
ရန်ကုန်၊ စက်တင်ဘာ ၁၀ — တအာင်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဖမ်းဆီးထားသည့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ ရှမ်းအမျိုးသမီးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ယနေ့တွင် တောင်းဆိုလိုက်သည်။
တည်နေရာအတိအကျ မသိရသည့် #PSLF/TNLA ထိန်းချုပ်ထားသည့် စခန်းတစ်ခုတွင် နန်းမိုဟွမ်အား သီတင်းသုံးပတ်ကျော်ကြာ ထိန်းသိမ်းထားသည့်လုပ်ရပ်ကို “ဥပဒေမဲ့လုပ်ရပ်” ဟုလည်း NRPC က ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်သည် “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာ ထိခိုက်စေသည်” ဟုလည်း သတိပေးလိုက်သည်။
အသက် ၃၇ နှစ်အရွယ် ကလေးသုံးယောက်မိခင် နန်းမိုဟွမ် သည် သြဂုတ်လ ၁၇ ရက် နံနက်ခင်းတွင် ကလေးငယ်များအား ထမင်းကျွေးနေစဉ် PSLF/TNLA က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
PSLF/TNLA က “အခွန်” ဟု သုံးသည့် ငွေကြေးကောက်ခံသည့်ကိစ္စကို အစိုးရထံ တိုင်ကြားခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းအား “ရာဇသတ်ကြီး” ဥပဒေပုဒ်မ ၃၃၃ အရ TNLA ဗဟိုတရားရုံး၌ အမှုကို လက်ခံစစ်ဆေးနေကာ နန်းမိုဟွမ်၏ ဆွေမျိုးများနှင့် အများပြည်သူရှေ့တွင် စီရင်ချက်ချနိုင်ရန် စီစဉ်သွားမည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးအတွက် မိသားစုဝင်များက စက်တင်ဘာလ ၇ ရက်တွင် နမ့်ခမ်းမြို့လယ် ဘုရားကျောင်းရှေ့တွင် ဆန္ဒပြခြင်း၊ အစိုးရအရာရှိများထံ တိုင်ကြားခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိသားစုအနေနဲ့ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ “ကျွန်မ မဖတ်ရသေးတော့ ဘာမှ ပြောလို့မရသေးဘူး” ဟု နန်းမိုဟွမ်၏ အစ်မနန်းမိုခမ်းက Myanmar Now ကို ပြောသည်။