သတင်း

စစ်အစိုးရအာဘော် အာဏာသိမ်းမှတ်တမ်းရုပ်ရှင် ပြန်လည်ထုတ်လွှင့်ခြင်း ဒီမိုကရေစီအတွက် အကျိုးမပြုဟု ဝေဖန်ခံရ

ရန်ကုန် — တစ်ပါတီအာဏာရှင်စနစ်ကို ပြုတ်ကျစေခဲ့သည့် သမိုင်းတွင် အကြီးမားဆုံး လူထုအုံကြွမှုကြီး ဖြစ်သည့် ၁၉၈၈ ခုနှစ် အရေးတော်ပုံအကြောင်း အာဏာသိမ်း စစ်အစိုးရက ရိုက်ကူးခဲ့သော “သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” ဆိုသည့် ရုပ်သံမှတ်တမ်းသည် နိုင်ငံပိုင်ရုပ်မြင်သံကြားများပေါ်မှ ပျောက်နေသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။

တပ်မတော်အာဏာသိမ်းတာ မှန်ကန်ကြောင်း ဝါဒဖြန့်သည့်အနေဖြင့် ၈၈၈၈ အရေးအခင်းဖြစ်ပြီး တစ်နှစ်အကြာတွင် ရိုက်ကူးခဲ့သည့် အဆိုပါမှတ်တမ်းရုပ်သံကို အာဏာသိမ်းမှု နှစ် ၃၀ ပြည့်မြောက်သည့် စက်တင်ဘာလ ၁၈ ရက်နေ့က တပ်မတော် ထိန်းချုပ်ထားသည့် မြဝတီရုပ်သံလိုင်းတချို့တွင် အချိန်ကိုက်ပြသခဲ့သည်။

“မြန်မာ့သမိုင်းမှာ အကြမ်းတမ်းဆုံးနဲ့အရက်စက်ဆုံး လူထုဆူပူအုံကြွမှု” ဟု ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကို မြဝတီရုပ်သံက ညွှန်းဆိုထားသည့် အဆိုပါ မှတ်တမ်းရုပ်ရှင် ပြန်လည်ထုတ်လွှင့်မှုအပေါ် ပြည်သူလူထု အကြား ဝေဖန်မှုများလည်း မြင့်တက်နေသည်။

စစ်အာဏာရှင်စနစ်ကို မှန်ကန်ကြောင်း ခုခံကာကွယ်လိုပြီး တပ်မတော်သာလျှင် မြန်မာနိုင်ငံတွင် အမှန်ကန်ဆုံးအဖွဲ့ဟု ပုံဖော်နေခြင်းမှာ မှားယွင်းကြောင်း ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှ တစ်ဆင့်လူသိများလာသည့် ကိုမြအေးက တုံ့ပြန်သည်။

“(တပ်ဘက်က) ငါတို့ကလည်း မှန်တယ်ဆိုတဲ့ စိတ်တစ်ခုတည်းကို တရားသေကိုင်ထားပြီးတော့ ညစ်တွန်းတွန် နေတယ်လို့ ကျွန်တော်ထင်တယ် ” ဟု ကိုမြအေးက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် လူသိများသည့် ကိုမြအေးက ပြည်သူလူထုအနေဖြင့် သမိုင်းတွင် မည်သည့်အတွက်ကြောင့် အရေးအခင်းပေါ်လာခဲ့သည်ကို သိနှင့်ပြီးဖြစ်သည်ဟု ဆိုသည်။

“အခုလည်း ဒီတိုင်းပဲ စစ်တပ်ကချပေးတဲ့ ဒီမိုကရေစီစနစ်၊ ဒါကို ငါတို့က ဖော်ဆောင်ပေးတယ်ဆိုတဲ့သဘော ဖမ်းနေလို့ကတော့ ဒါဟာ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်မြင်တယ်” ဟု ၎င်းက ပြောသည်။

အမြင်မတူသည့်အကြားတွင် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများကို အကြမ်းဖက် နှိမ်နင်းခဲ့ပြီး ယင်းအခြေအနေကို နိုင်ငံတော်ပြန်လည်တည်ဆောက်နေချိန်တွင် ထုတ်လွှင့်ပြသခြင်းသည် လက်ရှိနိုင်ငံရေးအနေအထားအတွက် သင့်လျော်မှု မရှိဟု မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောသည်။

“တမင်ဆိုးရွားအောင် လုပ်ကြံဖန်တီးမှုတွေရှိခဲ့တယ်ဆိုတာ အားလုံးသိခဲ့တယ်လေ။ ဒီဟာကို ဆင်ခြေပေးဖို့အတွက် လုပ်ဆောင်ထားတဲ့အရာတစ်ခုလို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

ယခုလုပ်ဆောင်ချက်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လက်ရှိနိုင်ငံရေးလျှောက်လှမ်းမှုတွင် တပ်မတော်က မြန်မာ့နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေဦးမည်ဟု နားလည်ကြောင်း ဆက်လက်ပြောသည်။

အဆိုပါ ရုပ်သံထုတ်လွှင့်မှုသည် တပ်မတော်နှင့်ဆိုင်သည့် စာမျက်နှာများအား Facebook နှင့် ရုရှားလူမှုကွန်ရက် VK တို့က ဖယ်ရှားလိုက်ခြင်းကို လှောင်ပြောင်ခဲ့သူများအပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း မြစ်ကြီးနားမြို့နေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကချင်တိုင်းရင်းသား ဦးဂျန်ခုန့်က ပြောသည်။

“ဒီတစ်ခေါက်မှာလည်း သူတို့က မီဒီယာအသာစီးကို Facebook ကနေ မယူနိုင်တော့တဲ့အချိန်မှာ သူတို့က ဒီတစ်ခေါက်မှာတော့ နည်းနည်းညင်သာမှု မရှိလာတဲ့အနေအထားပေါ့” ဟု ဆိုသည်။

အဆိုပါထုတ်လွှင့်မှုသည် ဝါဒဖြန့်ချိသည့်အဆင့်လောက်သာဖြစ်ပြီး အာဏာသိမ်းသည်အထိ ဖြစ်မလာနိုင်ဟုလည်း ၎င်းက သုံးသပ်သည်။

ရန်ကုန်အခြေစိုက် လစဉ်ထုတ် နိုင်ငံရေးမဂ္ဂဇင်း ‘ခေတ်ရနံ့’ ၏အယ်ဒီတာချုပ် ကိုပြည်သွေးနိုင်က ယနေ့ခေတ်တွင် ခေတ်မစားတော့သည့် အာဏာသိမ်းသည့်ယဉ်ကျေးမှုကို မှန်ကန်သည့်လုပ်ရပ်အဖြစ် ထင်ယောင်ထင်မှားဖြစ်အောင် ပြသသည့် လုပ်ရပ်ဟု ယူဆသည်။

“တကယ်အခြေအနေတွေ ဆိုးရွားခဲ့တာတွေကို ရိုးသားပါတယ်၊ မှန်ကန်ပါတယ်ဆိုတဲ့ ရှုထောင့်ဖြစ်အောင် အရေးအခင်းတုန်းက အဆိုးတွေကိုပဲ ထုတ်ပြထားတဲ့အတွက် ဒါဟာ တစ်ဖက်သတ်တင်ပြထားမှုဖြစ်တယ်။ မျှတမှု မရှိဘူး” ဟု မြဝတီရုပ်သံက ပြန်လည်ထုတ်လွှင့်ခဲ့သည့် ၄၁ မိနစ်ကြာ မှတ်တမ်းရုပ်ရှင်ကို ဝေဖန်သည်။

နိုင်ငံတော်တည်ဆောက်ရေး ဦးမော့ခါစအချိန်တွင် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု နာကြည်းအထင်လွဲစရာဖြစ်အောင် တစ်ဖက်သတ်အမြင်ဖြင့် လုပ်ဆောင်နေခြင်းသည် တိုင်းပြည်အတွက် နစ်နာသည်ဟု ၎င်းက ပြောသည်။

ဒီမိုကရေစီအကူးအပြောင်းတွင် တပ်မတော်အနေဖြင့် ပြည်သူလူထု၏ သဘောထားကို ထင်ဟပ်သည့် ဆောင်ရွက်ချက်များကို ကြိုးပမ်းရမည့်အချိန်သာဖြစ်ပြီး၊ ငြိမ်းချမ်းရေးတွင် အားစိုက်ဆောင်ရွက်ရမည့် အချိန်သာဖြစ်သည်ဟု ကိုပြည်သွေးနိုင်က ပြောသည်။

Show More

Related Articles

Back to top button