
ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် ယခုလအတွင်း လူသတ်အလောင်းဖျောက်မှုများ ဆက်တိုက်တွေ့လာနေရပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု အားနည်းလာသည်ကို ပြဆိုနေသည်ဟု ဒေသခံများက ဝေဖန်သည်။
ပြည်နယ်မြို့တော် စစ်တွေတွင် ယခုလ ၁၄ ရက်က ဆတ်ရိုးကျတံတားအနီး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်ခု တွေ့ရှိခဲ့သည်။ သေဆုံးသူမှာ မင်းဒရားချိတ်ရွာဟောင်းမှ လှေသမားတစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ကိုကျော်လှဌေးဆိုဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်အသေးစိတ်ကို မသိရသော်လည်း သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း ဆတ်ရိုးကျတံတားအနီးရှိ ဗျိုင်းဖြူကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းက ပြောသည်။
“ဓားထိုးဒဏ်ရာနဲ့ သေတာဆုံးတာကတော့ မှန်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောပြချက်အရ အဲဒီဘက်မှာ အရက်သေစာသောက်စားပြီး ရန်ဖြစ်ကြတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရေး သေဆုံးသူ၏ ညီဖြစ်သူနှင့် ထိုကျေးရွာမှ မသင်္ကာသူတချို့ကို စစ်တွေမြို့ရှိ အမှတ် (၂) ရဲစခန်းက ခေါ်ယူစစ်ဆေးနေသည်ဟုလည်း ဦးလှမောင်သန်းထံမှ သိရသည်။
ယခုလ ၈ ရက်နှင့် ၉ ရက်နေ့များကလည်း ပေါက်တောနှင့် တောင်ကုတ်မြို့တွင် အမည်မသိရုပ်အလောင်း နှစ်လောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။
တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာ ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ ချောင်းစပ်တွင် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွာခံအချို့ထံမှ သိရသည်။
အလားတူပင် ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်း၊ သဲခုံကျေးရွာမြစ်ကမ်းစပ်တွင်လည်း ဇူလိုင် ၈ ရက်က ကြိုးဖြင့် တုပ်နှောင်ထားသည့် ရုပ်အလောင်းတစ်လောင်းကို ဒေသခံများ တွေ့ရှိခဲ့သည်။ ယင်းနေ့မှာပင် သဲခုံရွာအနီး ပြိုင်းတောင်ကျေးရွာနှင့် ချိုင်ပြင်ကျေးရွာအကြားတွင်လည်း အလောင်းတစ်လောင်း တွေ့ရှိသည်ဟု ဒေသခံတို့က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းအနီး စစ်တွေဟိုတယ်အနောက်ဘက် ရှုခင်းသာလမ်းဘေးတွင်လည်း ပြီးခဲ့သည့်လများအတွင်း သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများ တွေ့ရှိခဲ့သည်ဟု လူမှုကူညီရေးအသင်းတစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေးရှင်းထံမှ သိရသည်။
“ဒီနှစ်အစောပိုင်းကနေ ဒီလအထိ စစ်တွေမှာ လူသေအလောင်းတွေ့ရှိခဲ့တာ လေးလောင်းရှိပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိရဘူး” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုများအပြင် အလောင်းဖျောက်သတ်ဖြတ်မှုများပါ ရှိလာသဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် စိန်ခေါ်မှုဖြစ်လာကြောင်း စစ်တွေမြို့ခံတို့က ဆိုသည်။
စစ်ကောင်စီ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှု အားနည်းချက်ကြောင့် ယခုကဲ့သို့ အမှုအခင်းများ ပေါ်ပေါက်လာသည်ဟု ထင်မြင်ကြောင်း ရခိုင်အခြေစိုက်လူမှုအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရာဇဝတ်မှုကျူးလွန်တဲ့ အမှုကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာ တရားဥပဒေပိုင်းကနေပြီးတော့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေ အားနည်းနေတယ်ဆိုတဲ့အပိုင်းတွေကိုလည်း တွေ့ရပါတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
ဒုစရိုက်မှု ပေါများလာခြင်းမှာ အာဏာသိမ်းစစ်ကောင်စီ လုပ်ရပ်များကြောင့်ဖြစ်သည်ဟု ဒေသတွင်း လူ့အခွင့်အရေးစောင့်ကြည့်သူတစ်ဦးဖြစ်သူ စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အစိုးရက နှစ်ရပ်ပုံစံဖြစ်နေတယ်။ ရဲတွေကလည်း ညဆိုရင် အပြင်ကိုထွက်လို့ ကင်းလှည့်ပြီးတော့ လုံခြုံရေးလုပ်တာတွေ မရှိ။ အဲဒါကြောင့် ခိုးဆိုးလုယက်မှုတွေ ရှိနေတာ”
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း AA နှင့် စစ်ကောင်စီတို့အကြား အားပြိုင်မှုရှိနေပြီး ပြီးခဲ့သည့်လပိုင်းက နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာကာ အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။
AA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) က ၎င်းတို့ကိုယ်ပိုင် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စစ်ကောင်စီကလည်း ဟန့်တား နှောင့်ယှက်မှုများ ရှိခဲ့သည်။
“လက်ရှိအစိုးရမှာ တာဝန်အရှိဆုံးလို့ ပြောလို့ရမယ်။ တစ်ဖက်မှာကလည်း အုပ်ချုပ်ရေးပုံသဏ္ဍာန် နှစ်ခုရှိနေတဲ့အနေအထားမျိုး အခြေအနေမှာ ပြည်သူလူထုတွေအတွက်ကျတော့ ရပ်တည်နေထိုင်ရတဲ့ ပုံစံက အခက်အခဲရှိနိုင်ပါတယ်” ဟု လူမှုအဖွဲ့အစည်းမှ အမျိုးသမီးက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)