ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် ယနေ့ (ဇူလိုင် ၄) နံနက်ပိုင်းက အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များဖြစ်သည်ဟု ရပ်ကွက်သားတစ်ဦးနှင့် ရဲသတင်းရင်းမြစ်တစ်ခုက အတည်ပြုသည်။
လုပ်ကြံခံရသူများမှာ အသက် ၃၀ ကျော်အရွယ် မတင်ဌေးလှိုင်နှင့် အစ်မဖြစ်သူ ၄၅ နှစ်အရွယ် မတင်ဌေးခိုင်တို့ဖြစ်ပြီး သစ်သီးအချဉ်ပေါင်း ရောင်းရန်ပြင်ဆင်နေစဉ် နံနက် ၉ နာရီခန့်က ပစ်ခတ်ခံရ ခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့က ညီအစ်မလေ။ အဲဒီနားမှာ နှစ်ယောက်အတူ ဈေးရောင်းကြတာ။ နှစ်ယောက်စလုံးကို ပစ်သွား တာ။ တစ်ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီးတယ်။ တစ်ယောက်ကတော့ ဆေးရုံသွားနေရင်းနဲ့ လမ်းမှာသေသွားတယ်” ဟု လှည်းတန်းဈေးအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ပစ်သတ်ခံရသူနှစ်ဦးမှာ ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ပြီး ၎င်းတို့မိသားစုတစ်ခုလုံးသည်လည်း ပါတီအမာခံ များဖြစ်ကြောင်း၊ စစ်တပ်သတင်းပေးများဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက ဆိုသည်ဟု ထိုအမျိုး သားက ပြောသည်။
“သူတို့ကတော့ ဒလန်ဆိုတာ တစ်ရပ်ကွက်လုံးသိတယ်။ သူတို့ကိုယ်တိုင်လည်း ပေါ်ပေါ်တင်တင်ကို လုပ်နေ တာလေ။ သူတို့ဆီမှာ (စစ်သား၊ ရဲ) အဝင်အထွက်ရှိတာပေါ့လေ။ အထူးသဖြင့် ရဲတွေပေါ့” ဟု ၎င်းက ဆိုသည်။
Myanmar Now ၏ ရဲသတင်းရင်းမြစ်အရ မတင်ဌေးလှိုင်မှာ နေရာပင် ပွဲချင်းပြီးသေဆုံးခြင်းဖြစ်ကာ အစ် မဖြစ်သူ မတင်ဌေးခိုင်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ ကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင်ဖြစ် ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရသူ ညီအစ်မနှစ်ဦး၏ ဖခင်မှာ ဦးအောင်တင်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားရာ နေရာတွင် ကျည်ဆန်ငါးခု တွေ့ရှိရကြောင်းလည်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။
သေဆုံးသူ ညီအစ်မနှစ်ဦး၏ မိသားစုဝင်တစ်ဦးမှာ ရဲဖြစ်ကြောင်း၊ မတင်ဌေးခိုင်သည် ရန်ကုန်တက္ကသိုလ် ဓမ္မာရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ မကြာခဏ သွားရောက်လေ့ရှိသည်ကို ရပ်ကွက် နေသူများ တွေ့ရကြောင်းလည်း လှည်တန်းဈေးအနီး နေထိုင်သူက ပြောသည်။
“လှည်းတန်းထိပ်ကို စစ်တပ်ကနေပြီးတော့ ဆန္ဒပြတုန်းက နှိမ်နင်းပစ်ခတ်တုန်းက သူတို့က စစ်သားတွေကို ရေတွေထွက်တိုက်၊ ကွမ်းယာတွေပေး၊ အအေးတွေတိုက် အဲလိုတွေလုပ်ကြတာ” ဟု ၎င်းက ပြောသည်။
ထိုညီအစ်မနှစ်ဦးနှင့် မိသားစုဝင်များမှာ စစ်တပ်နှင့် နီးကပ်သူများဖြစ်ကြောင်း လှည်းတန်းဈေးအနီး နေ ထိုင်သည့် အခြားအမျိုးသမီးတစ်ဦးကလည်း ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
“အဲလိုမျိုးတော့ ကြားတယ်။ (၂၀၂၁) သုံးလပိုင်း လေးလပိုင်းလောက်ကတည်းက ကြားတယ်။ ဈေးထဲမှာ ပြောနေကြတယ်။ သူတို့ကို သတိထားပါဆိုပြီးတော့” ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက လှည်းတန်းလမ်းဆုံတဝိုက်ရှိ လမ်းများကို ပိတ်ဆို့ကာ စစ်ဆေးနေကြောင်း၊ အဖမ်းခံရသူ ရှိမရှိ မသိရသေးကြောင်းလည်း ရပ်ကွက်နေသူများထံမှသိရသည်။
ဇွန်လ ၃၀ ရက် ညပိုင်းကလည်း လှည်းတန်းဈေးအနီး ပေ ၅၀ လမ်းရှိ ပျံကျဈေးကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ဈေးသည်များ၏ ပစ္စည်းများကို လုယက်ယူငင်ကာ အခြားပစ္စည်းများကို မီးပုံရှို့ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



