ကုလသမဂ္ဂ (UN) ၏ အစီအစဉ်ဖြင့် ထောက်ပံ့နေမှုများ ထိရောက်မှုမရှိသည့်အတွက် ရိက္ခာပြတ်လပ်တော့မည့် ကရင်နီ (ကယား) စစ်ပြေးဒုက္ခသည်များထံ အမှန်တကယ်မရောက်ရှိကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) နှင့် ဒေသခံတချို့က ဆိုသည်။
အာဆီယံနှင့် UN တို့၏ အစီအစဉ်အရ စစ်ကောင်စီထံမှတစ်ဆင့် ဧပြီမှစ၍ ကရင်နီစစ်ပြေးဒုက္ခသည်များကို ထောက်ပံ့နေခြင်း ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပေးသည့် ထောက်ပံ့ဆန်များကို အိမ်ထောင်စုစာရင်းဖြင့် ထုတ်ယူရခြင်းဖြစ်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတချို့မှာ ထိုစာရင်းမရှိသောကြောင့် ထုတ်ယူခွင့် မရရှိကြောင်း၊ ထောက်ပံ့သည့်ဆန်များ မှောင်ခိုဈေးကွက်ဖြစ်ပေါ်နေကြောင်း သိရသည်။
ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် အိမ်ထောင်စုအလိုက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းအမယ် ၁၀ ကျော်ကို ထောက်ပံ့ရာ တစ်ဦးလျှင် ဆန် ၇ ပြည်နှုန်း ဆီ၊ ပဲစဉ်းငုံ၊ ဆားတို့ကို အိမ်ထောင်စုအလိုက် ထောက်ပံ့ကြောင်း၊ မေ ၁၂ တွင် သွား ရောက်ထုတ်ယူခဲ့ကြောင်း လွိုင်ကော်မြို့ လောဓမ္မရပ်ကွက် အုပ်စု (၈) တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“သွားထုတ်ပြီး သိပ်မကြာခင်မှာ အဝယ်တော်တွေ ရောက်လာတယ်။ ဆန်ကို ဘယ်ဈေးပေးမယ်။ ပဲကို ဘယ်ဈေးပေးမယ်။ ဈေးကွက်စီးပွားရေးတော်ချက်။ အိမ်တိုင်းထိ လိုက်ဝယ်တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါပွဲစားများက ဆန်တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ပဲတစ်ပိဿာလျှင် ၈၅၀ ကျပ်ပေး၍ ဝယ်ယူကြပြီး ၎င်းက မရောင်းခဲ့ဘဲ လိုအပ်သူများကိုသာ ပြန်ဝေခဲ့သည်ဟု ပြောသည်။
ရိက္ခာထုတ်ယူရာတွင် အိမ်ထောင်စုစာရင်း မိတ္တူနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထုတ်ပေးသည့် တိုကင်စာရွက်ဖြင့် သွားထုတ်ရကြောင်း ၎င်းက ဆက်ပြောသည်။
ဧပြီလအတွင်းမှစ၍ ယနေ့အချိန်အထိ ကယားပြည်နယ် လွိုင်ကော်တွင်လည်းကောင်း၊ မေလမှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယ၊ တောင်ကြီးမြို့နယ်တို့တွင်လည်းကောင်း ထောက်ပံ့နေခြင်း ဖြစ်သည်။
မေ ၂၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ရှိ ဆန်ဆိုင်တစ်ဆိုင်တွင် WFP ဆန်အိတ်များ တင်ရောင်းနေပြီး တစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲဖြင့် ဝယ်ယူကာ စစ်ရှောင်များထံ တစ်ဆင့်ပြန်လည်ပေးပို့ခဲ့ရသည်ဟု ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်ထံမှ သိရသည်။
“ကိုယ့်မှာ စားစရာမရှိတဲ့အချိန်မှာ အခြားနေရာမှာ ရောင်းစရာရှိတယ်ဆိုတဲ့ပုံစံမျိုးက ကျွန်တော်တို့ရဲ့ IDP အချင်းချင်းကြားမှာလည်း အထင်အမြင်လွဲမှားမှုတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံနေရတဲ့ အသင်းအဖွဲ့တွေအတွက်လည်း မျက်နှာပျက်စရာ မျက်နှာပူစရာတွေဖြစ်တာပေါ့” ဟု KSCC ၏ Humanitarian Focal Person ဖြစ်သူ ဦးဗညားက မှတ်ချက်ပြုသည်။
ကရင်နီဒေသတွင် ၇ မြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တို့ရှိသည့်အနက် မြို့ပေါ်တွင်သာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး နေရာအများစုကို ဒေသခံကာကွယ်ရေးတပ်များကသာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
လွိုင်ကော်ကိုသာ အထောက်အပံ့များပေးနေသည့် UN ၏ အစီအစဉ်သည် ၁၀ ရာခိုင်နှုန်းသာ ထိရောက်မှုရှိကြောင်း ၎င်းက ဝေဖန်သည်။
“စစ်ကောင်စီအောက်က သွားရင် စစ်ကောင်စီထိန်းချုပ်တဲ့ လူထောင်ဂဏန်းလောက်ပဲ ရမှာပေါ့။ စစ်ကောင်စီထိန်းချုပ်လို့ရတာ IDP ရှိတာဆိုလို့ လွိုင်ကော်မြို့တစ်မြို့တည်းပဲရှိတာ။ ကျန်တဲ့မြို့တွေလည်း မြို့ပေါ်လောက်ပဲ ထိန်းချုပ်နိုင်တယ်။ နေ့စဉ်နှင့်အမျှ လိုအပ်ချက်ရှိနေတဲ့ တကယ့် IDP လက်ထဲကို ရောက်နိုင်မှာမဟုတ်ဘူး” ဟု ဦးဗညားက ဆိုသည်။
ဇန်နဝါရီလတွင် တိုက်ပွဲဖြစ်ခဲ့သည့် လွိုင်ကော်မြို့၌ ရပ်ကွက် ၁၉ ခုမှ မြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး တိုက်ပွဲ ငြိမ်သက်ပြီးနောက် ယခု တဖြည်းဖြည်း နေရပ်ပြန်လာကြပြီဖြစ်သည်။
လွိုင်ကော်မြို့ နန့်ဘော်ဝမ်ရပ်ကွက်တွင် စစ်ရှောင်နေသည်မှာ တစ်နှစ်ကျော်ကြာရှိနေပြီဖြစ်သည့် ဒီးမော့ဆိုမြို့ခံ အမျိုးသမီးတစ်ဦးက နှစ်ကြိမ် သွားရောက်တန်းစီသော်လည်း အိမ်ထောင်စုစာရင်းမရှိသဖြင့် မရခဲ့ကြောင်း ပြောသည်။
“ကိုယ်ကလည်း လိုအပ်နေတဲ့လူလေ။ ကိုယ့်ရှေ့ကနေ သူများတွေက ယူသွားတယ် ထုတ်သွားတယ်ဆိုတော့ ကိုယ်က မြင်ပြီးတော့ ဝမ်းနည်းပြီးတော့ တကယ်အားငယ်စိတ်ဖြစ်မိတယ်။ ကျွန်မတို့လို ပိုက်ဆံမရှိဘဲ ဆင်းရဲပြီးတော့ ခက်ခဲနေတဲ့လူတွေ၊ သူတို့အတွက်လည်း ကိုယ်ချင်းစာတယ်” ဟု ၎င်းက ဆိုသည်။
၎င်းတို့ မိသားစုဝင် ငါးဦးမှာ နန့်ဘော်ဝမ်ရပ်ကွက်တွင် အိမ်ငှားခ တစ်လ ကျပ် ၅၀၀၀၀ ပေးရပြီး အလုပ်လည်း မရှိသဖြင့် ကြုံရာလုပ်ကိုင်ရင်း ဝမ်းရေးကို ဖြေရှင်းနေကြောင်း ဆက်ပြောသည်။
၎င်းနည်းတူ နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ဒီးမော့ဆိုစစ်ရှောင်အချို့လည်း မရကြကြောင်း ဆိုသည်။
လွိုင်ကော်မြို့တွင် စားနပ်ရိက္ခာ ဝေငှပြီးနောက် အိုးခွက်ပန်းကန်အသုံးအဆောင်များ ဆက်လက်ဝေငှနေကြာင်း၊ ဝေငှရာတွင် WFP အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ကြောင်း လောဓမ္မရပ်ကွက်နေ အမျိုးသားက ပြောသည်။
“WFP ရဲ့ ပေါ်လစီက တစ်ပြည်နယ်လုံးဆီကို ဖြန့်ဝေမဲ့အစီအစဉ်ရှိတာ ကြားသိခဲ့တယ်။ ဒါပေမဲ့ သူတို့လည်း အခက်အခဲ တစ်စုံတစ်ရာရှိလိမ့်မယ်လို့ ယူဆရတယ်။ အမှန်တကယ်လိုအပ်နေတဲ့ ဒေသဆီ မရောက်နိုင်သေးတာတော့ အခက်အခဲတွေရှိနေလို့ပါ။ စကစက ပေးမသွားတာတွေပေါ့” ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေ၊ ပင်းတယနှင့် တောင်ကြီးမြို့နယ်တို့တွင် ကယားပြည်နယ် စစ်ပြေးဒုက္ခသည်များအတွက် WFP က ရိက္ခာများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲကိုယ်တိုင်လိုက်ပါပြီး ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း မေလ ၂၅ ရက်နေ့တွင် UN Myanmar က သတင်းထုတ်ပြန်ထားသည်။
ကရင်နီဒေသတွင် စစ်ပြေးဒုက္ခသည် ၂၀၁၁၁၅ ဦးရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) က မေ ၂၇ က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် မတ်လအတွင်းက KSCC ၏ နယ်မြေကွင်းဆင်းစစ်တမ်းကောက်ယူချက်အရ ကရင်နီဒေသစစ်ရှောင်များအတွက် စားနပ်ရိက္ခာမှာ လာမည့် ဇွန်လကုန်အထိသာ လုံလောက်မည်ဟု KSCC ၏ Humanitarian Focal Person ဖြစ်သူ ဦးဗညားက ဆိုသည်။
စပါးအဓိကစိုက်ပျိုးသည့် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ်တို့ထိစပ်ရာ မြေပြန့်လွင်ပြင်တွင် ယခုနှစ် မိုးရာသီမစိုက်ပျိုးနိုင်တော့ကြောင်း၊ ဇွန်လ စတင်စိုက်ပျိုးလျှင် ဒီဇင်ဘာတွင်မှ ရိတ်သိမ်းနိုင်မည်ဖြစ်သည့်အတွက် ဇူလိုင်မှ နိုဝင်ဘာအထိ ငါးလကြာ စားစရာမရှိသည့်အဖြစ်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီကို စစ်ကောင်စီမှတစ်ဆင့် ပေးမည့် အာဆီယံနှင့် ကုလသမဂ္ဂတို့၏ ဆုံးဖြတ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့က ကန့်ကွက်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)