သတင်း

စစ်ရေယာဉ်ပေါ် နှိပ်စက်ခံခဲ့ရသည့် ကျောက်ဆိပ်ရွာသားများ ထောင် ၃ နှစ်ချခံရ

စစ်တွေခရိုင်တရားရုံးက စစ်ရေယာဉ်ပေါ်တွင် နှိပ်စက်ခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုကို ၂ နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ဇူလိုင် ၆ တွင် ထောင် ၃ နှစ်စီ စီရင်လိုက်သည်။ 

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂ (က) ဖြင့် စီရင်သည့် ထိုအမှုတွင် ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုကြောင်း အမှုလိုက်ပါဆောင်ရွက်သည့်ရှေ့နေထံမှ သိရသည်။

“သူတို့ အမှုရင်ဆိုင်နေကြတာ ၂ နှစ်နဲ့ ၂ လခွဲ ကြာခဲ့ပါတယ်။ သူတို့က ထောင်ထဲမှာ ၈ လလောက်နေရင် လွတ်ပါပြီ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ဆိုသည်။

ထောင် ၃ နှစ်စီ ချမှတ်ခံလိုက်ရသူများမှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီ‌အောင်၊ ကိုမျိုးလင်းဦး၊ ကိုမောင်ချေ၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမျိုးမင်းအောင် (ခေါ်) မင်းစိုးနှင့် မြောက်ဦးမြို့နယ် ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်းတို့ဖြစ်ပြီး ၎င်းတို့ကို ပြီးခဲ့သည့် ၂၀၂၀ မေ ၂၂ တွင် အမှုဖွင့်ခြင်း ဖြစ်သည်။ 

စီရင်ချက်ချပြီးဖြစ်သည့်အတွက် မှတ်ချက်မပေးလိုကြောင်း အမိန့်ချသည့် ရုံးချိန်းသို့ သွားရောက်ခဲ့သည့် ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက ဆိုသည်။

“ဘာပြောတော့မလဲ ထောင်ချလိုက်ပြီလေ။ ထောင် ၃ နှစ်ချမှတ်လိုက်တဲ့အထဲက ချုပ်ရက်တွေကို နုတ်ပြီး နောက်ထပ် ၇ လ၊ ၈ လဆိုရင် ပြန်လွတ်မယ်လို့ သိရတယ်” ဟု သူက ပြောသည်။

မူလက စွဲဆိုထားသည့် ပုဒ်မ ၂ ခုအနက် ၅၀ (ည) ဖြင့် ပြစ်မှုငြိစွန်းမှု မရှိသည့်အတွက် ၅၂ (က) ဖြင့်သာ အမိန့်ချခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို ၂၀၂၀ အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

၂၀၂၀ ဧပြီ ၁၉ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ပုဏ္ဏားကျွန်းမြို့ မြောက်ဘက် ၂ မိုင်အကွာရှိ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာသား ၃၈ ဦးတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ၃၃ ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်။

၅ ဦးကို ပုဏ္ဏားကျွန်းရဲစခန်းမှ စစ်တွေသို့ ခေါ်ဆောင်စဉ် စစ်သားအချို့က လက်ပြန်ကြိုးတုပ်၊ မျက်နှာ အဝတ်စည်းခံထားရသည့် ထို ၅ ဦးကို ထိုးကြိတ်ကန်ကျောက်ပြီး စစ်ဆေးမေးမြန်းခဲ့သေးသည်။  

ထိုသို့အကြမ်းဖက်နေမှု မှတ်တမ်းရုပ်သံဖိုင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီးနောက် စစ်တပ်က “ဥပဒေနှင့် မလျော်ညီစွာ” စစ်မေးခဲ့သူများကို စစ်စည်းကမ်းဥပဒေနှင့်အညီ အရေးယူမည်ဟုသာ သတင်းထုတ်ပြန်ခဲ့သည်။ 

၎င်းတို့ ၅ ဦးကို (ဧပြီ ၂၄) တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်ထွန်းနိုင်က တရားလိုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) မှာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၅၂ (က) အရ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ကျောက်ဆိပ်ကျေးရွာသားများ ဖမ်းဆီးမခံရခင် ယင်းနှစ် ဧပြီ ၁၃ သင်္ကြန်အကျနေ့ နံနက်၌ ကျေးရွာတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၈ ဦး သေဆုံးခဲ့ရသေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button