သတင်း

ဒေါ်စုကို ထောင်ပို့ခြင်းမှာ နိုင်ငံရေးပြန်ပေးဆွဲခြင်းဟု NUG ဝန်ကြီးပြော

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းမှာ နိုင်ငံရေးဓားစာခံအဖြစ် ပြန်ပေးဆွဲခြင်းဖြစ်ကြောင်း၊ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောကြားလိုက်သည်။

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်းများစွာဖြင့် တရားစွဲဆိုထားသည့်ပြင် ယခုရက်ပိုင်းအတွင်း နေပြည်တော်ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌအပေါ် စစ်ကောင်စီလုပ်ရပ်မှာ နိုင်ငံတော်ရာဇဝတ်မှုဖြစ်ပြီး ထို့အတွက် တစ်ချိန်တွင် ပြန်ပေးဆပ်ရမည်ဟုလည်း ဦးမိုးဇော်ဦးက ယနေ့ (ဇွန် ၂၄) Myanmar Now ကို ပြောသည်။ 

“တရားရေးကို အကြောင်းပြုပြီးတော့ Kidnapping (ပြန်ပေးဆွဲတာ) လုပ်တဲ့သဘောဆိုပြီးတော့ နိုင်ငံတကာပညာရှင်တစ်ချို့ ပြောသလိုမျိုးပဲပေါ့။ ဒီလိုအခြေအနေမျိုး ဆိုက်ရောက်နေတာမျိုးက နိုင်ငံရေးအရ ပြေလည်မှုတစ်စုံတစ်ရာအတွက် အကျိုးရှိမှာ မဟုတ်ပါဘူး” 

ဦးမိုးဇော်ဦးသည် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံတစ်ဦးဖြစ်ပြီး NLD ပါတီဥက္ကဋ္ဌရုံးတွင် ရုံးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ခဲ့သော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်သူတစ်ဦးလည်းဖြစ်ကာ NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကော်မရှင်တွင် အကြံပေးပညာရှင်အဖြစ် ပါဝင်ခဲ့ပြီး စစ်ဘက်အရာရှိများနှင့် ကျွမ်းဝင်သူလည်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စားသောက်နေထိုင်ရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် စိုးရိမ်နေသည်ဟုလည်း ဦးမိုးဇော်ဦးက ဆိုသည်။

“မဟုတ်တဲ့ကိစ္စတွေနဲ့ ပြစ်ဒဏ်ချမှတ်တာတို့ … နေရေးထိုင်ရေးတွေကို အဆင်မပြေဖြစ်အောင် လုပ်တာတွေအားလုံးဟာ ရာဇဝတ်မှုဖြစ်တယ်” 

ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ပြောင်းရွှေ့လိုက်ပြီးနောက် ယမန်နေ့မှစ၍ ထောင်ရှိ အထူးတရားရုံးတွင် စတင်စစ်ဆေးကြောင်း BBC သတင်းဌာနက ရေးသားသည်။

ယခင်က ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားရသည်ဟု မသိရဘဲ အပတ်စဉ် ရုံးထုတ်စစ်ဆေးသည့် အမှုအားလုံးကို နေပြည်တော်စည်ပင်ပိုင် ဝင်းတစ်ခုအတွင်း ပြင်ဆင်ထားသော အထူးတရားခွင်၌ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တွင်း သီးသန့်အဆောက်အအုံတစ်ခုတွင် တစ်ဦးတည်း နေထိုင်စေသည်ဟုလည်း ထောင်နှင့် နီးစပ်သူများကို ကိုးကား၍ BBC သတင်းဌာနက ယမန်နေ့တွင် ရေးသားသည်။

“ပုဂ္ဂိုလ်ရေးအငြိုးအတေးတွေ၊ ပုဂ္ဂိုလ်ရေးအာဃာတတွေနဲ့ ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဘာမှ ပြေလည်မှုရမှာ မဟုတ်ဘူး။ ပိုပြီးတော့ ဆိုးရွားတဲ့ ပြောင်းပြန်သက်ရောက်မှုတွေပဲ တွေ့ကြုံရမယ်ဆိုတာကို ကျွန်တော် သတိပေးချင်ပါတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။ 

ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို ဦးဆောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ကြီးလေးသော ပုဒ်မများအပါအဝင် ပုဒ်မများစွာဖြင့် တရားစွဲဆိုပြီးနောက် အချို့သောအမှုများအတွက် ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ထားသည်။

တရားရင်ဆိုင်နေရဆဲ အမှုများ ကျန်ရှိနေသည့်ပြင် အမျိုးမျိုးသော ထပ်တိုးပုဒ်မများဖြင့် ထပ်တိုးအမှုဖွင့်နိုင်ရန် ကြံစည်လျက်ရှိသည်ကို မကြာမီက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က အရိပ်အမြွက်ပြောဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများမှာ ဥပဒေအရ အမှုမမြောက်ဘဲ သိက္ခာချလို၍ အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းသာဖြစ်သည်ဟု ဝါရင့်ရှေ့နေတစ်ဦးက သုံးသပ်သည်။  

“တစ်ခုမှ အမှုမဟုတ်ဘူး၊ လူတိုင်းသိတယ်။ ဒီဥစ္စာကြီးက ကြည့်လိုက်ရင် အမှုတစ်ခုမှ မမြောက်ဘူး။ သိက္ခာချတဲ့သဘောနဲ့ ဖြိုးမင်းသိန်းက ပေးတာ မှန်ရင် ပြေစာရှိရမှာပေါ့။ ပြေစာရှိလားဆိုတော့ ပြေစာမရှိဘူးတဲ့။ ရွှေ ၇ ပိဿာကို ဝယ်တာ ပြေစာမရှိဘူးတဲ့ စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ပြောသည်။

ခေတ်အဆက်ဆက် စစ်တပ်ကို ဦးဆောင်သူ ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်၏ ဘုံရန်သူအဖြစ် ပုံဖော်လေ့ရှိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်ဗိုလ်ချုပ်ဟောင်းတချို့နှင့် ပူးပေါင်းတည်ထောင်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာကြာသည်အထိ ခေတ်အဆက်ဆက် တပ်ခေါင်းဆောင်များက မုန်းတီးလေ့ရှိသည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ထားရှိကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ထားလေ့ရှိသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးကတည်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်အပြင် ရာနှင့်ချီသော NLD ပါတီဝင်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထားသည်။

နိုင်ငံတကာမှ ဆက်တိုက်တောင်းဆိုမှုများ ရှိသော်လည်း ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မပြုသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button