
(ရန်ကုန်) – တအာင်း/ပလောင် လက်နက်ကိုင်တပ်ဖွဲ့ TNLA က နှစ်လနီးပါးကြာ ဖမ်းဆီးထားသည့် နန်းမိုဟွမ်အား မကြာမီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည်ဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေးကော်မတီ(FPNCC)ညှိနှိုင်းရေး အရာရှိက ပြောသည်။
“မကြာပါဘူး။ ဒီရက်ပိုင်းမှာ လွှတ်ပေးမှာပါ။ သူ့လုံခြုံမှုအရ အတိအကျရက်တော့ မပြောနိုင်ဘူး။ လမ်းခရီးမှာ လုံခြုံဖို့ပါ စဉ်းစားထားရလို့ပါ” ဟု တိုင်းရင်းသားလက်နက်ကိုင်များ စုဖွဲ့ထားသည့် FPNCCမှ ညှိုနှိုင်းရေးအရာရှိ ဦးအားမင် က ယနေ့(၁၀ အောက်တိုဘာ)တွင် Myanmar Now ကို အတည်ပြုပြောကြားသည်။
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်ရှိ ကုန်မာဆိုင်ရှင် နန်းမိုဟွမ်သည် TNLA က“အခွန်” ဟု သတ်မှတ် သည့် ဆက်ကြေးကောက်ခံမှုကို အစိုးရထံ တိုင်ကြားခဲ့ကြောင်း TNLA က စွပ်စွဲပြီး ဩဂုတ်လ ၁၇ ရက်တွင် နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သူ့အား TNLA၏အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရားနှောင့်ယှက်ခဲ့သဖြင့်ဟု ဆိုကာ TNLA၏ သီးခြားဥပဒေ ရာဇသတ်ကြီးပုဒ်မ(၃၃၃)ဖြင့် တရားစွဲဆို ခံခဲ့ရပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထောင်ဒဏ်၃နှစ် ချမှတ်ခံခဲ့ရသည်။
ထိုသို့ဖမ်းဆီးသွားရာ နှစ်လနီးပါးကြာမြင့်ပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ ကြားဝင်ညှိုနှိုင်း ဆောင်ရွက်ပေးမည်ဟု FPNCCက မိသားစုနှင့် ၎င်းအား ပြန်လည်လွတ်မြောက်ရေး ကူညီနေသည့် အဖွဲ့အစည်းများထံသို့ အောက်တိုဘာ ၄ရက် က အကြောင်းကြားခဲ့သည်။
FPNCC၏ စီစဉ်ပေးမှုအရ “ဝ” ဒေသ၊ ပန်ခမ်းမြို့တွင် နန်းမိုဟွမ်၏ မိသားစုဝင်၊ နမ့်ခမ်းမြို့နယ် လူမှုကူညီရေးအသင်းမှ ကိုယ်စားလှယ် လေးဦးနှင့် TNLAတို့ သည် အောက်တိုဘာလ ၉ရက်တွင် တိုက်ရိုက်ဆွေးနွေးခဲ့ ကြပြီး FPNCC နှင့် ရှမ်းလူမှုအဖွဲ့အစည်း၁၀ဖွဲ့မှ နန်းမိုဟွမ် လွတ်မြောက်ရေးကိစ္စနှင့် ပတ်သက်၍ ပူးတွဲကြေညာ ချက်တစ်ခုကို ယနေ့ (အောက်တိုဘာ ၁၀ရက်) တွင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်ထဲ၌ နန်းမိုဟွမ်ကို စစ်ဆေးရာ ပြစ်မှုပေါ်ပေါက်သဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရပြီး၊ လာရောက်ဆွေးနွေးသည့် ကိုယ်စားလှယ်အဖွဲ့က ချမှတ်ထားသည့် ပြစ်ဒဏ်အပေါ် လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးရန် မေတ္တာရပ်ခံခဲ့သောကြောင့် TNLAအနေဖြင့် ကာလကြာရှည်စွာ အတူတကွနေထိုင်လာခဲ့သော တိုင်းရင်းသားများ ချစ်ကြည်ရင်းနှီး ဆက်ဆံမႈကိုရှေးရှု၍ အမြန်ဆုံးလွှတ်ပေးရန် သဘောတူခဲ့သည်ဟု ဖော်ပြ ထားသည်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့်စည်းလုံးရေး ကော်မတီ (PSC) ၊”ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ပါဝင်သည်။