မေးမြန်းခန်း

“ဖမ်းမိတဲ့စစ်သားတွေက အူကြောင်ကျားဖြစ်နေတာ၊ ဘာဆေးတွေထိုးထားလဲ မသိဘူး”

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီခြေကုပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာ ၁၀ရက် ကျော်ရှိပြီဖြစ်သည်။ 

မြဝတီမြို့တောင်ဘက် ၁၈ မိုင်အကွာရှိ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) လက်အောက်ခံစစ်ကြောင်းများက ဇွန် ၂၆ ရက်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

စခန်းလက်မလွှတ်ရေး စစ်ကောင်စီက လက်နက်ကြီးပစ်ကူအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်စဉ် ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပျံသန်းမှုကြောင့် မြန်မာစစ်တပ်က တောင်းပန်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

ဥကရစ်ထစခန်းတစ်ဝိုက် နေ့စဉ်ရက်ဆက် တိုက်ပွဲများအတွင်း မိမိတို့ဘက်မှ အသားစီးရကြောင် အပြန်အလှန်သတင်းထုတ်ပြန်မှုများ ရှိသော်လည်း နှစ်ဖက်ထိခိုက် သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ ယနေ့အချိန်ထိ မသိရသေးပေ။

ထိုင်းနယ်စပ်အနီး ဥကရစ်ထစခန်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ KNDO အထူးကွန်မန်ဒိုစစ်ကြောင်းတစ်ခုဖြစ်သော Venom ၏ စစ်ကြောင်းမှူး စောဝင်းမြင့်ကို Myanmar Now က ယမန်နေ့ (ဇူလိုင် ၅) တွင် ဆက်သွယ်မေးမြန်းထားသည်။

KNDO ၏ စစ်ကြောင်းမှူးတစ်ဦးဖြစ်သော စောဝင်းမြင့်နှင့် KNLA မှ စစ်ကြောင်းမှူးတစ်ဦးဖြစ်သော ဗိုလ်ဒါပေါတို့ကို တိုက်ပွဲတစ်နေရာ၌ တွေ့ရစဉ်။ (ဓာတ်ပုံ​ – ပေးပို့)

မေး – တိုက်ပွဲဖြစ်လာတာ ၉ ရက်လောက်ရှိလာပြီဆိုတော့ လက်ရှိ ဘယ်လိုအခြေအနေရှိလဲ။ 

ဖြေ – တိုက်ပွဲက ၂၆ ရက်နေ့က စတယ်။ နှစ်ရက်မြောက်နေ့ကတည်းက လေယာဉ်ပျံနဲ့ လိုက်ပစ်နေတာ။ အခုထက်ထိ လေယာဉ်ပျံနဲ့လာပြီး လိုက်ပစ်နေတုန်းပဲ။ ကျွန်တော်တို့က သူတို့စခန်းနားကိုတော့ မကပ်တော့ဘူး။ ခံစစ်ပြင်ထားလိုက်တယ်။ သူတို့ရဲ့ခံစစ်ကို တိုက်ဖြုတ်ရတာ နည်းနည်းအခက်အခဲရှိတယ်။ 

မေး – ဥကရစ်ထစခန်းမှာ တိုက်ပွဲစဖြစ်ခဲ့တဲ့ အနေအထားကို နည်းနည်းပြန်ပြောပြလို့ ရမလား။

ဖြေ – ဥကရစ်ထကို ၂၆ ရက်နေ့ မနက် ၅ နာရီကနေ စတိုက်ခိုက်တာ။ ကျွန်တော်တို့ တိုက်ခိုက်တဲ့အချိန်မှာ နအဖ (စစ်တပ်) တွေကတော့ ထိခိုက်မှုရှိပါတယ်။ နအဖတွေက ဒီစခန်းမှာ ထိုင်တာ မဟုတ်ဘူး။ မြေပြင်မှာ ဝင်ထိုင်တာ။ ရွာက အိမ်တွေမှာ သေသေချာချာလေး ဘန်ကာဆောက်ထားတယ်။ ကျွန်တော်တို့ တိုက်တော့ နောက်ပြန်ဆုတ်၊ ဆုတ်ရင်းနဲ့ သူတို့လည်း အထိအခိုက်အကျဆုံးများတယ်။

သုံးရက်မြောက်နေ့မှာ ကျွန်တော်တို့တိုက်တာ နအဖတွေက ခြံစည်းရိုးပေါ်မှာ စခန်းကျဉ်းကျဉ်းလေးမှာ အကုန်လုံးထိုင်နေကြတာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ တိုက်ရင်ရပြီ။ ဒါပေမဲ့ သူတို့က လေယာဉ်ပျံနဲ့ အဆက်မပြတ်ပစ်တယ်။ လေယာဉ်ပျံနဲ့ကျတော့ ကျွန်တော်တို့လည်း ထလို့မရဘူးပေါ့။ အပေါ်လည်း ကြည့်ရသေးတာကို။

လေယာဉ်နဲ့ လာကြဲတဲ့အချိန်မှာ သူ့စခန်းထဲလည်း ကျသွားတယ်။ သူ့ရဲဘော်တွေလည်းပဲ အနည်းနဲ့ အများတော့ သေမှာပဲ။ လေယာဉ်နဲ့ လာကြဲတဲ့အချိန်မှာ ကျွန်တော်တို့ အထိအခိုက် တော်တော်လေး ပြန်များလာတယ်။ သူတို့လည်း စစ်ကူတွေခေါ်တယ်။ စစ်ကူလာတော့လည်း ၆၀ နဲ့ ၈၀ ကြားလောက်ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းကို ပြုတ်အောင် ကျွန်တော်တို့ဖြုတ်လိုက်တယ်။ အဲဒီမှာ စစ်ကြောင်းတစ်ကြောင်း ထပ်ခေါ်လာတယ်။ ၁၆၀ လောက်ရှိတယ်။ အဲဒီစစ်ကြောင်းက ကျွန်တော်တို့ကို လာတက်ပစ်တယ်။

သူတို့က မူးယစ်ဆေးဝါးအလွန်အကျွံသုံးတော့ သေတယ်။ သေတဲ့လူတွေရှိပေမယ့် ဘယ်လိုပြောရမလဲ တက်တယ်။ သေတယ်။ တက်လာတယ်။ သေတယ်။ ကြောက်စိတ်တွေ ကင်းမဲ့တာပေါ့။

ကျွန်တော်တို့ဘက်မှာက လက်နက်ခဲယမ်းအခက်အခဲဖြစ်နေတာ။ ကျည်တွေလည်း မရှိတော့ဘူး။ ရက်လည်း တော်တော်များနေပြီလေ။ အဲဒီနေ့က ၅ ရက်မြောက်နေ့။ လက်နက်ခဲယမ်းနည်းလာလို့ နောက်ပြန်ဆုတ်တယ်။ စနိုက်ပါနဲ့ ထပ်ပစ်တယ်။ အဲဒီမှာလည်း သူတို့သေတာပဲ။ ကျွန်တော်ခန့်မှန်းတာဆိုရင် နအဖတွေက အကုန်လုံး ဘယ်လောက်လောက်ကျလာလဲဆိုရင် ၂၀၀ နီးပါးလောက် ကျမှာပဲ။ 

မေး – စစ်ကောင်စီတပ်က ရွာထဲမှာ ဘယ်လိုအထိုင်ချ တပ်စွဲထားတာလဲ။

ဖြေ – ရွာထဲက အိမ်မှာရှိတဲ့ ပျဉ်တွေ၊ သစ်သားတွေကို အကုန်လုံးရိုက်ဖြိုပြီးတော့ သူတို့ ဘန်ကာလုပ်ထားတာ။ ရွာသားတွေ ဝင်လာရင် အဝင်မခံဘူး။ သူတို့က ရွာမှာရှိတဲ့ အိမ်တွေ၊ ဗီရိုတွေ အကုန်လုံးဝင်မွှေထားတယ်။ ယူထားတယ်။ အဲဒီရွာကို ကျွန်တော်တို့ဝင်ပစ်တဲ့အချိန် သူတို့ပြန်ဆုတ်တော့ အိမ်တွေက ပလဲ (ပြန့်ကျဲ) နေရောပဲ။ သူတို့ ဘန်ကာတွေ ဆောက်ထားတာ။ ရွာမှာ အိမ်အကုန်လုံးပဲ။ 

မေး – စစ်တပ်က တိုက်လေယာဉ်တွေ သုံးပြီးတိုက်တဲ့အကြောင်း ပြောပြပါဦး။ 

ဖြေ – လေယာဉ်မသုံးရင် သူတို့ကျဆုံးပြီကိုး။ သူတို့စခန်းကတော့ ကျဉ်းကျဉ်းလေးပဲ။ အဲဒီစခန်းက သူတို့အတွက်ကတော့ လမ်းပန်းဆက်သွယ်ရေးအရ အဲဒီနေရာက မရှိမဖြစ်ပဲ။ အဲဒီနေရာကျသွားရင် သူတို့က အကုန်လုံးသွားပြီ။ အဲဒီရွာမှာ အင်အားတွေလည်း အများကြီးဖြည့်ထားတယ်။ အဲဒီမှာပဲ စခန်းထိုင်တာ ၁၀၀ နဲ့ ၃၀၀ ကြားမှာ ရှိတယ်။ စခန်းထိုင်တဲ့အဖွဲ့က စစ်ကြောင်းနှစ်ကြောင်း ပေါင်းပြီးထိုင်တာ။

ကျွန်တော်တို့လည်း စခန်းကျအောင် တိုက်တာပဲ။ သူတို့လည်း အပေါ်က လေယာဉ်နဲ့ လာကြဲတယ်။ ဒီစခန်းက အဆင်းလမ်းက စုကလိဘက် ပေါက်တယ်လေ။ အနောက်ဘက်ကျတော့ မြဝတီဘက် ပေါက်တယ်လေ။ အချက်အချာကျတယ်။ ဒီစခန်းရပြီဆိုရင် ကျွန်တော်တို့က ကျန်တဲ့စခန်းဆင်းတိုက်စရာ မလိုတော့ဘူး။ သူ့ဟာသူ ရိက္ခာတွေပြတ်ပြီး သေသွားမှာပေါ့။

စစ်တပ်က ဗုံးကြဲတဲ့လေယာဉ်က သက်သက်။ လက်နက်လာချတဲ့ လေယာဉ်လည်းရှိတယ်။ လာချတဲ့ လက်နက်ထဲက တစ်မျိုးက လေထီးနဲ့ ပစ်ချလာတာ။ အဲဒီလက်နက်က သူ့ဟာသူ ပစ်တယ်။ ပေါက်ကွဲတယ်။ လူအများကြီးထိတယ်။ လေယာဉ်နဲ့က ဝေါလေဗျူဟာကုန်းကို ခဏခဏ လာချတယ်။

မေး – စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လိုရင်ဆိုင်လဲ။​

ဖြေ – လေကြောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ လေယာဉ်ပစ်လက်နက်လဲ မရှိဘူး။ လေယာဉ်ပျံလိုက်တိုင်း ပြောမယ်ဆိုရင် အပြစ်မဲ့ပြည်သူတွေ အများကြီးရှိတယ်။ ဘာမှ မသိတဲ့သူတွေလည်း အများကြီးရှိတယ်။ အာဏာသိမ်းတာကို မကျေနပ်တာနဲ့ လာကြတာ။ သူတိုက ဖြူဖြူစင်စင်သက်သက်ပဲ။​ အဲဒီလိုလူတွေ သေရတာ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ လေယာဉ်လာပြီဆိုရင် မြေပြင်ရော၊ လေယာဉ်ရော နှစ်ခုလုံးကို ကြည့်ရတယ်။ ကျွန်တော်တို့ ခုခံစရာ ဘာမှမရှိဘူး။ အခုချိန်မှာ ပြည်သူတွေအနေနဲ့ လေယာဉ်ပစ်ဝယ်ပြီး ထောက်ပံ့ပေးဖို့ အချိန်တန်ပြီ။

မေး – တိုက်ပွဲရက်ကြာလာတော့ ကိုစောဝင်းမြင့်တို့ ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ – လောလောဆယ် ကျွန်တော်တို့အဖွဲ့မှာ ထိခိုက်မှုများတယ်။ လေယာဉ်ပျံလာပစ်တဲ့အချိန်မှာ ကျွန်တော်တို့ စာသင်ကျောင်းဝင်နေတဲ့ အချိန်ကို။ သူတို့က စာသင်ကျောင်းကို မဲပစ်တာ။ ကျွန်တော်တစ်ဖွဲ့တည်းတင် ၃၀ ကျော်လောက်ရှိတယ်။ လက်နက်ကြီးအစ၊ လေယာဉ်အစတွေ ထိထားတာ။ ကျွန်တော်က စာသင်ကျောင်းကို ဝင်ပစ်တဲ့အချိန် ခြံစည်းရိုးကို ခုန်ကျော်ဖို့ လုပ်တဲ့အချိန်မှာ တစ်ချက်ထိသွားတယ်။

(KNU ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ အတိအကျ မသိရပေ။ ထို့အတူ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ၎င်းတို့တပ်ဖွဲ့ဝင်များ ကျဆုံးမှုကို ဖော်ပြခြင်း မရှိပေ။

မေး – ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေကို စစ်ဆေးမေးမြန်းနေတဲ့ ရုပ်သံတွေလည်း တွေ့ရတယ်။ ဖမ်းမိတဲ့ စစ်သားတွေအကြောင်း ပြောပြလို့ရမလား။

ဖြေ – ဖမ်းမိတဲ့စစ်သားတွေက မေးလို့ရှိရင် အကုန်လုံး အူကြောင်ကျားဖြစ်နေတာ။ ကောင်းကောင်းမွန်မွန် ဘာမှမသိကြဘူး။ ဘာဆေးတွေများ ထိုးထားလဲမသိဘူး။ တချို့ဆိုရင် နာလို့နာမှန်း မသိဘူး။  ကျွန်တော်တို့ ဖမ်းမိတဲ့တစ်ယောက်ဆိုအော်လည်း မအော်ဘူး။ နားလာလို့ မေးလည်း မနာဘူး။ ထုံနေတာ။ ဘာဆေးတွေ သုံးထားလဲ မသိဘူး။ စကားပြောရင်လည်း သူတို့ ပြောချင်တာပဲ ပြောနေတာ။

မေး – စစ်သား ဘယ်နှစ်ယောက်လောက် ဖမ်းမိထားလဲ။ 

ဖြေ – ခုက အဖွဲ့တွေ မဆုံရသေးဘူး။ စာရင်းမစုံသေးဘူး။ ပြီးမှ သေချာမေးမြန်းရမယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button