သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လုပ်ရန် ကြိုးပမ်းသူ နိုင်ကျဉ်း ၁၂ ဦး တိုက်ပိတ်ခံရ

ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လုပ်ရန် ကြိုးပမ်းသည့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး တိုက်ပိတ်ခံထားရကြောင်း ထောင်အဝင်အထွက်ရှိသူ ရှေ့နေအချို့ထံမှ သိရသည်။

ဇွန် ၁၉ ရက်တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ၏ အသက် ၇၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ရန် ဇွန် ၁၄ ရက်က အင်းစိန်ထောင် သပြေဆောင်အတွင်း ကြိုးပမ်းနေစဉ် ထောင်အာဏာပိုင်များ သိရှိသွားကာ တိုက်ပိတ်ခံရခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

“ဆော့ပင်နဲ့ လက်မှာ တစ်ခုခုရေးပြီးတော့ ရုံးထွက်ရင်းနဲ့ (ထောင်ပြင်ပက ပြည်သူတွေသိအောင်) တင်မယ်ပေါ့။ အဲလိုဆိုပြီးတော့ လုပ်တာ သိသွားတယ်။ ၁၂ ယောက်လောက် တိုက်ပိတ်ခံလိုက်ရတယ် သပြေဆောင်က” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ထိုရှေ့နေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရုံးပိတ်ရက်ဖြစ်သဖြင့် မွေးနေ့အကြိုလုပ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးအရအကျဉ်းကျနေသူများက တရားရုံးထွက်ချိန်တွင် “ရုံးထွက်” ဆိုသော စာသားရေးကာ လှုပ်ရှားမှုပြုလုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

ခေတ်အဆက်ဆက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း ကျိုးပဲ့သည်အထိ ညှဉ်းပန်းနှိပ်စက်ခံထားရကြောင်း အခြားရှေ့နေအချို့ထံမှ သိရသည်။

လက်ရှိတွင် အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများမှာ တရားရုံး ရုံးထွက်ပိတ်ခြင်းနှင့် ထောင်ဝင်စာ ပါဆယ်ဖြတ်တောက်ခံထားရသည်ဟုလည်း ရှေ့နေတို့က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားသေဒဏ်ချခံထားရသူနှစ်ဦးကို ကြိုးပေးကွပ်မျက်မည့်အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြသူ နိုင်ငံရေးအကျဉ်းသားများလည်း ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရကာ တိုက်ပိတ်ခံထားရသည်ဟု သိရသည်။ 

“ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို ကွပ်မျက်မယ်ဆိုတာကြောင့် သူတို့ (နိုင်ငံရေးအကျဉ်းသားတွေ) က အစာငတ်ခံ ဆန္ဒပြတာ” ဟု အင်းစိန်ထောင်ကို အဝင်အထွက်သူ ရှေ့နေတစ်ဦးက ပြောသည်။

သပြေဆောင် ၁ နှင့် ၂ တွင် ဆန္ဒပြမှုဖြစ်ပွားကာ လေးရက်မြောက်နေ့ဖြစ်သော ဇွန် ၉ တွင် ရဲမြင့်ဦးနှင့် ထွန်းဝင်းထိုက်ဆိုသူ ထောင်အရာရှိနှစ်ဦးကိုယ်တိုင် အကျဉ်းသားများကို ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“ညနေပိုင်း ထုတ်ရိုက်တာ တစ်ယောက်က လက်ကျိုးသွားတာ ဒဏ်ရာတော်တော်ရတယ်။ နောက်တစ်ယောက်က ခါးကုန်းသွားတယ်။ နောက်တစ်ယောက်က နားရွက်ထိသွားတယ်” ဟု ရှေ့နေတစ်ဦးက ပြောသည်။ 

ဆန္ဒပြရာတွင် ပူးပေါင်းပါဝင်သည်ဟု စွပ်စွဲခံရသူများကို အဆောင်ခွဲထားခြင်း၊ မိလ္လာပိုက်များဆေးခိုင်းခြင်း၊ ဆန်အိတ်သယ်ခိုင်းခြင်း၊ ရေပုံးများ ထမ်းခိုင်းခြင်းစသည့် အလုပ်ကြမ်းများကို လုပ်ဆောင်စေကြောင်းလည်း သိရသည်။ 

ပြင်ပရှိ တော်လှန်ရေးအင်အားစုများက ထောင်ကို တိုက်ခိုက်မည်ဟု သတင်းရသည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အကြီးအကျယ်ဖိနှိပ်ရန် ထောင်အာဏာပိုင်များက ကြုံးဝါးထားသည်ဟု ဆိုသည်။

“သူတို့ (ထောင်အာဏာပိုင်) ပြောတဲ့အတိုင်း လိုက်နာမှုမရှိရင် တုတ်၊ ဓား၊ လှံစွပ် စတဲ့လက်နက်တွေနဲ့ သူတို့ ခုခံပိုင်ခွင့်ရှိတယ်၊ ရိုက်နှက်ပိုင်ခွင့်ရှိတယ်။ အဲဒါအတွက်ကြောင့်မို့လို့ မင်းတို့ လုပ်ချင်တာလုပ်၊ ငါတို့က A4 တစ်ရွက်ပဲ ကုန်မယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူ ထိုရှေ့နေက ပြောသည်။

အမျိုးသမီးရှေ့နေတစ်ဦးကလည်း “အပြင်က တစ်ခုခုလုပ်တာနဲ့ သူတို့ကို ပစ်သတ်ချင်လည်း ပစ်သတ်မယ်၊ ရိုက်သတ်ချင်လည်း ရိုက်သတ်မယ်၊ ထုသတ်ချင်လည်း ထုသတ်မယ်လို့ ပြောတယ်။ အခု အကျဉ်းဦးစီးက အထဲမှာ လောက်လေးဂွတွေ ကိုင်ထားတယ်လို့ ကြားတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အင်းစိန်ထောင်အတွင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးသည့်နည်းတူ ယခုနှစ် မတ်လတွင် စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်၊ ယခုလအတွင်း မန္တလေး အိုးဘိုထောင်နှင့် ကရင်ပြည်နယ် ဘားအံထောင်တို့တွင် ဆူပူမှုဖြစ်ကာ ထောင်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းသည့်အတွက် လူသေဆုံးမှုရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ယခုလ ၁၅ ရက်အထိ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ တစ်သောင်းကျော်ရှိသည့်အနက် ထောင်ဒဏ်ချခံထားရသူ တစ်ထောင်ကျော်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button