အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီပြည်နယ်တစ်ခုလုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီဟု NUG ဝန်ကြီးပြော 

လွိုင်ကော်နှင့် ဘော်လခဲမြို့များမှအပ ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ် တစ်ခုလုံးကို  ပြည်သူ့ကာကွယ်ရေးတပ်က ထိန်းချုပ်ထားနိုင်ပြီး ကြားကာလအုပ်ချုပ်ရေး အကောင်အထည်ဖော်ရန် စီစဉ်နေသည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်က ပြောသည်။ 

ပြည်နယ် မြို့တော်ဖြစ်သည့် လွိုင်ကော်နှင့် စစ်တပ်စခန်းများ အခြေစိုက်ရာ ဘောလခဲမြို့များကို စစ်ကောင်စီတပ်က  ထိန်းချုပ်ထားသည်ဟု ခွန်းဗဟန်းထန်က ပြောသည်။ 

“အဓိကကတော့ သူတို့ စခန်းထဲပဲ၊ သူတို့ အပြင်မထွက်ရဲဘူး။ ထွက်တာနဲ့ အပစ်ခံရတဲ့ သဘောမျိုးဖြစ်တယ်။ အဲ့ဒါကြောင့် နယ်မြေစိုးမိုးမှုအရတော့ ကျွန်တော်တို့ဘက်က ၇၀ ရာခိုင်နှုန်းပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။ 

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ဦးဆောင်ပြီး ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန်အတွက် ကြားကာလ အုပ်ချုပ်ရေးကို ကဏ္ဍအလိုက် ကော်မတီများဖွဲ့စည်းကာ အုပ်ချုပ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟုလည်း သူကဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကရင်နီပြည်ရဲ့ ကြားကာလ အစီအမံကို ပြည်ထောင်စုအဆင့်မှာ ရေးဆွဲနေတယ်။ ကျွန်တော်တို့လည်း ပြင်ဆင်နေတယ်၊ အကြမ်းလည်းပြီးပြီ၊  အဲဒါကို ဆက်လက်ပြီး အကောင်အထည်ဖော်ဖို့ ဆွေးနွေးနေတယ်၊ အဲဒါကို လက်တွေ့ကျကျ ကျင့်သုံးဖို့ပဲရှိပါတယ်”ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီဝင်လည်းဖြစ်သူ ခွန်းဗဟန်းထန်က ပြောသည်။ 

မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်မှုဖြင့် နယ်မြေမထိန်းချုပ်နိုင်တော့သည့် စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်ကို လက်နက်ကြီး ပစ်ကူများ၊ လေကြောင်းပစ်ကူများဖြင့် နယ်မြေထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။ 

လွိုင်ကော်နှင့် ဒီမောဆိုမြို့နယ်များတွင် တပ်အပြောင်းအရွှေ့လုပ်ရန် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တို့ ဇွန် ၁၀ ကစတင်ပြီး ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ 

စစ်ကောင်စီတပ်က ကရင်နီပြည်နယ်၏ ဗျူဟာကျသည့် အဓိကလမ်းမများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသော်လည်း ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်များက ခုခံကာကွယ်ထားဆဲဖြစ်သည်။ 

တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကရင်နီပြည်နယ်နှင့် ကယန်းဒေသ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့တွင် လူဦးရေ ၂၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က  မေလတွင် ထုတ်ပြန်ထားသည်။ အဆိုပါ ဒုက္ခသည်အရေအတွက်သည် စစ်ကိုင်းတိုင်းပြီးပါက ဒုတိယအများဆုံး အရေအတွက် ဖြစ်သည်။ 

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ကရင်နီပြည်နယ်အတွင်း ဘာသာရေးအဆောက်အဦးများ အပါအဝင် အိမ်ခြေပေါင်း ၄၁၁ လုံး ပျက်စီးခဲ့သည်ဟု Data for Myanmar အဖွဲ့က ဇွန်  ၇  တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီကမူ ၎င်းတို့၏စစ်သည်များက မီးရှို့မှု ကျူးလွန်ခြင်းမရှိဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။

ကရင်နီပြည်နယ်ကို လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ ခုနှစ်တွင် ကယားပြည်နယ်ဟု ပြောင်းလည်း ခေါ်ဆိုခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကရင်နီပြည်နယ်သည် လက်နက်ခုခံအားကောင်းသည့် တော်လှန်ရေး ဒေသတစ်ခုဖြစ်လာပြီး၊ ကယားပြည်နယ်အစား ပြည်နယ်၏ ယခင်အမည်ဟောင်းဖြစ်သည့်  ကရင်နီပြည်နယ် ဟုသာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပြောင်းလဲ ခေါ်ဆိုလာကြသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles