သတင်း

အာဏာသိမ်းစစ်တပ် လက်ချက်ဖြင့် သေဆုံးသူ ၂၀၀၀ ရှိလာဟု AAPP ထုတ်ပြန်

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် သတ်ဖြတ်ခံရသည့် အရပ်သား ၂၀၀၀ ရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့ (ဇွန် ၂၁) တွင် ထုတ်ပြန်သည်။ 

သတ်ဖြတ်ခံခဲ့ရသူများမှာ တက်ကြွလှုပ်ရှားသူနှင့် သာမန်အရပ်သားများဖြစ်ကြောင်း စစ်ကောင်စီ၏ နေ့စဉ် ဖမ်းဆီးသတ်ဖြတ်မှုများကို မှတ်တမ်းပြုစုနေသည့် AAPP က ဆိုသည်။ 

“အခုလို သတ်ဖြတ်တာတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကျူးလွန်ခဲ့သူတွေ၊ အမိန့်ပေးစေခိုင်းသူတွေနဲ့ အားပေးကူညီခဲ့ကြသူတွေအားလုံးက တစ်ချိန်မှာ ဒီပြစ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တဲ့အတွက် ရှောင်လွှဲလို့ မရပါဘူး။ ပေးကိုပေးဆပ်ရမှာ ဖြစ်ပါတယ်” ဟု AAPP တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့သူများ ပြစ်ဒဏ်ပေးခံရခြင်းမှ လွတ်မြောက်ခဲ့ကြောင်း၊ လက်ရှိ နွေဦးတော်လှန်ရေးတွင် ထိုဓလေ့ကို တိုက်ဖျက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“မနေ့ကအထိ ကျွန်တော်တို့ ကောက်ယူနိုင်တာ ၂၀၀၀ အထိပါ။ လက်လှမ်းမမီတာတွေ ရှိဦးမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ရန်ကုန်ရှိ နိုင်ငံတကာသံရုံးများဖြစ်သော အမေရိကန်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်နှင့် ဆွီဒင်သံရုံးတို့က ယနေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၎င်းတို့လူမှုကွန်ရက်စာမျက်နှာ ပရိုဖိုင်းပုံကို အမဲရောင်ပြောင်းထားသည်ကို တွေ့ရသည်။

သတ်ဖြတ်ခံခဲ့ရသော အရပ်သားပြည်သူ ၂၀၀၀ အတွက် ဝမ်းနည်းပူဆွေးကြောင်း၊ နိုင်ငံတစ်ဝန်းတွင် ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမဆန်သော ကြမ်းကြုတ်ရက်စက်မှုများက စစ်တပ်အတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး မီးမောင်းထိုးပြနေသည်ဟု အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်သည်။

အမေရိကန်အနေဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ပံ့ပိုးကူညီခြင်းကို တိုးမြှင့်ဆောင်ရွက်သွားမည့်အပြင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဟုလည်း ဆိုသည်။ 

အာဏာသိမ်းပြီးသည်မှာ တစ်နှစ်နှင့် ငါးလကျော်လာပြီဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိသော စစ်ကောင်စီက ဒေသအနှံ့အပြားတွင် လူမဆန်သော ဖမ်းဆီးသတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။

စစ်ကိုင်းတိုင်းနှင့် ကရင်နီဒေသတွင် စစ်တပ်က ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများရှိခဲ့သည်။ 

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် ခရီးသွားပြည်သူ ၃၅ ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံထားရသည်ကို ဒီဇင်ဘာ ၂၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-KNDF- တပ်ရင်း ၉)

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် ခရီးသွားပြည်သူ ၃၅ ဦးထက်မနည်း ယာဉ်များနှင့်အတူ မီးရှို့သတ်ဖြတ်ခံရသည်။ 

ရုပ်ပျက်ဆင်းပျက် မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းများတွင် အသက် ၁၀ နှစ်မှ ၁၅ နှစ်ကြား မိန်းကလေးတစ်ဦးပါဝင်ကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။ 

ပြီးခဲ့သည့် မေလဆန်းပိုင်း၌ပင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာတွင် အရပ်သား ၂၉ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ အသက် ၂၆ နှစ်မှ ၆၃ နှစ်အရွယ် အမျိုးသားများဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးသတ်ဖြတ်မှုများအကြောင်း စစ်သားသုံးဦးကိုယ်တိုင်ပြောဆိုထားသည့် ရုပ်သံမှတ်တမ်းကို RFA သတင်းဌာနက ယခုရက်ပိုင်းအတွင်း ထုတ်လွှင့်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင်လည်း ၁၄ နှစ်အရွယ် တစ်ဦးအပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံထားရသူ ၄၀ ခန့်၏ ရုပ်အလောင်းများ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း တွေ့ရှိခဲ့သည်။ 

ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အပါအဝင် ဖမ်းဆီးသတ်ဖြတ်ခံရသော အရပ်သားများနှင့် ပတ်သက်၍ စစ်ကောင်စီက ဝန်ခံပြောဆိုလေ့မရှိပေ။ 

စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၅၀၀ ကျော်လာချိန်တွင် သတ်ဖြတ်ခံရသူ ၂၀၀၀ အပြင် ဖမ်းဆီးခံရသူ ၁၄,၃၂၇ ဦးရှိကြောင်း AAPP က ဆိုသည်။ အမှန်တကယ်သတ်ဖြတ်ခံရသူအရေအတွက်မှာ ထို့ထက်များပြားနိုင်သည်ဟုလည်း AAPP တာဝန်ရှိသူက ပြောသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button