အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သော ဆရာဆရာမများအနက် စစ်ကောင်စီလက်အောက်တွင် အလုပ်ပြန်ဝင်နေသူ ၅၀ ကျော်ရှိကြောင်း ယနေ့ (ဇွန် ၁) နေပြည်တော်သတင်းစာရှင်းလင်းပွဲအရ သိရသည်။
အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန် စိုင်းပြင်းနေသော အာဏာသိမ်းစစ်ကောင်စီက တာဝန်မှ ကင်းကွာနေသော ပညာရေးဝန်ထမ်းများဆိုကာ CDM ဆရာဆရာမများကို မေ ၁၆ ရက်ကတည်းက ဖိတ်ခေါ်ထားသော်လည်း ကျောင်းဖွင့်ရန် တစ်ရက်အလိုဖြစ်သော ယနေ့အထိ အလုပ်ပြန်ဝင်သူ ဆယ်ဂဏန်းသာရှိသည်။
အခြေခံပညာကျောင်းများကို မနက်ဖြန် ဇွန် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။
နေပြည်တော်၌ ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် CDM ဆရာ၊ ဆရာမများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်မှုအပေါ် သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် CDM ဝန်ထမ်းများကို စစ်ဆေးပြီးမှ အလုပ်ပြန်ခန့်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူက ဖြေကြားသည်။
“CDM လုပ်ပြီးတော့မှ အယူခံပြန်ဝင်လာတဲ့ ဆရာဆရာမတွေအားလုံးကို စစ်ဆေးပြီး ပြန်လည်ခန့်ထားတာ အခု ၅၀ ကျော်ရှိပါပြီ။ သူတို့အားလုံးကလည်း အေးအေးချမ်းချမ်းနဲ့ သင်ကြားပါတယ်။ လစာဖြတ်တာတို့ ဘာတို့ မရှိပါဘူး” ဟု မည်သူမည်ဝါ မသိရသော ပညာရေးဌာနတာဝန်ရှိသူက ဆိုသည်။
ထို့ပြင် အခြေခံပညာကျောင်းများတွင် ဆရာဆရာမလိုအပ်ချက်ရှိနေသည့်အတွက် သတင်းစာမှနေ၍ ဖိတ်ခေါ်ကာ မွမ်းမံသင်တန်းများပေးလျက် ခန့်ထားနေသည်ဟုလည်း ထိုသူက ပြောသည်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဆရာဆရာမ လေးသိန်းကျော်အထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ဖော်ပြောဆိုဖူးသည်။
စစ်ကောင်စီဖိတ်ခေါ်ချက်သည် ကြီးကြီးမားမား သက်ရောက်မှုမရှိသော်လည်း ဖိအားများကြောင့် ဆန္ဒမရှိဘဲ အလုပ်ပြန်ဝင်နေရသူများလည်းရှိကြောင်း Yangon Federal School တာဝန်ခံက ပြောသည်။
“တချို့မြို့နယ်တွေမှာဆို သင်ကြားရေး ဆရာ၊ ဆရာမ မရှိလို့ဆိုပြီး CDM ဆရာ၊ ဆရာမတွေကို ဖိအားပေးတာတွေ အခြားသော အကြောင်းပြချက်တွေနဲ့ CDM ဆရာ၊ ဆရာမ တစ်ယောက်နှစ်ယောက်ရဲ့ အိမ်တွေကို ရှာဖွေတာ ဖမ်းဆီးတာတွေ သူတို့ လုပ်ပြတယ်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် လုပ်ငန်းခွင်ပြန်ဝင်နေသူ ဆရာ၊ဆရာမများလည်းရှိသည်ဟု စစ်ကောင်စီလက်အောက်တွင် ပညာမသင်လိုသူများကို အွန်လိုင်းစနစ်ဖြင့် သင်ကြားပေးနေသည့် ထိုကျောင်းတာဝန်ခံက ပြောသည်။
Yangon Federal School သည်လည်း ကျောင်းလျှောက်လွှာများ ယနေ့ စတင်လက်ခံခဲ့ရာ ကျောင်းအပ်သူ ၄၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီကလည်း အလုပ်ပြန်ဝင်ရန် သတင်းပို့ဆက်သွယ်လာသည့် ဆရာ၊ ဆရာမ ၂၄၈၂ ဦးရှိသည်ဟု နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ယနေ့ ထုတ်ပြန်သည်။
သို့သော် CDM ဆရာဆရာမများ လုပ်ငန်းခွင်ပြန်ဝင်ရေး နောက်ဆုံးထား သတင်းပို့ရမည့်ရက်ကို မေလ ၃၁ ရက်အစား ဇွန် ၇ ရက်အထိ တိုးမြှင့်ကြောင်းလည်း ကြေညာထားရသည်။
ပြီးခဲ့သည့်နှစ်တွင် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
ကျောင်းသားကျောင်းသူ ၁၀ သန်းနီးပါး ကျောင်းတက်နိုင်သည်ဟု ခန့်မှန်းသော်လည်း တကယ်တမ်း ကျောင်းဖွင့်ရန် စာရင်းကောက်ယူချိန်တွင် လေးသန်းကျော် ပျက်ကွက်နေကြောင်း ယခုနှစ် ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းခေါင်းဆောင်က ထုတ်ဖော်ပြောဆိုဖူးသည်။
ပေါက်ကြားလာသော ဝန်ကြီးချုပ်များနှင့် တွေ့ဆုံပွဲအစည်းအဝေးမှတ်တမ်းအရ ကျောင်းမတက်သည့် အကြောင်းရင်းများတွင် နိုင်ငံရေးမတည်ငြိမ်ခြင်းနှင့် ပညာရေးဝန်ထမ်းများ မရှိခြင်းလည်း ပါဝင်သည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုသည်။
ယခုနှစ်တွင်လည်း ဆန့်ကျင်တော်လှန်သူများက စစ်ကောင်စီ၏ ပညာရေးစနစ်ကို သပိတ်မှောက်ရန်၊ ကျောင်းတက်ခြင်းမပြုရန် နှိုးဆော်တိုက်တွန်းမှုများရှိသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်နှံသူ ၅ သန်းကျော်ရှိသည်ဟု ယနေ့ပြောသည်။ မေ ၂၆ မှ ဇွန် ၁ အထိကို ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NUG ၏ ပညာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်နေသော ကြားကာလပညာရေးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ပေးနေသော CDM ပညာရေးဝန်ထမ်းများလည်း ရှိသည်။ အရေအတွက် အတိအကျကိုမူ မသိရပေ။
ကြားကာလပညာရေးအစီအစဉ်အရ အွန်လိုင်းမှ သင်ကြားမှုများရှိသကဲ့သို့ တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့နှင့် ကယားပြည်နယ် စစ်ဘေးရှောင်စခန်းအချို့၌ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ကျောင်းများဖွင့်လှစ် သင်ကြားပေးခြင်းများရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)