သတင်း

ဖားကန့်မြို့ ဥရုချောင်းဘေး ကျူးကျော်တို့ကို အာဏာပိုင်တို့ ရာဇသံပေး

(ရန်ကုန်) — ကချင်ပြည်နယ်၊ ကျောက်စိမ်းနယ်မြေ ဖားကန့်မြို့နယ် အေးသာယာရပ်ကွက်အနီး ကျူးကျော်နေထိုင်ကာ ဈေးရောင်းချနေသူများကို စက်တင်ဘာ ၂၁ နောက်ပိုင်းတွင် ထိုနေရာမှ အင်အားသုံး ဖယ်ရှားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောသည်။

ဥရုချောင်းနံဘေးတွင် ထိုသို့ ကျူးကျော် နေထိုင်ကြခြင်းသည် ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၄ (စ)၊ အထက်မြန်မာနိုင်ငံ မြေနှင့် အခွန်စည်းမျဉ်းဥပဒေ ပုဒ်မ ၆၉ ဃ တို့နှင့် ငြိစွန်းသည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

“ကျူးကျော်တာကို ပြည်သူကလည်း လက်မခံဘူး။ ဥပဒေအရလည်း လက်ခံလို့မရဘူး။ ဥပဒေအရ မညီညွတ်တဲ့အတွက် ကျွန်တော်တို့က အကောင်အထည်ဖော်ရတာ” ဟု ဦးကျော်စွာအောင်က ပြောသည်။

ကြေညာထားသည်မှာ ရက်အနည်းငယ် ကြာပြီဖြစ်သော်လည်း ကျူးကျော်နေအိမ်၊ ဈေးဆိုင်နှင့် ခြံစည်းရိုးခတ် နေရာဦးထားမှု ၂ဝ ခန့်သည် ယနေ့အချိန်အထိ ဖယ်ရှားခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

ထိုနေရာသည် မူးယစ်ဆေး အကြီးအကျယ် ရောင်းဝယ်ဖောက်ကားသည့် နေရာဖြစ်သောကြောင့် အာဏာပိုင်တို့က ရှင်းလင်းလိုခြင်းဖြစ်နိုင်ကြောင်း ဒေသခံတချို့က သုံးသပ်သည်။

လွန်ခဲ့သည့် တစ်လခန့်ကလည်း မှော်ပုံ မှော်ရွာရှိ ကျူးကျော်တဲ၊ မူးယစ်ဆေး သုံးစွဲသည့်တဲ စုစုပေါင်း ၇ဝ ကျော်ကို ဖယ်ရှားခဲ့ကြောင်း မှော်ပုံနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ကိုကျော်မျိုးဝင်းက ပြောသည်။

ဖားကန့်တွင် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့်နေရာ များစွာရှိနေကြောင်း၊ ကျူးကျော်အိမ်လည်း အရေအတွက် အလွန်အမင်း များပြားလာကြောင်း ဒေသခံတချို့က ပြောသည်။

Show More

Related Articles

Back to top button