ယနေ့ (ဇွန် ၂၈) နံနက်က ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် အမှတ် (၂၇၄) တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသည့်အတွက် ၁၄ နှစ်အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
နံနက် ၁၀ နာရီဝန်းကျင်တွင် မြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မဒပ်ကျေးရွာအတွင်း ထိုကလေး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး တစ်နာရီခန့်အကြာတွင် သေဆုံးသွားကြောင်း၊ ထိုကလေး၏ ၁၁ နှစ်အရွယ် ညီဖြစ်သူလည်း မေ ၂၃ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“နယ်မြေခံတပ်ရင်း ၂၇၄ က ရွာဘက်တွေကို ဟိုနေ့တွေကတည်းက ပစ်နေတာပဲ။ ဒီနေ့ ၁၀ နာရီလောက် လှမ်းပစ်တော့ ဟိုတစ်ခေါက်တုန်းက ကလေးတစ်ယောက် လက်နက်ကြီးထိပြီး ခြေထောက်ဖြတ်ခဲ့ရတဲ့ကလေးရဲ့အစ်ကို ထိတာ” ဟု မင်းတပ်မြို့နယ်မှ အဆိုပါဒေသခံက ပြောသည်။
ထိုရွာအနီးအနားမှ ကျေးရွာတစ်ခုတွင်လည်း ယနေ့နံနက် လက်နက်ကြီးကျည် ကျရောက်သည့်အတွက် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံများက လုံခြုံမည်ဟု ယူဆရသည့် နေရာများတွင် ခိုလှုံနေရသည်။
“အဲဒီရွာအနီးက ရွာတစ်ရွာကို လက်နက်ကြီးထပ်ကျတော့ အဘိုးအို၊ အဘွားအိုတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ အကုန်ပြေးတော့တာ။ လျှိုထဲတွေမှာ ရှောင်နေရတာ။ လက်နက်ကြီးနဲ့ပစ်တာ တစ်ချက်က အိမ်တစ်အိမ်ပေါ် ကျပြီး မီးလောင်နေတာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
မင်းတပ်မြို့မြောက်ဘက် မကွေးတိုင်း၊ ထီးလင်းမြို့နယ်စပ်အနီး ပလုံတွီကျေးရွာတွင် လုံခြုံရေးယူထားသည့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF- မင်းတပ်) နှင့် ထီးလင်းဘက်မှ တက်လာသည့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲပြင်းထန်နေသည်။
၂၇၄ တပ်ရင်းက လက်နက်ကြီးဖြင့် ယနေ့ ပစ်ခတ်ခဲ့သည့် မင်းတပ်မြို့တောင်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန် ၁၆ တွင်လည်း ထိုတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မွီတီကျေးရွာတွင် တောင်ယာလုပ်ကိုင်နေသည့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
အရပ်သားများရှိသည့်နေရာကို ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးအရာရှိတို့ထံမှ တုံ့ပြန်ချက် ရယူရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။
စစ်ကောင်စီကို အစောဆုံးလက်နက်ကိုင်ခုခံရာ ဒေသတစ်ခုဖြစ်ပြီး စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်မြို့နယ်တွင် ချင်းဒေသကာကွယ်ရေးအဖွဲ့ (မင်းတပ်) က အဆက်မပြတ် ခုခံတော်လှန်နေဆဲ ဖြစ်သည်။
မင်းတပ်တွင် စစ်ကောင်စီသည် ၂၇၄ တပ်ရင်းအခြေစိုက်ရာ မြို့ပေါ်ရပ်ကွက်များမှအပ ကျေးရွာများတွင် နယ်မြေစိုးမိုးနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)