အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောက်တော်မြို့ပေါ်တွင် လက်နက်ကိုင် စစ်သား ၂ ဦးကို AA ဖမ်းဆီးဟုဆို

ယနေ့ (ဇွန် ၁၁) တွင် ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့ပေါ်ရှိ ယူနီဖောင်းဝတ် တပ်သား ၂ ဦးကို ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။

မြို့အဝင် မီးရထားဘူတာတွင် စခန်းချထားသည့် တပ်မှ ဖြစ်ပြီး ဘူတာမှ မလှမ်းမကမ်းရှိ မြို့တွင်းသို့ ယူနီဖောင်း၊ လက်နက်များဖြင့် ရောက်ရှိလာစဉ် အရပ်ဝတ်ဝတ်ထားသည့် AA တပ်ဖွဲ့ဝင်များဟု ယူဆရသူများက ဖမ်းဆီးသွားသည်ကို တွေ့ရသည်ဟု မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“တည်းခိုခန်းမှာ တစ်ယောက်၊ စျေးမှာ တစ်ယောက်၊ နှစ်ယောက် အဖမ်းခံရတာပါ။ သူတို့က ဘူတာမှာ နေကြတာ” ဟု ထိုသူက ဆိုသည်။

ကျောက်တော်မြို့နှင့် အနီးဝန်းကျင်တွင် AA က နယ်မြေစိုးမိုးထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မွန်းလွဲပိုင်းတွင် စစ်သားများ စစ်ထရပ်ကား နှစ်စီးဖြင့် ရောက်လာပြီး အဖမ်းခံရသူတို့ကို လိုက်လံရှာဖွေနေသည်ဟု အထက်ပါ မြို့ခံက ဆက်ပြောသည်။

“အခု ကျောက်တော်မြို့ပေါ်မှာ ပြိုနေပြီ၊ လိုက်ရှာနေကြတာ။ လက်နက်တွေအပြည့်နဲ့ လူအင်အား ၅၀၊ ၆၀ လောက် ရှိတယ်” ဟု အထက်ပါမြို့ခံအမျိုးသားက မွန်းလွဲပိုင်းက ပြောသည်။

ယနေ့ ထူးခြားသည့် ဖြစ်ရပ်ကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် ပြဿနာများကို ရှောင်ရှားနိုင်ရန် နေ့လယ်ကတည်းက ဈေးဆိုင်များ ပိတ်သွားကြပြီး မြို့ပေါ်တွင် လူအသွားအလာ နည်းနေကြောင်း ၎င်းထံမှ သိရသည်။ 

သတိပေးသည့်အနေဖြင့် AA က ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု မြို့ခံအမျိုးသားနောက်တစ်ဦးက မှတ်ချက်ပြုသည်။

“အခုလိုလုပ်တာ အဘက်ဘက်ကလည်း ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကို အနိုင်ကျင့် ‌ခြိမ်းခြောက်မှုတွေ များနေကြတာတွေကို တပ်တော်ဘက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြစ်အောင်လို့ သတိပေးတဲ့အနေနဲ့ လုပ်တာ ထင်တယ်” ဟု သူက ပြောသည်။

ကျောက်တော်မြို့နှင့် အနီးဝန်းကျင်တွင် ယူနီဖောင်းဝတ်စစ်သားများ ၁၀ ဦးထက်မက သွားလာလှုပ်ရှားမှုများ ရှိနေသည်ဟု ၎င်းက ဆိုသည်။ 

“ကျွန်တော်တို့အမြင်က (စစ်သားတွေ) အများကြီးဖမ်းလို့ရနေလျက်နဲ့ အများကြီးမဖမ်းဆိုတော့ ဒီဟာက သတိပေးတဲ့ သဘောမျိုးလို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။ 

AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ဆိုသည့်အပေါ် AA ထံမှ တုံ့ပြန်ချက်မရသေးသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မရသေးပေ။

လက်ရှိတွင် ထိုနှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေပြီး အပြန်အလှန် သတိပေး စောင့်ကြည့်နေကြသည်။ လက်နက်ကိုင် ပြန်ခုခံသူအများအပြားကို ဒေသအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်က ရခိုင်ဒေသအတွင်း စစ်အင်အားတိုးချဲ့နေသည်။ 

စစ်ရှောင်ဦးရေ ၃၀၀၀ ကျော် ခိုလှုံနေသည့် မီးရထားဘူတာစစ်ဘေးရှောင်စခန်းအနီး ရထားဝန်ထမ်းများ နေထိုင်သည့် အဆောက်အအုံတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခု လာရောက်တပ်စွဲနေသည်မှာ သုံးလခန့် ကြာမြင့်နေပြီဟုလည်း မြို့ခံများက ပြောသည်။

တပ်စွဲထားသည့် နေရာအနီး စစ်ရှောင်များကို စစ်ဆေးမေးမြန်းတတ်သလို ကား၊ ဆိုင်ကယ်များကိုလည်း မကြာခဏ စစ်ဆေးမေးမြန်းနေသည်ဟု ဆိုကြသည်။

“အဲဒီရထားဘူတာစစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေ အဲဒီရှေ့က သွားရင် ခြိမ်းခြောက် ဖမ်းဖို့လုပ်တာတွေ ကျွန်တော်တို့ကိုယ်တိုင် အမြဲမြင်နေရတာ။ တခြားနေရာတွေမှာလည်း ရှိတယ်” ဟု ထိုမြို့ခံနောက်တစ်ဦးက ဆက်ပြောသည်။

ကျောက်တော်မြို့နယ်မှ အဆိုပါ မီးရထားဘူတာစစ်ဘေးရှောင်ခန်းတွင် တင်းမကြီး၊ တင်းမသစ်၊ မာလာ၊ မုန့်သန်းပြင်၊ မျောက်တောင် စသည့်ကျေးရွာများမှ စစ်ဘေးသင့်ဒုက္ခသည်အများအပြား ခိုလှုံလျက်ရှိနေပြီး ၎င်းတို့မှာ ယခင်နှစ်များက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများ ဖြစ်သည်။ 

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button