သတင်း

တမူးတွင် မိုင်းဆွဲခံရသည့်စစ်တပ်က လူငယ်သုံးဦးကို ဖမ်းဆီးသတ်ဖြတ်

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် စစ်တပ်က ဒေသခံ လူငယ်သုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၃ ထံမှ သိရသည်။

ကလေးမြို့နယ်ဘက်မှ တက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီယာဉ်တန်းကို တမူးမြို့နှင့် ၁၂ မိုင်ခန့်အကွာ ခွန်မွန်းနွံရွာနှင့် ရန်လင်းဖိုင်ရွာအကြား ယမန်နေ့ (ဇွန် ၂၃) မွန်းလွဲပိုင်းတွင် ဒေသခံ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်ယာဉ်တန်းတွင် အရပ်ဘက်သုံးကားများ အပါအဝင် စစ်ကား ၁၃ စီးခန့် ပါဝင်သည်ဟု သိရသည်။ 

ထိုသို့ တိုက်ခိုက်ခံရပြီး နာရီဝက်ခန့်အကြာတွင် အခင်းဖြစ်ပွားရာ ရွာများအနီး ဖြတ်သန်းသွားလာသည့် ဒေသခံလူငယ် သုံးဦးကို စစ်တပ်က ဖမ်ဆီးခဲ့သည်ဟု ဆိုသည်။​

“မိုင်းကွဲပြီးတော့ ဒီကောင်တွေက ဓားစာခံအနေနဲ့ ခေါ်သွားတာ။ ခေါ်သွားပြီး တစ်ညလုံးစစ်နေပြီး မနက်ကျတော့ ပစ်သတ်လိုက်တာ” ဟု တမူး PDF တပ်ရင်း ၃ တာဝန်ခံက ပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၅ နှစ်မှ ၂၈ နှစ်အရွယ် လူငယ်များဖြစ်ကြသော ရန်လင်းဖိုင်ရွာသား ပေါင်တင်ထန် (Pao Tin Thang) နှင့် ဟောင်လင်မာန် (Hao Len Mang)၊ ခွန်မွန်းနွံရွာမှ ဆေးခိုထန် (Sei Kho Thang) တို့ ဖြစ်သည်ဟု သိရသည်။ 

သတ်ဖြတ်ခံထားရသည့် လူငယ်သုံးဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက်ပိုင်းတွင် ခွန်မွန်းနွံရွာနှင့် တစ်မိုင်ခန့်အကွာ နန်မွန်းတာရွာအနီး ဒေသခံများက ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ နေအိမ်သို့ ပြန်လည်သယ်ဆောင်လာသည့် သေဆုံးလူငယ်များ၏ မိသားစုဝင်များ ငိုကြွေးနေကြသည်ကို တွေ့ရသည်။ 

ပြီးခဲ့သည့်နှစ်ကတည်းက ရွာနှင့် တစ်မိုင်ခန့်သာကွာသည့် အိန္ဒိယနိုင်ငံအတွင်း စစ်ရှောင်နေကြသူများဖြစ်ကာ ရွာသို့ ခေတ္တပြန်လာစဉ် ယခုလို ဖမ်းဆီးသတ်ဖြတ်ခံရခြင်း ဖြစ်နိုင်သည်ဟု တမူး PDF တာဝန်ရှိသူက ခန့်မှန်းသည်။

စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရစဉ် စစ်ကားနှစ်စီး ပျက်စီးပြီး၊ စစ်သား ၁၅ ဦးခန့် သေဆုံးကာ စစ်တပ်က ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်သည်ဟု ဆိုသည်။

“စစ်ကားနှစ်စီးက တည့်တည့်ပြောပါတော့ ကြွပြီး မြောက်တက်သွားတာ၊ ၁၅ ယောက်လောက် သေတယ်” ဟု တမူး PDF တာဝန်ခံက ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုများနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

ယနေ့နံနက်တွင် ခွန်မွန်းနွံရွာမှ ထွက်သွားသည့် စစ်ကောင်စီတပ်သည် တမူးမြို့နှင့် ၈ မိုင်ခန့်ဝေးသည့် ပန်းသာရွာကို ဆက်လက်ထွက်ခွာသွားသည်ဟု သိရသည်။ 

ပန်းသာရွာရှိ ပျူစောထီးများကို တမူးအခြေစိုက် PDF အဖွဲ့များ ဝိုင်းဝန်းတိုက်ခိုက်သောကြောင့် စစ်တပ်က တမူးမြို့မှနေ၍ စစ်ကူများ စေလွှတ်ခဲ့သည်။

ချင်းပြည်နယ်နှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအနောက်ခြမ်း အိန္ဒိယနယ်စပ် တမူးမြို့နယ်တွင် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ တိုက်ခိုက်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button