ရွေးကောက်ပွဲသတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်ကြောင်း NLD ထုတ်ပြန်

အာဏာ အဓမ္မရယူထားသည့် စစ်ကောင်စီက ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားရေးအတွက် နောက်ထပ်ရွေးကောက်ပွဲတစ်ခုကျင်းပရန် ကြံစည်အားထုတ်နေကြောင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ (ဇူလိုင် ၉) ရက်စွဲဖြင့် ကြေညာလိုက်သည်။ 

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိသလို စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအပါအဝင် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံးကို လက်ခံမည်မဟုတ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် ခြေလှမ်းပြင်နေသောကြောင့် ပါတီဗဟိုအလုပ်ကော်မတီ (CWC) ၏ ဆုံးဖြတ်ချက်ဖြင့် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းမြင့်က ပြောသည်။

“တရားမဝင် အာဏာလုထားတဲ့ စစ်ကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရော၊ အာဏာလုထားတဲ့ တရားမဝင်အကြမ်းဖက်စစ်ကောင်စီက လုပ်မယ့် ဘယ်ရွေးကောက်ပွဲမဆို ကျွန်တော်တို့က ဆန့်ကျင်သွားမယ့်အပြင် လုံးဝလုံးဝ အသိအမှတ်မပြုဘူး” ဟု ရန်ကုန်၊ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။

ဇွန် ၂၅ တွင် ကျင်းပသည့် ဗဟိုအလုပ်ကော်မတီနှင့် ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်တီဝင်များ၊ တိုင်းနှင့်ပြည်နယ် တာဝန်ခံများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။ 

၂၀၂၀ နိုဝင်ဘာ ၈ တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် NLD က မဲဆန္ဒနယ်အားလုံး၏ ၈၂.၃၆ ရာခိုင်နှုန်း အနိုင်ရထားပြီး လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ် ၉၂၀ ဦးအထိ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။ 

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် နိုင်ငံတကာသံတမန်များကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။ 

စစ်ဗိုလ်ချုပ်များက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းသည်ဟူသော အကြောင်းပြချက်ဖြင့်  ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး စစ်ဥပဒေချုပ်ဟောင်းဖြစ်သူ ဦးသိန်းစိုးကို ဥက္ကဋ္ဌတာဝန်ပေးအပ်ခဲ့သည်။ 

ဦးသိန်းစိုးမှာ မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် မဲမသမာမှုများစွာရှိသည်ဟု နာမည်ကျော်ခဲ့ပြီး စစ်ယူနီဖောင်းချွတ် အရပ်သားပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အာဏာလွှဲပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို UEC ဥက္ကဋ္ဌအဖြစ် ကြီးကြပ်ဖူးသူဖြစ်သည်။

ထို့ပြင် (NLD) ကို မှတ်ပုံတင်ပယ်ဖျက်၍ ပါတီခေါင်းဆောင်များကို နိုင်ငံတော်သစ္စာဖောက်အဖြစ် အရေးယူရန် ဆောင်ရွက်နေပြီဟု သူက  ၂၀၂၁ မေလ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

“အဲဒီလို ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီးဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျွန်တော်တို့ မှတ်ပုံတင်ဖျက်ပစ်ရပါမယ်။ ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အနေနဲ့ ကျွန်တော်တို့ အရေးယူရမယ်။ စဉ်းစားဆောင်ရွက်နေပြီဖြစ်ပါတယ်” ဟု ဦးသိန်းစိုးက ပြောဆိုခဲ့သည်။ 

၂၀၂၃ တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး သမ္မတဖြစ်ရန် စိတ်အားထက်သန်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်သည် စစ်တပ်ဖွဲ့စည်းပေးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၎င်းကို အမိန့်နာခံမည့်သူများနှင့် အစားထိုးနိုင်ရန် ကြိုးပမ်းနေသည်ဟု လေ့လာသူများက သုံးသပ်သည်။  

ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်လျှင်လည်း စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက် အာဏာချုပ်ကိုင်သွားလိမ့်မည်ဟု သုံးသပ်သူများလည်း ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button