သတင်း

စစ်တပ်က ရွာကို မီးရှို့စဉ် အိမ်တွင် ပိတ်မိနေသော အမျိုးသမီးတစ်ဦး သေဆုံး 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ယမန်နေ့ (ဇွန် ၉) ၌ စစ်တပ်က ရွာကို ဝင်ရောက်မီးရှို့စဉ် မပြေးနိုင်ဘဲ ကျန်နေခဲ့သော အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။

ရေစကြိုမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ သဲတောရွာကို ယမန်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ထရပ်ကားများဖြင့် အင်အား ၅၀ ခန့်ပါ စစ်တပ်က ဝင်ရောက်မီးရှို့ခြင်းဖြစ်ကာ မီးလောင်သေဆုံးသူမှာ ဒေါ်အေးဆိုသူဖြစ်ကြောင်း သိရသည်။

စစ်တပ်က လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်ကာ ရွာအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု ရေစကြိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့နောက် နံနက် ၁၁ နာရီဝန်းကျင်မှစ၍ နှစ်နေရာခွဲ မီးရှို့ရာ အိမ်ခြေ ၂၇ လုံး ပျက်စီးပြီး အိမ်တစ်လုံးတွင် ပိတ်မိနေသည့် ဒေါ်အေး မီးထဲပါသွားကြောင်း၊ ၎င်းမှာ မသန်စွမ်းတစ်ဦးဖြစ်ကြောင်းလည်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အသက် ၅၀ အရွယ် ထိုအမျိုးသားက ပြောသည်။

“မပြေးနိုင်မလွှားနိုင်နဲ့ ကျန်းမာရေးမကောင်းတဲ့သူပေါ့။ မီးလောင် သေဆုံးသွားတာ။ (စစ်တပ်) ဆိုင်ကယ်တွေ ပစ္စည်းတွေ အကုန်ကားနဲ့ တိုက်ပြီး သယ်သွားတယ်”

သေဆုံးသွားသည့် ဒေါ်အေး၏ မိသားစုဝင်များ၊ ထိုနေ့ ညနေ ၄ နာရီခန့် စစ်ကြောင်းပြန်ထွက်သွားချိန်တွင် ရွာသို့ ပြန်လည်ဝင်ပြီးသည့် ဒေသခံတို့နှင့် အဆက်အသွယ်မရသေးသဖြင့် နောက်ဆက်တွဲနှင့် အသေးစိတ်အခြေအနေများကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်ဖွဲ့က မီးမရှို့မီ နေအိမ်များကို မွှေနှောက်ရာဖွေကာ အလိုရှိရာ ယူသွားကြောင်း၊ ဆိုင်ကယ် အစီး ၃၀ ကျော်၊ ထော်လာဂျီနှင့် သုံးဘီးဆိုင်ကယ်တို့ပါ သယ်သွားကြောင်း သိရသည်။

“သူတို့က ရွာဝင်ခါနီး လက်နက်ကြီးတွေနဲ့ ထုသေးတာ။ မနက် စောစောစီးစီးဆိုတော့ အသံတွေ ကြားတော့ ရွာထဲက လူတွေ အကုန်ထွက်ပြေးရတာ။ အကုန်လုံး ကိုယ်လွတ်ပြေးရတာ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးကြရတာ” ဟု အထက်ပါ ရေစကြိုမြို့ခံက ပြောသည်။

“မီးလောင်တဲ့ အိမ်တွေဆိုရင် ဘာမှမရကြဘူး။ ရောက်တဲ့နေရာကနေ ရွာကို လှမ်းကြည့်ပြီး ငိုယိုနေကြရတာ” ဟု ၎င်းက ဆက်ပြောသည်။

သဲတောရွာအနီးတွင် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီသတင်းပေး (ဒလန်) များ၏ လက်ချက်ကြောင့် ဝင်ရောက်စီးနင်းခြင်းဖြစ်မည်ဟု ဒေသခံတို့က ယူဆထားကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်စီးနင်းချိန်အတွင်း အသက် ၃၅ နှစ်အရွယ် ရွာခံအမျိုးသားတစ်ဦး ဖမ်းဆီးခံရကာ ယနေ့အထိ အဆက်အသွယ်ပြတ်တောက်နေသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော ဒေသခံတို့က ဆိုသည်။ အသေးစိတ်ကိုမူ မသိရသေးပေ။

သဲတောရွာမှ စစ်ကောင်စီတပ်ဖွဲ့များ ပြန်ထွက်သွားချိန် ယမန်နေ့ ညနေ ၄ နာရီဝန်းကျင် နောက်ပိုင်းမှသာ ရွာသို့ ပြန်ဝင်နိုင်ခဲ့ပြီး စစ်တပ်ရှို့သည့် မီးကို ၅ နာရီကျော်မှ ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ 

စစ်ကိုင်းတိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ရေစကြိုမြို့နယ်တွင် ကျေးရွာပေါင်း ၂၄၅ ရွာရှိသည်။ ယင်းတို့အနက် ရွာသုံးရွာနှင့် မြို့ပေါ် ရပ်ကွက်အချို့မှအပ ကျန်နေရာများတွင် အာဏာသိမ်းပြီးချိန်မှ တစ်နှစ်ကျော်ကြာမြင့်လာသည့်တိုင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိဟု ၎င်းတို့က ဆိုသည်။

“ရေစကြိုမှာတော့ ဥပဒေစိုးမိုးမှု လုံးဝမဲ့နေတာပဲ။ သူတို့မှာရှိတဲ့ (စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားအဖွဲ့) ပျူစောထီးအင်အား ၈၀၊ ၉၀ လောက်နဲ့ တပ်ကလူတွေပေါင်းပြီး သတင်းရတဲ့နေရာကို ပစ္စည်းခိုးတာတွေ၊ မီးရှို့တာတွေလုပ်တာ” ဟု အထက်ပါ မြို့ခံက ပြောသည်။

“နယ်မြေတစ်ခုလုံးအနေအထားကတော့ ကျောင်းလည်း မဖွင့်နိုင်ဘူး။ အုပ်ချုပ်ရေးမှူးလည်း မရှိဘူး။ သူတို့ယန္တရားက လုံးဝကို ပျက်စီးနေပြီးတော့ လွှမ်းမိုးအုပ်ချုပ်နိုင်တဲ့အနေအထားကို လုံးဝမရှိတာ” ဟု ၎င်းက ဆက်ပြောသည်။

ရေစကြိုမြို့နယ်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့များအားကောင်းရာ ရွာပေါင်း ၄၀ ကျော်ပါဝင်သည့် ရေလယ်ကျွန်းဒေသကိုလည်း စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးလျက်ရှိပြီး မေလအတွင်းက ရွာ ၁၆ ရွာမှ အိမ် ၁၆၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက အတည်ပြုထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်တပ်လက်ချက်ဖြင့် နိုင်ငံအနှံ့ မီးလောင်ဆုံးရှုံးသည့် နေအိမ်ပေါင်း ၂၀,၀၀၀ နီးပါး ရှိလာကာ ၁၆,၀၀၀ ကျော်မှာ စစ်ကိုင်းနှင့် မကွေးမှ ဖြစ်သည်ဟု အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar က ဧပြီ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မီးလောင်ပျက်စီးမှုစာရင်း။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button