သတင်း

မွန်၊ ကရင်နှင့် ပဲခူးအရှေ့ခြမ်းရှိ စစ်ကောင်စီစခန်းများကို KNU တိုက်ခိုက်

ယမန်နေ့ညပိုင်းနှင့် ယနေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင် မွန်၊ ကရင်နှင့် ပဲခူးတိုင်းအရှေ့ခြမ်းရှိ စစ်ကောင်စီစခန်းများကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ စခန်းမှူးအပါအဝင် ရဲသုံးဦး အဖမ်းခံရကာ စစ်သားသုံးဦး သေဆုံးသည်ဟု သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ ဝေါလေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားများကာကွယ်ရေးတပ် (KNDO) နှင့် ထိုဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။ 

စခန်းမှူးအပါအဝင် ရဲသုံးဦးကို အရှင်ဖမ်းမိသည့်နည်းတူ အချုပ်ခန်းရှိ CDM ရဲသုံးဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ရဲစခန်းကို တိုက်ခိုက်ပြီးနောက် ပူးပေါင်းတပ်ဖွဲ့များ ပြန်ဆုတ်ခဲ့ကြောင်း KNU တာဝန်ရှိသူကို ကိုးကား၍ ကရင်သတင်းစဉ် (KIC) က ရေးသားသည်။​

အာဏာသိမ်းမှု ဆန့်ကျင်သူများကို အကာအကွယ်ပေးထားသည်ဆိုကာ KNU ထိန်းချုပ်ရာနယ်မြေများကို စစ်တပ်က အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်စခန်းများ မကြာခဏ သိမ်းပိုက်ခံနေရသည်။ 

မြဝတီမြို့တောင်ဘက် ထိုင်း-မြန်မာနယ်စပ်ရှိ သေ့ဘောဘိုးရှေ့တန်းစခန်းနှင့် မော်ခီးစခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့များက မေလလယ်ပိုင်းနှင့် မတ်လနှောင်းပိုင်းတွင် သိမ်းပိုက်ခဲ့သည်။ 

လတ်တလောတွင် KNU ထိန်းချုပ်နယ်မြေများတွင် ထိုးစစ်တိုက်ခိုက်ခြင်း မရှိသော်လည်း အာဏာသိမ်းမှုကို လက်မခံသော KNU နှင့် စစ်ကောင်စီကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ ကြိုးကြားတိုက်ပွဲများရှိနေသည်။

KNU တပ်မဟာ (၂) နယ်မြေဖြစ်သော ပဲခူးတိုင်းအရှေ့ခြမ်း ထန်းတစ်ပင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုကို ယမန်နေ့ညပိုင်းတွင် KNLA ပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်သည်ဟု သိရသည်။ 

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ အမှတ် ၇၃ ခြေလျင်တပ်ရင်း (ခလရ ၇၃) ကို သတိပေးသည့်အနေဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၂ ၏ စစ်ရေးတာဝန်ခံ ဗိုလ်ချုပ်စောဒဲဖိုးက Myanmar Now ကို ယနေ့ပြောသည်။

ခလရ ၇၃ သည် ညောင်လေးပင်နှင့် ဖာပွန်ခရိုင်အတွင်းရှိ ၎င်းတို့၏ တပ်မဟာနယ်မြေများတွင် လှုပ်ရှားနေသော တပ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။​

“မြန်မာတစ်နိုင်ငံလုံးက စစ်ကောင်စီကို မထောက်ခံကြဘူးလေ။ စစ်ရေးစစ်ရာဘက်က အခု ကျွန်တော်တို့နယ်မြေထဲမှာ ရောက်နေတဲ့ တပ်တွေက သူတို့တပ်ရင်းတွေထဲမှာပဲ ပြန်နေစေချင်တယ်။ အဲဒါကြောင့် သွားပြီး သတိပေးတာ” ဟု ဗိုလ်ချုပ်စောဒဲဖိုးက ပြောသည်။

တစ်နာရီပါးခန့် အပြန်အလှန်ပစ်ခတ်ခဲ့သော်လည်း နှစ်ဖက်ထိခိုက် သေဆုံးမှု ရှိမရှိကိုမူ မသိရပေ။ 

ပြီးခဲ့သည့် မေလဆန်းပိုင်းက ခလရ ၇၃ ကို KNLA ပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးခဲ့သည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်စခန်းချရာ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို ဇွန် ၁၂ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ယမန်နေ့ ညပိုင်းကပင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်း ရန်ကုန် – မော်လမြိုင်လမ်းမပေါ်ရှိ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့သည်။

ကျိုက်ထို့မြို့မှ ၁၅ မိုင်ကျော်အကွာရှိ ထိုဂိတ်စခန်းကို ၄၄ မမဖြင့် ပစ်ခတ်ပြီးနောက် ပြန်ဆုတ်လာခဲ့ကြောင်း၊ စစ်သားသုံးဦးသေဆုံးကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြီးသွားတော့ သူတို့ဟာသူတို့ ၁၅ မိနစ် မိနစ် ၂၀ လောက် သူတို့ တောက်လျှောက်ပစ်နေတာပဲ။ လာသမျှ ကားတွေအကုန်လုံးကို တားစစ်တာတို့ဘာတို့ အဲဒီလိုမျိုးတွေရှိတာပေါ့နော်” ဟု ၎င်းက ဆိုသည်။

မုပ္ပလင်လမ်းဆုံဂိတ်တွင် စစ်သားများ စခန်းချနေသည်မှာ တစ်နှစ်ခန့် ရှိနေပြီဖြစ်ကာ KNU ပူးပေါင်းတပ်များက မကြာခဏ သွားရောက်တိုက်ခိုက်သည်မှာ ၁၀ ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။​

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်က ဖိတ်ခေါ်ပြီးနောက် နေပြည်တော်သွားရောက်သည့် အဖွဲ့များရှိသော်လည်း KNU ကမူ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button