သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် အမှုများ ထောင်တွင်းတရားရုံးတွင် စစ်ဆေး

အာဏာသိမ်းစစ်ကောင်စီက အမှု ၁၉ မှုဖွင့်ခဲ့ပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်သို့ ပြောင်းရွှေ့ထားသဖြင့် အမှုများကို ယနေ့ (ဇွန် ၂၃) က စတင်ပြီး ထောင်ထဲတွင် တရားရုံးဖွင့် စစ်ဆေးလျက်ရှိသည်။  

ဇွန် ၂၁ တွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် ထိုထောင်သို့ သွားရောက်ခဲ့ကြောင်း၊ နောက်တစ်နေ့ နေ့လယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိုထောင်ရှိ သီးခြားအဆောက်အအုံသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ကြောင်း   နေပြည်တော်တရားရုံးသတင်းရပ်ကွက်ထံမှ ယမန်နေ့က သိရသည်။  

“မနေ့က နေပြည်တော်အချုပ်ထောင်ကို စိုးထွဋ်နဲ့ အပေါင်းအပါတွေ လာစစ်ဆေးပြီး ဒီနေ့ (ဇွန် ၂၂) မှာ အမေစုကို အကျဉ်းထောင်သီးသန့် အဆောက်အအုံကို ပြောင်းရွှေ့မယ်လို့ သိရပါတယ်။ ပတ်လည်မှာလည်း လုံခြုံရေးဂိတ်အသစ်တွေ ချထားတာတွေ့ရတယ်” ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီက အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိမြို့နယ်ရှိ အထူးတရားရုံးတွင် အမှုများစွာဖွင့်ပြီး စစ်ဆေးခဲ့ကာ ယနေ့ ရုံးချိန်းမှာ ထောင်တွင်းတရားရုံး၌ ပထမဆုံး အမှုရင်ဆိုင်ရခြင်း ဖြစ်သည်။ 

ဧပြီ ၂၇ တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရွှေ၊ ငွေ လာဘ်ပေးခဲ့သည်ဟူသည့် ထွက်ဆိုချက်ကို အခြေခံကာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိအမှုဖြင့် ထောင် ၅ နှစ် အမိန့်ချခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီအခေါက်ရွှေ ၇ ပိဿာ ပေးခဲ့ရသည်ဟု ဦးဖြိုးမင်းသိန်းက စွပ်စွဲသော အမှုဖြစ်သည်။

၂၀၂၁၊ ဒီဇင်ဘာလအတွင်း အမှု ၂ မှုအတွက် ထောင် ၄ နှစ် ပထမဆုံးအမိန့်ချမှတ်စဉ်က ညတွင်းချင်းပင် ထက်ဝက် ပြန်လျှော့သည်။ ယခု ဦးဖြိုးမင်းသိန်းစွပ်စွဲချက်အပါအဝင် ၆ မှုကို သုံးကြိမ်ခွဲ၍ အမိန့်ချပြီးဖြစ်ရာ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်အထိရှိပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့် အမှုများမှာ ဥပဒေအရ အမှုမမြောက်ဘဲ သိက္ခာချလို၍ အချုပ်ထောင်သို့ ပို့ဆောင်ခြင်းသာဖြစ်သည်ဟု ဝါရင့်ရှေ့နေတစ်ဦးက သုံးသပ်သည်။  

“တစ်ခုမှ အမှုမဟုတ်ဘူး၊ လူတိုင်းသိတယ်၊ ဒီဥစ္စာကြီးက ကြည့်လိုက်ရင် အမှုတစ်ခုမှ မမြောက်ဘူး။ ခုနက သိက္ခာချတဲ့သဘောနဲ့ ဖြိုးမင်းသိန်းကပေးတာ မှန်ရင် ပြေစာရှိရမှာပေါ့။ ပြေစာရှိလားဆိုတော့ ပြေစာမရှိဘူးတဲ့။ ရွှေ ၇ ပိဿာကို ဝယ်တာ ပြေစာမရှိဘူးတဲ့ စဉ်းစားကြည့်ပေါ့” ဟု ၎င်းက ပြောသည်။ 

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေခေတ်ကပင် နေအိမ်အကျယ်ချုပ်တွင်သာ ထားရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ပို့ဆောင်သည့် အာဏာသိမ်းအစိုးရသည် ထိုက်တန်သည့် ပေးဆပ်မှုကို ခံစားရမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အရင်တုန်းက န.အ.ဖ ခေတ်တုန်းကတောင် ထောင်ချပြီး အိမ်ပြန်ပို့ထားတာ။ နောက်ပြီးတော့ တစ်ခုမှလည်း အမှုလည်းမဟုတ်ဘူး။ ဖြိုးမင်းသိန်းအမှုကလည်း အမှုလည်းမဟုတ်ဘူး။ ကျန်တဲ့ဟာတွေကလည်း ဘာတစ်ခုမှ အမှုလည်း မဟုတ်ဘူး။ လုပ်ထုံးလုပ်နည်း ချို့ယွင်းတာတွေ သူနဲ့လည်း ဘာမှမဆိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများမြင့်တက်နေချိန်တွင် ပြည်တွင်းနှင့် နိုင်ငံတကာ၌ နိုင်ငံရေးဩဇာတိက္ကမကြီးသူ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အမှုများ တစ်ခုပြီးတစ်ခု အမိန့်ချနေသည်။

ထိုအခြေအနေတွင် ပြည်သူအချင်းချင်း ညီညွတ်ကြရန်၊ အမြင်မတူသည်များကို ဆွေးနွေးအဖြေရှာကြရန် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁၈ ရက်ရုံးချိန်းတွင် မှတ်ချက်ပြုခဲ့ကြောင်း တရားခွင်နှင့် နီးစပ်သူက Myanmar Now ကို ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button