Uncategorized

ဘန်ကောက်၊ ဂျာကာတာနဲ့ စမ်းချောင်း ဘယ်မြို့က ရေအောက်အရင်ရောက်မလဲ

ရန်ကုန် — လက်ရှိကြုံနေရတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရင် ဘန်ကောက်၊ ဂျာကာတာနဲ့ စမ်းချောင်းတို့ဟာ လာမည့်နှစ်အနည်းငယ်အတွင်း လူနေအိမ်တွေထဲ ရေတွေဝင်ရောက်လာတာကို ဆိုးဆိုးရွားရွား ကြုံရနိုင်ပါတယ်။

မြေအောက်ရေ အလွန်အကျွံ ထုတ်သုံးခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနဲ့ ထုထည်ကြီးမားတဲ့ အဆောက်အအုံတွေ တိုးလာခြင်းတို့ကို အလျင်အမြန် မဖြေရှင်းနိုင်ရင် လာမယ့် ၁၅ နှစ်အတွင်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ဟာ ရေအောက်ရောက်သွားလိမ့်မယ်လို့ အစီရင်ခံစာတစ်ခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ၂၀၁၅ ခုနှစ်အတွင်းက ရေးသားပါတယ်။

ဘန်ကောက်လိုအခြေအနေတွေကြောင့်ပဲ လူ ၁၀ သန်းလောက်နေထိုင်တဲ့ အင်ဒိုနီးရှားမြို့တော် ဂျာကာတာဟာလည်း ၂၀၅၀ မှာ ရေအောက်နစ်မြုပ်သွားနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

လူဦးရေ ၆၅,၀၀၀ ကျော် နေထိုင်တဲ့ ရန်ကုန်မြို့လယ်ပိုင်းက စမ်းချောင်းမြို့နယ်ဟာလည်း အခုကြုံနေရတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ရင် လာမည့်နှစ်တွေမှာ ရေမြုပ်ဖို့ရှိပါတယ်။

ဒါပေမယ့် စမ်းချောင်းဟာ ဘန်ကောက်နဲ့ ဂျာကာတာလို လူနေအိမ်တွေ မြေကြီးထဲ နစ်ဝင်သွားတာမဟုတ်ဘဲ လူနေအိမ်ရှေ့ကလမ်းမတွေ ရုတ်တရက် မြင့်တက်လာတာကြောင့် အိမ်တွေ ရေအောက်နစ်မြုပ်ဖို့ အကြောင်းဖန်လာတာပါ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ စမ်းချောင်းမြို့နယ်ထဲက ပျက်စီးနေတဲ့ လမ်းမအတော်များများကို ယခုနှစ် ဧပြီလကစပြီး ကွန်ကရစ်ထပ်ပိုးလွှာ ခင်းခဲ့ပါတယ်။

ဒါပေမဲ့ လမ်းဟောင်းကို တူးထုတ်ဖို့ ဘတ်ဂျက်ရန်ပုံငွေ မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လမ်းမတွေပေါ်မှာပဲ ကွန်ကရစ်ကို ထပ်ခင်းခဲ့တာကြောင့် လမ်းတွေဟာ အရင်ထက် နှစ်ဆလောက် မြင့်တက်သွားသလို မြေညီထပ်တိုက်ခန်းတွထက်လည်း လမ်းတွေက ပိုမြင့်သွားခဲ့ပါတယ်။

“နဂိုရှိတာကို တူးလိုက်ရင် အသစ်ခင်းတာထက် ကုန်ကျစရိတ်များနေတယ်။ ကျွန်တော်တို့ နိုင်ငံအနေအထားလေးနဲ့ တချို့နေရာတွေဆို လုပ်ချင်တယ်။ ဘတ်ဂျက်အနေအထားနဲ့ လုပ်ဖို့မရသေးဘူး” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) က လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက The Voice သတင်းဌာနကို ဩဂုတ်လအတွင်းက ပြောကြားခဲ့ပါတယ်။

ဗဟိုလမ်းက တစ်ဖက်နိမ့်နေတဲ့အတွက် လမ်းကို ညီအောင် ကွန်ကရစ်နဲ့ ညှိလိုက်တဲ့အတွက် အချို့နေရာတွေမှာ လမ်းက အိမ်တွေထက် နှစ်ပေလောက် မြင့်သွားတာလို့ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်ကလည်းThe Voice သတင်းဌာနကို ဩဂုတ်လအတွင်းက ပြောကြားခဲ့ပါတယ်။

ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲလို့ Myanmar Nowက စမ်းချောင်းမြို့နယ်နဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်မဖြေကြားခဲ့ပါဘူး။

အခုဆို မိုးသဲသဲမဲမဲ ရွာတိုင်း လမ်းပေါ်ကရေတွေဟာ ပိုနိမ့်တဲ့ အိမ်တွေထဲ စီးဝင်နေတာကြောင့် စမ်းချောင်းမြို့နယ်ထဲက မြေညီထပ်တိုက်ခန်းတွေမှာ နေထိုင်သူတွေဟာ ရန်ကုန်မှာ မိုးသဲသဲမဲမဲ ရွာတဲ့အချိန်တွေကို ကြောက်လန့်နေကြပါတယ်။

စမ်းချောင်းမြို့နယ် ဆီဆုံလမ်း မြေညီထပ်မှာ နေထိုင်တဲ့ ဦးခင်မောင်သိန်းက မိုးသည်းလိုက်တိုင်း ရေဝင်နေတဲ့ သူ့အိမ်ကို စိတ်ညစ်နေပါတယ်လို့ Myanmar Now ကို ပြောပါတယ်။

“ရောင်းပစ်မလား၊ ထပ်ပြီး မြှင့်ပြီး ပြန်ဆောက်မလား။ ဒီတိုင်းတော့ မရဘူးဆိုတာ ကျွန်တော်တို့ သိပြီ” လို့ ဆိုပါတယ်။

စမ်းချောင်းမြို့နယ် ဗားကရာလမ်းပေါ်ရှိ ရှစ်ထပ်ခွဲမြင့်တဲ့ Azure Hotel နဲ့ ၁ဝ ထပ်မြင့်တဲ့ ကွန်ဒိုတစ်ခုရဲ့ မြေအောက်ကားပါကင်တွေမှာ ရေတွေဝင်နေခဲ့တာကြောင့် မီးသတ်ကားတွေ၊ ရေစုပ်စက်တွေ သုံးပြီး စမ်းချောင်းမီးသတ်က ခြောက်နာရီလောက် ကြာအောင် ရေတွေ စုပ်ထုတ်ပေးခဲ့ရပါတယ်။

“ရာသီဥတုက ဖောက်ပြန်တော့ မိုးများရင် မြောင်းတွေထဲကို ကျော်သွားတယ်။ ဘေးပတ်ဝန်းကျင် အိမ်တွေပါ ဝင်ကုန်တာပေါ့။ ဟိုတယ်ထဲမှာ ဝင်တဲ့ရေက အောက်ခန်းအကုန်ပြည့်သွားပြီဆိုရင် လူတွေ အန္တရာယ်ရှိသွားပြီ” လို့ စမ်းချောင်းမြို့နယ် ဒု-မီးသတ်ဦးစီးမှူး ဦးသန်းဇော်က ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော် စမ်းချောင်းမြို့နယ်အမတ် ဦးအောင်မျိုးကတော့ ကွန်ကရစ်လမ်းတွေကို ကောင်းအောင် ဆက်ခင်းနေသလို မိုးရွာတဲ့အချိန်မှာ ရေတွေ မြန်မြန်ကျသွားအောင် မြောင်းတွေကို စည်ပင်က အားစိုက်ပြီး လုပ်နေတယ်လို့ ဆိုပါတယ်။

စမ်းချောင်းမှာ ဆယ်စုနှစ်သုံးခုကြာ နေထိုင်တဲ့အသက် ၈ဝ အရွယ်ဦးခင်မောင်သိန်းကတော့ လမ်းတွေမြင့်လာတာအပြင် လူတွေဟာ ရေဆင်းတဲ့မြောင်းတွေထဲကို အမှိုက်တွေ အလွန်အကျွံပစ်တာကြောင့် မြို့တွင်းလမ်းမတွေ ရေလျှံတာလို့ ဆိုပါတယ်။ အဲဒီ့အမှိုက်တွေကိုလည်း စည်ပင်က အမြဲတမ်း လာမရှင်းနိုင်ဘူးလို့ ဆိုပါတယ်။

“နောက်ဖေးလမ်းကြား ရွှံ့က တစ်ပေလောက် ရောက်နေပြီ။ မြောင်းလည်း ပိတ်နေပြီ၊ အဲဒါလည်း စည်ပင်က ၂၈ နှစ် အတွင်းမှာ တစ်ခါလာဖော်တယ် ဒီလောက်ပဲ” လို့ သူက ဆိုပါတယ်။

စမ်းချောင်းမြို့နယ် ဦးဖီးလမ်းက မြေညီထပ်တိုက်ခန်းမှာ နေထိုင်တဲ့ အသက် ၆၁ နှစ်ရှိ ဦးအေးကိုကတော့ မိုးရွာပြီးတဲ့နောက် စမ်းချောင်းရပ်ကွက်ထဲက လမ်းမတွေပေါ် ကျန်ခဲ့တဲ့ရေတွေ အလျင်အမြန်ကျသွားဖို့အတွက် အင်္ဂလိပ်အစိုးရ လက်ထက်က လုပ်ခဲ့တဲ့ ဗားကရာချောက်စီမံကိန်းကို အတုယူပြီး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။

ဗားကရာချောက်ဟာ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်မြို့နယ် အစပ်မှာရှိတဲ့ မြေနိမ့်ဧရိယာတစ်ခုဖြစ်ပြီး မိုးရွာပြီးနောက် မြေနီကုန်းနဲ့ စမ်းချောင်းလို အမြင့်ပိုင်းက စီးဝင်လာတဲ့ရေတွေ စုပြုံ ရောက်ရှိလာတတ်ပါတယ်။

အင်္ဂလိပ်အစိုးရလက်ထက်က မြို့ပြပညာရှင်တွေဟာ ဒီအချက်ကို ကောင်းကောင်းအသုံးချခဲ့ပြီး အမြင့်ပိုင်းက ရေတွေကို ဗားကရာချောက်ထဲ အလွယ်တကူ စီးဝင်နိုင်အောင် မြို့တွင်းလမ်းနဲ့ မြောင်းတွေကို စီစဉ်ထားပြီး အဲဒီကမှတစ်ဆင့် လမ်းလျှောက်သွားရင် ငါးမိနစ်လောက်နဲ့ရောက်တဲ့ လှိုင်မြစ်ထဲကို ရေတွေ စီးဝင်စေတယ်လို့ စမ်းချောင်းမြို့နယ်သား ဦးအေးကိုက ပြောပါတယ်။

ဘန်ကောက်နဲ့ ဂျကာတာလိုပဲ ပြင်ဆင်မှုတွေ ချက်ချင်းမလုပ်ရင် ရေအောက်ကို နစ်မြုပ်ဖို့ အရေးကြုံနေရတဲ့ အရေးကြောင့် စမ်းချောင်းမြို့ခံတွေဟာ နောက်တစ်ကြိမ် ရန်ကုန်မှာ မိုးသည်းလာမှာကို ကြောက်နေကြပါတယ်။

Show More

Related Articles

Back to top button