သတင်း

ပုဏ္ဏားကျွန်းတွင် လူ ၁၀ ဦးထက်မနည်းကို စစ်တပ်က ဝင်ဖမ်း

ယနေ့ (ဇွန် ၁၈) နံနက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့တွင် နယ်ဘက်မှ စျေးဝယ်လာသူတချို့အပါအဝင် လူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က အင်အားသုံးကာ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဇွန် ၁၆ ရက်၊ မြို့လယ်တွင် စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသောကြောင့် ဒေသအတွင်း ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ယနေ့ စျေးများပြန်ဖွင့်ရာတွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အင်အား ၅၀ ၊ ၆၀ ခန့် ဝန်းကျင်ဖြင့် စစ်သားများက မြို့မဈေးအနီးနှင့် မြို့အတွင်း ဝင်ရောက်လာကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။ 

“ဒီမနက် ၉ နာရီခွဲလောက်က အေးစေတီနားမှာ ကျွန်တော်မြင်ခဲ့တာက ဘေးတွဲသမား(အငှားယာဉ်မောင်း) တွေကို မြင်ခဲ့ရတယ်။ ကွမ်းရောင်းနေတဲ့သူတစ်ယောက်လည်း မြင်ခဲ့ရတယ်။ လက်ပြန်ကြိုးတုပ်ထားတာက နှစ်ယောက်လောက် မြင်ခဲ့ရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မျက်မြင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများတွင် နယ်ဘက်မှ စျေးဝယ်လာသူများ၊ ဘေးတွဲအငှားယာဉ်မောင်းများနှင့် မြို့ခံတစ်ချို့လည်း ပါဝင်ကြောင်း၊ ခန့်မှန်း လူ ၁၀ ထက်မနည်း ဖမ်းဆီးခံရကြောင်း ၎င်းက ဆိုသည်။

“ဖမ်းဆီးခံထားရတာ အားလုံးစုစုပေါင်းက ၁၀ အထက်တော့ ပါဖို့ ခန့်မှန်းပါတယ်။ နယ်ကလာတဲ့လူတွေလည်း ပါတယ်။ မြို့ခံတွေလည်း ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စျေးလာဝယ်တဲ့လူတွေလည်း ရှိတာကိုး။ သူတို့က (စစ်တပ်) မြင်သမျှကို ဖမ်းနေကြတာပါ” 

ထိုသို့ဖမ်းဆီးခံရမှုကြောင့် နံနက်က ပြန်ဖွင့်လိုက်သော ပုဏ္ဏားကျွန်းမြို့ရှိ မြို့မစျေးကိုလည်း ပိတ်လိုက်ရပြီး နေအိမ်များကို အချိန်မရွေး ဝင်စစ်ဆေးနိုင်သည့်အတွက် မြို့ခံများက စိုးရိမ်နေကြသည်။

“လက်ရှိအခြေအနေက လူတွေက အားလုံး အိမ်ထဲမှာပဲ နေကြတယ်။ တစ်ယောက်မှ အပြင်မသွားရဲကြပါ။ စျေးက ဟိုနေ့ကလည်း ပိတ်တယ်။ မနေ့ကလည်း ပိတ်တယ်။ ဒီနေ့က ခဏလေးဖွင့်ခဲ့ကြတယ်။ အခြေအနေ နည်းနည်းငြိမ်နေတယ်ဆိုပြီး ဖွင့်ကြတာ ထင်ပါတယ်” ဟု အထက်ပါအမျိုးသားက ဆက်ပြောသည်။

“ဆိုတော့ ခဏလေးနေတာနဲ့ သူတို့ (စစ်တပ်) ရောက်လာပြီးတော့ ဒီလိုအခြေအနေဖြစ်သွားတာပါ။ ဒီနေ့တော့ စျေးကို လုံးဝ ဖွင့်ဖို့အစီအစဉ်လည်း ရှိမှာမဟုတ်တော့ဘူး” ဟု ထိုလူက ဆိုသည်။ 

လူသူမရှိသော ပုဏ္ဏားကျွန်းမြို့တွင်း၊ မြို့မဈေးအနီး ယမန်နေ့ ဇွန် ၁၇ က တွေ့ရစဉ်။ (ဓာတ်ပုံ -ပေးပို့) 

ပုဏ္ဏားကျွန်းမြို့ပေါ် ခြေမြန်တပ်ရင်း ခမရ ၅၅၀ တပ်ရင်းမှ စျေးဝယ်လာသည့် စစ်သားနှစ်ဦးကို ဇွန် ၁၆ ရက် မွန်းလွဲတွင် AA တပ်ဖွဲ့ဝင် ၆ ဦးခန့်က ဝင်ရောက်ဖမ်းဆီးရာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ ကျန်တစ်ဦးမှာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ 

ထို့နောက် ပုဏ္ဏားကျွန်းမြို့ကို အဝင်အထွက်များ ပိတ်ဆို့ပြီး စစ်ကောင်စီတပ်က ရှာဖွေမှုများပြုလုပ်ခဲ့ကြကာ မြို့ တွင်း သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံများ၏အဆိုအရ သိရသည်။

ပုဏ္ဏားကျွန်းမြို့မဈေးနှင့် ဟင်းသီးဟင်းရွက်ဈေးတို့တွင် အနီးအနားတစ်ဝိုက်မှ ရွာများ၊ ဒေသများမှ လာရောက် ဈေးဝယ်ကြရသော အဓိကနေရာတစ်ခုဖြစ်ပြီး စိုးရိမ်မှုကြောင့် ပိတ်ထားရာမှ ယနေ့ ပြန်ဖွင့်၍ လူစည်ကားနေချိန်၌ စစ်ကောင်စီတပ်က မြို့တွင်း ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။ 

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်အထိ မြို့တွင်း တိတ်ဆိတ်နေပြီး စာသင်ကျောင်းများ၊ စျေးဆိုင်ခန်းများကိုလည်း ပိတ်ထားကြကြောင်း မြို့ခံများထံမှ သိရသည်။

ဝရာဇ်မြီလက်ဖက်ရည်ဆိုင်တွင်လည်း မြို့ခံ ၇ ဦးခန့်ကို ထပ်မံဖမ်းဆီးထားပြီး မှတ်ပုံတင်ပါသူများကို ပြန်လွှတ်ပေးကာ မပါသူများကို ထိုင်ခိုင်းထားကြောင်း တခြားမျက်မြင်အမျိုးသားတစ်ဦးက ပြောသည်။

“လက်ဖက်ရည်ဆိုင်မှာလည်း စစချင်း မှတ်ပုံတင်ပါတဲ့လူတွေကို လွှတ်ပေးပြီးတော့ မပါတဲ့လူတွေကို အခုထိ ထိုင်ခိုင်းထားပါတယ်။ အခု မှတ်ပုံတင်လာပေးထားရင်တောင် မလွှတ်ပေးသေးဘူး” ဟု ထိုမြို့ခံအမျိုးသားက ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပြီး ဒေသတွင်း စစ်ပွဲများ ပြင်းထန်ခဲ့စဉ်ကကဲ့သို့ ဒေသခံပြည်သူများကို ပစ်မှတ်ထားဖမ်းဆီးမှုများကို တစ်ကျော့ပြန်လုပ်ဆောင်လာနေ‌ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

AA ဘက်ကလည်း ၎င်းတို့လူများကို စစ်တပ်က မေလနှင့် ဇွန်လအတွင်း ဖမ်းဆီးထားသောကြောင့် လက်တုံ့ပြန်ဖမ်းဆီးမှုလုပ်ခဲ့ကြောင်း ကျောက်တော်မြို့မှ စစ်သားနှစ်ဦး ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ အတိအလင်း ပြောဆိုထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button