်ကိုလည်း ရှို့မသွားဘူး။ ကျန်တာတော့ အကုန်မီးရှို့သွားတာ” ဟု သူက ပြောသည်။
ဇူလိုင် ၁၈ က ခင်ဦးနှင့် ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာများကို ကြည်းတပ်၊ လေတပ်တို့က ဝင်တိုက်စဉ် ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသူများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ဒေသတွင်းကာကွယ်ရေးအဖွဲ့သုံးခု ထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်နေ့က စစ်တပ်ထွက်ခွာသွားသည်အထင်ဖြင့် ခင်ဦးမြို့နယ်၊ သာဝတ္ထိရွာအတွင်း အခြေအနေ ဝင်ရောက်ကြည့်ရှုသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး နောက်ချန်စစ်တပ်နှင့်တိုးပြီး ပစ်သတ်ခံရသည်။ ဖိုရွာသည် ကြည်စုရွာမှ လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။
ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခံရသည့်နေ့က ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်ရှစ်ဦးနှင့် ဒေသခံ ရာဂဏန်းခန့် ဖမ်းဆီးခံရကြောင်း ကြည်စုကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။
“သူတို့က ရဟတ်ယာဉ်လာတဲ့အချိန်မှာ ကင်းတဲမှာ ပိတ်မိသွားတာ။ ရဟတ်ယာဉ် ပထမတစ်စင်းက ပစ်တယ်။ ဒုတိယ နှစ်စင်းက ရွာဘေးတင် ခွဲသွားပြီး စစ်အင်အားချတယ်ပေါ့။ (စစ်သားတွေ) ချတဲ့အချိန်မှာ ကင်းသမားတွေက ပိတ်မိသွားတာပေါ့ ။ သူတို့ဆီမှာလည်း လက်နက်က တုတ်၊ ဓားလောက်ပဲရှိတာ” ဟု ထိုသူက ဆိုသည်။
ဖမ်းဆီးထားသူများကို ဘုန်းတော်ကြီးကျောင်း၌ ချုပ်နှောင်ထားပြီးနောက် ယင်းကျောင်းမှာပင် လူ ၁၀ ဦးကို သတ်ဖြတ်ကာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးအပါအဝင် ကျန်ဒေသခံများကို ယမန်နေ့ (ဇူလိုင် ၁၉) တွင် ပြန်လွှတ်ပေးသည်ဟု ဆိုသည်။
“ဘုန်းကြီးကျောင်းမှာ သွေးကွက်ကြီး တွေ့တာပေါ့ဗျာ။ သွေးစွပ်ကြောင်းတွေနောက် လိုက်ရှာရတာ။ မီးအပူရှိန်က အရမ်းပြင်းတော့ တစ်ရွာလုံးကို မရှာနိုင်သေးဘူး” ဟု ကျေးရွာအတွင်း ရောက်ရှိခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။
တစ်ဦးကို ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်မှန်း မသိရှိဘဲ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း ကြည်စုကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ယူဆသည်။
စစ်သားများသည် ကြည်စုကျေးရွာကို နှစ်ရက်ဆက် မီးရှို့ခဲ့ကြောင်း၊ အိမ်ခြေ ၆၀၀ ကျော်ရှိသည့်ထိုရွာတွင် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျသွားကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်မှ ဆက်တိုက်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီရန်ကြောင့် ခင်ဦးမြို့၊ ရေဦး၊ ကန့်ဘလူမြို့နယ်အစပ်မှ ကျေးရွာ ၁၀ ရွာကျော်မှ လူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
သတ်ဖြတ်၊ မီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဒေသအသီးသီး အရပ်သားနေအိမ်များကို မီးရှို့သူများမှာ ၎င်းတို့မဟုတ်ကြောင်း စစ်ကောင်စီက ပြည်ပသတင်းဌာနများကို ရံဖန်ရံခါ ပြောပြတတ်သည်။
စစ်တပ်က အာဏာသိမ်းပြီး ဖမ်းဆီးသတ်ဖြတ်မှုများ ဖြစ်ပေါ်လာရာ ဒေသအများအပြားတွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။
စစ်ကောင်စီတပ်က ခုခံသူများ လှုပ်ရှားသည့် ဒေသတွင် အရပ်သားအများအပြားကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို ထောင်သောင်းချီ မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောသည်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် ကြိုးတုပ်ခံထားရသည့် ရွာသား ၂၈ ဦးကို စစ်ကောင်စီတပ်က သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီက ထိုဖြစ်ရပ်ကို စုံစမ်းမည်ဟုသာ တုံ့ပြန်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)